တနိုင်းဘက် မဲဆွယ်သွားတဲ့ ပါတီ ၃ ခုလမ်းခုလတ်ကနေ ပြန်ခေါက်လာရ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA ၁၀ နှစ်အပြည့်အခမ်းအနားမှာ ရွေးကောက်ပွဲမှာဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ထည့်သွင်းပြောကြားထားပေမယ့် ကချင်ဒေသမှာတော့ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမဲဆွယ်ဆင်းလို့မရတဲ့နေရာတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်ဘက် မဲဆွယ်ဖို့တက်သွားတဲ့ ပါတီ ၃ ခုလုံခြုံရေးအခြေနေကြောင့် လမ်းခုလတ်ကနေ ပြန်ခေါက်လာရတယ်လို့ ပါတီနဲ့နီးစပ်သူတွေပြောပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့ မိုးညှင်းမြို့ဘက်ကို ပါတီအောင်နိုင်ရေး မဲဆွယ်အပြီး တနိုင်းဘက်ကို ဆက်ပြီး မဲဆွယ်တက်သွားတဲ့ ပြည်ထောင်ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ( USDP) ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ ဒီမိုကရေစီပါတီသစ် (ကချင်) ၊ ၃ ခုက လမ်းတစ်ဝက်မှာ ပြန်ခေါက်လာရတာဖြစ်တယ်လို့ PPP ပါတီနဲ့နီးစပ်သူတစ်ဦး ခုလိုပြောပါတယ်။
“မိုးညှင်းဘက်ပါတီအောင်နိုင်ရေးလုပ်အပြီး တနိုင်းအတက်မှာ ပြန်ခေါက်ရတယ်။ ဟိုဘက်ကနေ ဖုန်းနဲ့လှမ်းချိတ်လာတာတဲ့ မလာကြဖို့ လုံခြုံရေးယူမပေးနိုင်ဘူး။ စကစဘက်က လမ်းလုံခြုံရေးမယူပေးနိုင်ဘူးဆိုလို့ပြန်ခေါက်လာရတာ”လို့ PPP ပါတီနဲ့နီးစပ်တဲ့အမျိုးသမီးတစ်ဦး ပြောပါတယ်။

စစ်ကောင်စီအောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကာလကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ကစတင်ကြောင်း ကြေညာထားပြီး ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီ အထိ မဲဆွယ်စည်းရုံးခွင့်ပေးထားကာ ဒီဇင်ဘာ ၂၇ ရက် က Silent Day အဖြစ် ကြေညာထားပါတယ်။
ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပဖို့ ပြင်ဆင်ထားတဲ့ စစ်ကောင်စီရဲ ကြေညာချက်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လုပ်မယ့်ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအိုနဲ့ မိုးညှင်းမြို့နယ်တို့ပါဝင်နေပါတယ်။
ဒါကြောင့် ကချင်ဒေသတွင်းဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေက ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစပြီး ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေပေမယ့် လုံခြုံရေးအခြေနေအရ သွားလာလို့မရတဲ့နေရာတွေလည်း များစွာရှိနေကြပါတယ်။
“အဓိကတော့ တိုင်းရင်းသားဒေသတွေမှာ သူတို့က မြို့ပေါ်လောက်ပဲလှုပ်ရှားနိုင်တာ သူတို့ရဲ့ပါတီအောင်နိုင်ရေးက ထင်ထားသလိုတော့ဖြစ်လာမှာမဟုတ်ဘူးလေ အားလုံးသိထားပြီးသား။ ဒါပေမယ့် တစ်ဖက်ကပြောရရင် ပါတီအောင်နိုင်ရေးဆိုတာ ဟန်ပြလောက်ပါပဲ အစကတည်းက သူတို့မှာစီစဉ်ထားပြီးသားပဲ။ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲက ယုံကြည်ရတဲ့ရလဒ်ဆိုတာ ဘယ်တုန်းမှရှိလာမှာမဟုတ်ဘူး”လို့ ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ရွေးကောက်ပွဲ အပိုင်း ၂ မှာတော့ ကချင်ပြည်နယ်က မိုးကောင်း၊ ဝိုင်းမော် နဲ့ မချမ်းဘော မြို့နယ်တို့ပါဝင်ပါတယ်။
ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ် ရှိပြီး စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ၆ မြို့နယ်၊ အပိုင်း ၂ မှာ ၃ မြို့နယ်ပါဝင်တာကြောင့် စုစုပေါင်း ၉ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်ဖို့ကြေညာထားပြီး ရွေးကောက်ပွဲမလုပ်တဲ့ မြို့နယ်တွေကတော့ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန် မြို့နယ်တို့ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် မြန်မာရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က ကုလသမဂ္ဂရုံးချုပ်က အောက်တိုဘာလအတွင်းပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာ ပြောသွားပါတယ်။
အလားတူ နိုဝင် ဘာလ ၅ ရက်နေ့ နယူးဇီလန်လွှတ်တော်ကလည်း စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်တဲ့အတွက် လက်မခံကြောင်း ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်တပ်ကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးမယ့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြဖို့ ကချင်အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုထားပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ထုတ်ပြန်ကြေညာလိုက်တဲ့ အချိန်ကစပြီး ကချင်ဒေသပါ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေ၊ စစ်အင်အားတိုးချဲ့ပြီး တိုက်ပွဲဖော်ဆောင်တာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာတယ်လို့ ကချင်လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း ပြောပါတယ်။
နှစ်ပေါင်း ၇၀ ဝန်းကျင်အထိ တိုင်းရင်းသားလူမျိုးစုတွေကို နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တရားဖမ်းဆီးခြင်း၊ အမျိုးသမီးတွေကို စစ်ရေးဗျူဟာကျကျ အဓမ္မပြုကျင့်ခဲ့တဲ့ စစ်တပ်ကျူးလွန်မှုတွေက ဒီရွေးကောက်ပွဲကြောင့် အပြစ်ကင်းလွတ်သွားစေမယ့် ရွေးကောက်ပွဲဖြစ်တယ်လို့လည်း ကချင်ဖီးမင်နစ်အဖွဲ့က နိုင်ဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်။
ထို့အတူ KIO/KIA အနေနဲ့ကတော့ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။
မဲမသမာမှုကြောင့် အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာ ရွေးကောက်ပွဲကျင်းပဖို့ အပြင်းထန်ပြင်ဆင်နေပေမယ့် စစ်ကောင်စီကျင်းပမယ့ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း ပြည်တွင်း၊ပြည်ပ တက်ကြွလှုပ်ရှားသူများအပြင် နိုင်ငံတစ်ချို့ကလည်း လက်မခံကြောင်း ဆက်တိုက်ဖိအားပေးခံနေရတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် တနိုင်ငံလုံးအတိုင်းတာအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မယ့် ၆ ပါတီ နဲ့ ပြည်နယ်နဲ့ တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ဖို့ပြင်ဆင်နေပြီး ကချင်မှာတော့ ပြည်ခိုင်ဖြိုးပါတီဟာ မဲဆန္ဒနယ် ၄ ခုမှာ ပြိုင်ဘက်မရှိတာကြောင့် အခုကတည်းက အနိုင်ရထားပြီးဖြစ်ကြောင်း (UEC) ကထုတ်ပြန်ထားပါတယ်။
By – Zami



