သတင်း

ဖမ်းဆီးထားသူတွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်ပဲ ရွေးဖို့ပြင်နေတဲ့အိမ်ကိုလည်းမီးရှို့မယ်လို့ SNA ခြိမ်းခြောက်

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နန်းခွင်နဲ့ ပင်းဘောရွာတွေမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဖမ်းဆီးသွားတဲ့ တပ်သားသစ်တွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်သလို ရွေးထုတ်ဖို့ပြင်ဆင်တဲ့အိမ်တွေကို မီးရှို့မယ်လို့ SAN တပ်ကခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မိုးကောင်းမြို့ထဲကို မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊နယ်ခြားစောင့်ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းတို့ ရောက်လာပြီး မကြာခင်ကျင်းပမယ့် စစ်တပ်ရဲ့ရွေးကောက်ပွဲအပြင် လက်ရှိစစ်ရေးအခြေနေတွေနဲ့ပတ်သက်ပြီး ဒေသတွင်းတာဝန်ရှိသူများကိုလာတွေ့ဆုံသွားတယ်လို့ ဒေသခံတွေပြောပါတယ်။

အဲဒီနောက် နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးကောင်းမြို့နယ် နန်းခွင်နဲ့ပင်းဘောရွာတွေမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်က လူငယ်၊လူလတ်ပိုင်း ၂၀ ကျော်ကိုဖမ်းဆီးသွားတာလို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။

နန်းခွင်နဲ့ ပင်းဘောမှာ ရှမ်းနီဝင်ဆွဲတာ  တိုင်းမှူးလာပြီးနောက်ရက် အဖမ်းခံရတဲ့ မိသားစုတွေမပြောရဲကြဘူး၊ အိမ်မီးရှို့မယ်လို့ခြိမ်းခြောက်သွားလို့တဲ့လို့ ပြောပါတယ်။

မြစ်ကြီးနား– ရွှေဘို– မန္တလေးလမ်းမပေါ်ရှိ မိုးညှင်း၊မိုးကောင်းမြို့တွေဟာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့စစ်ကောင်စီတပ်တို့ဘက်က နယ်မြေအများပိုင်း စိုးမိုးထားနိုင်ဆဲဖြစ်ပြီး စစ်ရေးလှုပ်ရှားမှု ပုံမှန်ရှိနေတဲ့အပြင် လူသစ်စုဆောင်းမှုအများဆုံးလုပ်နေတဲ့နေရာတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ မိုးကောင်းမြို့နယ်၊ နန်းခွင်ရွာအခြေစိုက် ခမရ (၅၂၁တပ်ရင်းကို  KIA နဲ့ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ တတိယပတ်မှာ ဟိုပင်အထိုင်တပ်ရင်းတွေကနေ KIA KPDF အထိုင်ချထားတဲ့ အရှေ့တောင်ကြောဘက်ကို လက်နက်ကြီး၊ ဒရုန်းအကူအညီနဲ့ တောက်လျှောက်ပစ်နေပြီး စစ်ကြောင်းထိုးလာတာကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေပြောပါတယ်။

အလားတူ  နိုဝင်ဘာလ ၂၆ ရက်နေ့ နောက်ဆုံးအပတ်မှာတော့ မိုးညှင်း– မိုးကောင်းကြားရှိ ဟိုပင်မြို့ အရှေ့ဘက်ခြမ်းရှိ နန့်ရင်းချောင်းကူးတံတားကိုလည်း SAN ပူးပေါင်းတပ်တွေက မြေတူးဆွကာဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

အဲဒီနောက် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ နန်းခွင်၊ပင်းဘောတစ်လျှောက် လူသစ်စုဆောင်းတာတွေလုပ်သွားတာဖြစ်တယ်လို့လည်း ဒေသခံတွေပြောပါတယ်။

ခုဒီဘက်မှာ စစ်တင်းမာနေတယ် ဒါကြောင့် SNA ကလည်း ဖမ်းသွားတဲ့သူဆိုရင် ရွေးခွင့်ကိုမပြုတော့တာ။နေရာကွက်ကြားလက်နက်ကြီးသံတွေကြားလာရတယ်လို့ နန်းခွင်ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။

ဟိုပင်မြို့၊နန်းခွင်ကျေးရွာ၊ပင်းဘောရွာတွေဟာ နယ်မြေအားဖြင့်တစ်ဆက်တည်းရှိတဲ့နေရာတွေဖြစ်ပြီး ဒီလမ်းမတစ်လျှောက်မှာ  SNA ပူးပေါင်းတပ်တို့ စစ်ရေးလှုပ်ရှားတာ၊ လူသစ်စုဆောင်းတွေက ခုနောက်ပိုင်း ပိုဆိုးရွားလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။

By – CJ

Show More

Related Articles

Back to top button