ဆားမှော်ရွာ လယ်တောတစ်နေရာမှာ အမျိုးသား၂ ဦးသေဆုံးနေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာရဲ့ လယ်တော တစ်နေရာမှာ အမျိုးသား၂ ဦး သေဆုံးလျက်တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၁၅ ရက် ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင် ဦးအင်ခွမ်လရဲ့မြေးဖြစ်သူကျောင်းပိတ်တဲ့အတွက် လယ်တောမှာနေတဲ့ အဖိုးဆီအလည်သွားချိန် လယ်တောတဲထဲမှာ အဖိုးဦးအင်ခွမ်လနဲ့ ကိုငမျိုးတို့ ၂ ဦးသေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
“ဦးအင်ခွမ်လက အထဲမှာထိပြီး အပြင်မှာကိုထွက်သွားတဲ့ပုံစံ ဝရံတာမှာ သေနေတာ။ ဒီကနေ့ဘဲ သွားသင်္ဂြိုလ်လိုက်ပြီ ဘာဖြစ်လို့လဲဆိုတော့ ကြာသပတေးနေ့က ဖြစ်တာဆိုတော့ နံတောင်နံချင်နေပြီ ကျွန်တော်တို့တောင် mask တပ်ပြီး သွားသင်္ဂြိုလ်ရတာ”လို့ ဆား မှော်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
သေဆုံးခဲ့တဲ့ အချိန်ကိုတော့ သေချာအတိအကျ မသိရပေမယ့်ဗုံးသံကြားတဲ့ ကြာသပတေးည ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြတာ ဖြစ်ပါတယ်။
သေဆုံးသွားပြီဖြစ်တဲ့ အသက် ၆၈ နှစ်အရွယ် ဦးအင်ခွမ်လ(Nhkum La)နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကိုငမျိုးတို့ဟာ ပြီးခဲ့တဲ့ အပတ်ကနေ ဆားမှော်ကျေးရွာ အရှေ့ဘက် ၃မိုင်ဝန်းကျင်သာဝေးတဲ့ (Sutnyen Pa) ဆွတ်ညဥ်ပါ ဆိုတဲ့နေရာမှာ နွားကျောင်းရင်းနေနေကြတာ ဖြစ်ပါတယ်။
ဦးအင်ခွမ်လကတော့ နဖူး၊ ဂျိုင်းအောက်ပိုင်း၊ ဗိုက်နဲ့ ဘယ်ဘက်ခြေထောက်စတဲ့နေရာတွေမှာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးထားပြီး ကိုငမျိုးကိုရဲ့ ရုပ်အလောင်းကိုတော့ သူ့ရဲ့မိသားစုဝင်တွေ ချက်ချင်းသယ်ယူသွားတာ ဖြစ်တဲ့အတွက် ဘယ်လို ဒဏ်ရာမျိုးနဲ့ သေဆုံးသွားတယ်ဆိုကို သေချာမသိရှိလိုက်ရဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
သေဆုံးသူ၂ ဦးစလုံးဟာ ဆားမှော် အောင်သီရိရပ်ကွက်ကဖြစ်ကြပြီး ဦးအင်ခွမ်လမှာတော့ အမျိုးသမီးအပါအဝင် သားသမီး ၅ ဦးနဲ့ မြေး ၈ ဦးကျန်နေခဲ့တယ်လို့ သိရပါတယ်။
ဦးအင်ခွမ်လနဲ့ ကိုငမျိုးသေဆုံးနေတာနဲ့ပတ်သက်ပြီး ဒေသခံတွေပြောတာကတော့ အဲဒီလယ်တောအနီးနားတစ်ဝိုက်မှာ ဒီရက်ပိုင်းဒရုန်းဗုံးမကြာခန ကျပေါက်ကွဲတာရှိတဲ့အတွက် ဒရုန်းဗုံးကျည်ထိမှန်လို့ သေဆုံးတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
လက်ရှိဆားမှော်ကျေးရွာ အနီးနားတစ်ဝိုက်မှာ စစ်ကောင်စီတပ်က ခလရ(၁၀၅)အောက် တပ်ရင်း ၃၈၃၊ ၃၈၄၊ ရှမ်းနီအမျိုးသားတပ်မတော်(SNA)၊ပြည်သူ့စစ်အဖွဲ့တို့ ရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဒရုန်းသင်တန်းပေးနေတာမျိုးတွေလည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း သေချာတော့ အတည်မပြုနိုင်သေးဘူး ဖြစ်ပါတယ်။
ဆားမှော်ကျေးရွာကတော့ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ထဲမှာ ပါဝင်တာ ဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၅၉၂၃ ဦး၊ မ ၆၃၁၆ ဦး၊ လူဦးရေစုစုပေါင်း ၁၂၂၃၉ ဦး နေထိုင်တယ်လို့ သိရပါတယ်။
By – Hope



