သတင်း

TPS ဖျက်သိမ်းတာက စစ်တပ်ကို ထောက်ခံတဲ့သဘောဆောင်နေတယ်လို့ အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူတွေပြော

ဒေါ်နယ်ဒ်ထရမ့် အစိုးရကနေပြီးတော့ ယာယီနေထိုင်ခွင့် TPS( Temporary Protected Status)ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း Department of Homeland Security ကနေပြီးတော့ နိုဝင်ဘာ ၂၄ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဘဲ ဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကိုကျင်းပမှာ ဖြစ်သလို အုပ်ချုပ်ရေးပိုင်းမှာလည်း ပိုမို တိုးတက်ကောင်းမွန်လာတာ ဖြစ်တယ်လို့ရေးသား ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။  

ဒီထုတ်ပြန်ချက်ဟာ မြန်မာပြည်သူတရပ်လုံးကိုအနိုင်ကျင့်သတ်ဖြတ်နေတဲ့စစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ် တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲလို့ ရှုမြင်တဲ့သဘောသက်ရောက်စေတဲ့အတွက် အမေရိကန်အစိုးရ‌ပေါ်ယုံကြည်တဲ့ပြည်သူတစ်ယောက်အတွက် အားယုတ်စေတယ်လို့ PTS နဲ့ နေထိုင်နေတဲ့ ဦးဂွမ်ဂျာလ ကနေပြီးတော့ ခုလို ပြောပါတယ်။

အမေရိကန်ဆိုတာက မြန်မာနိုင်ငံသားတွေလည်း အရမ်းအားကိုးတယ်။ ဒီမိုကရေစီနဲ့ ပက်သက်ပြီး စံထားရတာ ဖြစ်တယ်။ အာဏာရှင်တိုင်းပြည်ကိုလည်း ဘယ်တော့မှ လက်ခံခဲ့ဖူးတာမျိုး မရှိဖူးဘူး။ ဒါပေမယ့်လည်း အခုလို ထုတ်ပြန်ချက်ထုတ်ပြီး တိုင်းပြည်က အေးချမ်းလာပြီ။ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ရွေးကောက်ပွဲက အတုအယောင်ရွေးကောက်ပွဲလို့ ပြည်သူတွေ ပြောနေပေမယ့်လည်း လက်ရှိ အုပ်ချုပ်ရေးအစိုးရက Free and Fair တဲ့ ပြောချင်တာက လွတ်လပ်တယ် တရားမျှတတယ်ပေါ့လို့ ဆိုပါတယ်။

လက်ရှိ TPSကို ဖျက်သိမ်းလိုက်ပြီဆိုပေမယ့်လည်း ရက်ပေါင်း ၆၀ အချိန်ထပ်ပေးထားပြီး ၂၀၂၆ ဇန်နဝါရီလ ၂၆ ရက်မဆုံးခင် အမေရိကန် နိုင်ငံတွင်းကနေ ထွက်ခွာသွားရမှာ ဖြစ်ပါတယ်။

 TPS(Temporary Protected Status) ဆိုတဲ့ ယာယီနေထိုင်ခွင့်ဟာ နိုင်ငံတွင်း သဘာဝဘေးနဲ့ စစ်ဘေးကြောင့် ပြန်သွားလို့ မရတဲ့သူတွေကို ပေးတဲ့ အထောက်အထားဖြစ်ပြီး ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာ တိုင်းပြည်မှာ နေလို့မရတော့တဲ့ မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့်အစိုးရဟာ ၂၀၂၁ ဇန်နဝါရီ ၂၀ မှ ၂၀၂၅ ဖေဖော်ဝါရီ ၂၀ ကြား ဘိုင်ဒန်အစိုးရလက်ထက်က ဝင်လာတဲ့ ဒုက္ခသည်တွေကို ပြည်လည် စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပြီး စိစစ်ခံရမယ့် ဒုက္ခသည် အရေအတွက်ကတော့ ၂၃၃,၀၀၀ ခန့် ရှိတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ 

လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြန်မာနိုင်ငံက မြေရှားအပေါ် စိတ်ဝင်စားမှုတွေရှိနေပြီး အကျိုးအမြတ်တစ်စုံတစ်ရာ ရဖို့အတွက် ခုလိုလုပ်ဆောင် ရတာမျိုးလည်း ဖြစ်နိုင်ချေ ရှိတယ်လို့ Burma Advocacy Groupရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Rev. Ah Leက ခုလိုသုံးသပ်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြောင်းလဲလာမှာကို ကူညီပေးချင်တယ်ဆိုရင် စစ်တပ်တွေရဲ့ ခရိုနီတွေကို sanction lift up(ဒဏ်ခတ် ပိတ်ဆို့မှု ဖြေလျှော့ခြင်း) လုပ်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေ ဒီလောက် ဖြစ်နေတာကို သူတို့ သတင်းမရလို့လဲ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ရဲ့ interest အရ အကျိုးရမှာကို မျှော်လင့်ပြီး ဒီအရာကို လုပ်ဆောင်တယ်လို့ မြင်မိတယ်လို့ ဆိုပါတယ်။

 ဒါအပြင် လက်ရှိ ထရမ့်အစိုးရဟာ ရွှေ့ပြောင်းတွေထက် အမေရိကန် နိုင်ငံသားတွေရဲ့ အကျိုးအမြတ်ကို ပိုမို ဦးစားပေးတဲ့သူ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

တဖက်မှာလည်း TPSနဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်ကြတဲ့ သူတွေ အများစုအတွက်ကတော့ စစ်ကောင်စီကိုတွန်းလှန်ပြီး ဒီမို ကရေစီစနစ်ကို ထောက်ခံကြတဲ့သူတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ပြန်ဖို့ရာ အန္တရာယ် များလွန်းနေတာ ဖြစ်ပါတယ်။

 ဒါကြောင့် TPSနဲ့ နေထိုင်သူတွေ အားလုံး အခက်တွေ့နေကြပြီး အမေရိကန် လဝက ရှေ့နေတွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေ ကိုတော့ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

များသောအားဖြင့် TPS နဲ့ နေထိုင်တဲ့ မြန်မာအများစုဟာ Asylumလို့ ခေါ်တဲ့ နိုင်ငံရေးခိုလုံခွင့်ကို လျှောက်ကြပြီး အဲဒီကတစ်ဆင့် Green Card ကို ပြန်လည်လျှောက်ကြတာ ဖြစ်ပါတယ်။

 ဒါပေမယ့်လည်း လက်ရှိအခြေအနေအရ နိုင်ငံရေးခိုလုံခွင့် လျှောက်နိုင်ဖို့အတွက်ကတော့ တင်းကြပ်မှုတွေ ပိုမိုများလာသလို ရဖို့လည်း ပိုမိုခက်ခဲလာနိုင်တယ်လို့ အမေရိကန်နိုင်ငံနေ မြန်မာပြည်သူတွေက သုံးသပ်ပြောဆိုပါတယ်။

လက်ရှိ TPSအထောက်အထားနဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ မြန်မာဦးရေ ၃၉၆၉ဦးထိ ရှိနေပြီ ဖြစ်တယ်လို့ Department of Homeland Security (DHS)နဲ့ U.S. Citizenship and Immigration Services (USCIS)ကနေပြီးတော့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

 ဒါ့အပြင် ဇန်နဝါရီ ၂၆ရက်နေ့ နောက်ပိုင်းမှာတော့ TPS နဲ့ နေထိုင်သူတွေဟာ တရားမဝင်နေထိုင်သူတွေ ဖြစ်လာမှာဖြစ်ပြီး ဖမ်းဆီးမှုတွေ၊ အပြစ်ပေးဒဏ်ခတ်မှုတွေ တခြားဆင်းရဲတဲ့ တတိယနိုင်ငံတွေကို ပို‌ဆောင်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button