နမ့်ဖတ်ကာမှာ တအာင်းလူမျိုးဇနီးမောင်နှံနှစ်ဦးဓါးခုတ်ခံရ
ဖမ်းဆီးခံထားရတဲ့ အမှုတော်ဆောင် ဆရာနှစ်ဦးထဲက တစ်ဦးလွတ်မြောက်လာ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊နမ့်ဖတ်ကာမြို့မှာ တအာင်း ( ပလောင်) ဇနီးမောင်နှံနှစ်ဦး ဓားခုတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံသွားရတဲ့အမှုတော်ဆောင် ဆရာ ၂ ဦးထဲက တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
နမ့်ဖတ်ကာမြို့ရဲ့ လွယ်ကန်တောင်ခြေ လယ်တောတစ်နေရာမှာ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေခင်းပိုင်း ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး ဓါးခုတ်ခံထားရပြီးနောက် ည ၈ နာရီဝန်းကျင်မှာ TNLA တပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာ အနီးဝန်းကျင်က ခြံပိုင်ရှင်တွေဖြစ်တဲ့ နမ့်ဖတ်ကာမြို့ KBC အသင်းတော်က အမှုတော်ဆောင်ဆရာ ၂ ဦးကို လာဖမ်းသွားတာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
“ပြဿနာက သစ်ခိုးခုတ်နေတဲ့ အဲဒီလင်မယားနှစ်ဦးကို ဘယ်သူဘယ်ဝါမှန်းမသိဘူး ဓားနဲ့လာခုတ်သွားတာ။ အမျိုးသမီးဖြစ်သူက နားတောင်ပျက်ခါနီးနီးပဲ။ အမျိုးသားကတော့ တော်တော်ပြင်းထန်တယ်။ အဲလိုဖြစ်တော့ ပလောင်ရွာသားတစ်ချို့က TNLA ကိုတိုင်တယ် TNLA အဖွဲ့ကလည်း ဖြစ်စဉ်ဖြစ်တဲ့နေရာက ဘယ်နေရာ၊ အဲဒီအနီးအနားက ခြံပိုင်ရှင်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို စုံစမ်းပြီး ခြံပိုင်ရှင်တွေဖြစ်တဲ့ အမှုတော်ဆောင်ဆရာတွေကို မနေ့ည အတင်းအဓမ္မလာဖမ်းသွားတာဟုတ်တယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောဆိုပါတယ်။
TNLA အဖွဲ့က ဖမ်းဆီးသွားတဲ့ အမှုတော်ဆောင် ဆရာ ၂ ဦးမှာ သိက္ခာတော်ရဆရာ ဒေါက်တာဖောင်ယမ်တူးထန် နဲ့ ဆရာဘရန်အောင်တို့ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ ဒီနေ့ညနေပိုင်းမှာတော့ သိက္ခာတော်ရဆရာ ဒေါက်တာဖောင်ယမ်တူးထန်ပြန်လည်လွတ်မြောက်လာတယ်ပြီလို့ သိရပါတယ်။
ဓားခုတ်ခံရတဲ့ ပလောင်ဇနီးမောင်နှံ၂ ဦးမှာ ဦးအိုက်လိုင် ( အသက် ၄၇ နှစ်) နဲ့ ဒေါ်အိမီး( အသက် ၄၃ နှစ်) တို့ဖြစ်ပြီး အမျိုးသမီးဖြစ်သူက နားမှာ ခုတ်ဒဏ်ရာရရှိပြီး အမျိုးသားဖြစ်သူမှာ မျက်နှာတစ်ခြမ်းလုံးဓားဒဏ်ရာနဲ့ ဒဏ်ရာပြင်းထန်ကာ လက်ရှိ နှစ်ဦးလုံးကို ကွတ်ခိုင်ဆေးရုံသို့ ပို့ထားတယ်လို့ ဆိုပါတယ်။
ဒေသခံတွေပြောတာတော့ ဓားခုတ်မှု အမှုခင်းဖြစ်ပွားခဲ့တဲ့ နေရာတစ်ဝိုက် သစ်ခြံတွေရှိတဲ့အတွက် သစ်ခိုးမှုနဲ့ပတ်သက်ပြီး ဒေသခံတွေကြား ပုံမှန်ပြဿနာဖြစ်တဲ့နေရာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်မှာလည်း ဓားခုတ်ခံရတဲ့ လင်ဇနီးမောင်နှံနှစ်ဦး သစ်ခိုးခုတ်နေစဥ်အတွင်းဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။
နမ့်ဖတ်ကာရှိ TNLA အဖွဲ့က ဆရာ ၂ ဦးကို အတင်းအဓမ္မလာရောက် ဖမ်းဆီးသွားတဲ့အပေါ် ဒေသခံတွေကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပြီး မနေ့ညအထိတော့ ဆရာ ၂ ဦးဟာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မသက်ဆိုင်ကြောင်း၊ မဟုတ်ကြောင်း ငြင်းဆိုလက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။
“နမ့်ဖတ်ကာမှာက ဒီလို ပြဿနာတစ်ခုခုဆို လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခပုံစံမျိုး ဖမ်းပြီး ဖြေရှင်းတာမျိုးတွေ ပုံမှန်ဖြစ်ပွားနေတယ်။ နမ့်ဖတ်ကာက KIO/KIA အုပ်ချုပ်နေတာဖြစ်တယ်။ ဒါပေမဲ့ TNLA လုပ်ဆောင်နေတဲ့ လုပ်ရပ်က မှန်တယ်၊ မှားတယ် သိပ်မကြည့်ပဲ သူတို့တွေ့တာ မိတာဆို လူမျိုးရေးဆန်ဆန် ဖြေရှင်းလျက်ရှိတယ်။ အခြားလူမျိုးတွေ ဖြစ်ရင်က သူတို့အဲလိုမဟုတ်ဘူး။ တစ်ခုခု ကချင်နဲ့ပတ်သက်တာဆို ပြဿနာထဲမပါလည်း ဘာမှမဟုတ်တဲ့နေရာမှာ အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်တဲ့ လုပ်ရပ်ပဲလုပ်တယ်။ ဒီနေ့ TNLA လုပ်ဆောင်နေတာက ရဲတပ်ဖွဲ့ဆိုပြီး ဥပဒေအတိုင်းသွားသလိုတော့ လုပ်နေတယ်။ ဒါပေမဲ့ ပြည်သူတွေအတွက်က အရမ်းကို မသင့်တော်တဲ့ အုပ်ချုပ်မှုပုံစံပဲ လုပ်နေတယ်လို့ မြင်တယ်။ “လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။
နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး KIO/KIA အစိုးရအောက် တည်ရှိနေတဲ့ မြို့လို့ဆိုပေမဲ့ ဒီမြို့ထဲမှာ ကိုးကန့်တပ်ဖွဲ့ရုံးအပြင် TNLA အုပ်ချုပ်ရေးရုံး၊ TNLA ရဲတပ်ဖွဲ့ဌာန စဖြင့် ဌာနအသီးသီးလည်းရှိတာဖြစ်ပါတယ်။
များသောအားဖြင့် တအာင်း(ပလောင်) လူမျိုးတွေကြား ဖြစ်ပွားတဲ့ ပြဿနာ ကိစ္စရပ်တွေအားလုံးကို တအာင်း(ပလောင်) ဒေသခံတွေက TNLA ကို တိုင်တန်းတာမျိုးတွေ ပြုလုပ်ကာ TNLA တပ်ဖွဲ့က တာဝန်ယူပြီး ဖြေရှင်းလျက်ရှိတယ်လို့ ဆိုပါတယ်။
By – ဂျာဘောက်ရာ



