သတင်း

မိုးညှင်းမြို့ပေါ်က လောင်းကစားဝိုင်းများကြောင့် လူမှုဘဝပျက်ပြားမှု ရှိလာ

ကချင်ပြည်နယ် မိုးညှင်းမြို့က လောင်းကစားဝိုင်းတွေကြောင့် မိသားစုတွေ ပြိုကွဲပြီး ဘဝပျက်သူတွေ များပြားလာတယ်လို့ ဒေသခံတွေဆီနေ သိရှိရပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ လက်ရှိမိုးညှင်းမြို့မှာ ရပ်ကွက်ကြီး ၂၂ ခုရှိပြီး ရပ်ကွက်တိုင်းလိုလိုမှာ လောင်းကစားရုံ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီထဲကအောင်သပြေရပ်ကွက် မြို့နယ်ဘောလုံးကွင်းနဲ့ အမှတ်()ဈေးဘေးနားမှာ ရှိတဲ့ လောင်းကစားဝိုင်းတွေက အစည်ကားဆုံး ဖြစ်ပြီး နေ့တိုင်းလိုလို အနည်းဆုံး လူဦးရေ ၁၀၀ ခန့် ရှိနေတယ်လို့ ပြောပါတယ်‌။

လောင်းကစားလာဆော့တဲ့ သူတွေမှာ အမျိုးသား၊ အမျိုးသား၊ အိမ်ထောင်သည် သက်ကြီးရွယ်အိုတွေထိ အရွယ်ပေါင်းစုံကို မြင်တွေ့ရသလို လောင်းကစား စွဲလမ်းမှုကြောင့် အိမ်မှာရှိတဲ့ ပစ္စည်းများ ရောင်းချပြီး အိုးအိမ်ပျောက် ဘဝပျက်သူတွေလည်း အများအများ ရှိလာနေပြီလို့ မိုးညှင်းဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပြပါတယ်။

မိုးညှင်းမြို့မှာ လောင်းကစားရုံတွေကြောင့် လူမှုဘဝ ပျက်စီးမှုတွေရှိနေပေမယ့် အာဏာပိုင်တွေက ဖမ်းဆီးမှုတွေမရှိသလို အောင်သပြေ အုပ်ချုပ်ရေးမှူး နှင့် လက်နက်ကိုင်အဖွဲ့အစည်းတွေက ပါဝင် ပတ်သက်နေတဲ့အတွက်ကြောင့် အခုလို ပဠိပက္ခကာလမှာ ပေါ်ပေါ်တင်တင် လုပ်ဆောင်နိုင်တာလို့ ပြောပါတယ်။

ရှယ်ယာဘယ်လောက်ပါ မပါ အကျိုးအမြတ်ဘယ်လောက် ရမရတော့ မသိဘူး။ သူက ခွင့်ပြုပေးရမယ့်လူတော့ ဟုတ်တယ် သူခွင့် မပြုပေးလို့လဲ မရဘူး။ အဲမှာ ရဲတွေရှိတယ် ရှမ်းနီအမျိုးသားတပ်မတော်(SNA)တွေရှိတယ်။ အကုန်ပေါင်းလုပ်စားနေကြတာ ဟုတယ်။ ကေအိုင်အေလည်း အဲဒီက အခွန်ကောက်တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် လောင်းကစားဒိုင်တွေက သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေ မြို့မျက်နှာဖုံး ခရိုနီတွေနဲ့ အပေးအယူ လုပ်ထားတဲ့အတွက် လောင်းကစားရုံတွေကို တရားဝင် ဖွင့်ခွင့်ရနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ် သတင်းတွေ ဖော်ပြလာတဲ့အခါ အယောင်ပြ ဖမ်းဆီးပြတာမျိုးတွေတော့ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

မိုးညှင်းမြို့ဟာ ၂၀၂၀ သန်းခေါင်စာရင်းအရ လူဦးရေ ၂၁၁,၆၇၅ဦး ရှိတာဖြစ်ပြီး ရပ်ကွက် ၂၂ခု ကျေးရွာအုပ်စု ၃၈ခုနဲ့ကျေးရွာ ၁၂၄ခုရှိတဲ့ မြို့နယ် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကချင်ပြည်နယ် နေရာအနှံ့က တိုက်ပွဲ‌တွေကြောင့် စစ်ကိုင်းတိုင်း ကောလင်းဝန်းသို၊ ဗန်းမောက်၊ ထီးချိုင့် ၊ကသာ ဗန်းမော်၊ မော်လူး စတဲ့ ဒေသကစစ်ရှောင်တွေအပြင်  ဖားကန့်မြို့နယ် ဆယ်ဇင်း အင်းတော်ကြီး ၊ နန်းမားဟိုပင်ဖက်က စစ်ရှောင်တွေ သောင်းနဲ့ချီ ဝင်ရောက်လာတဲ့အတွက် လူဦးရေ အရမ်းကို များပြားလာနေတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲအနေနဲ့ လောင်းကစားရုံနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပိုမိုများပြာလာတာ ဖြစ်နိုင်တယ်လို့ မိုးညှင်းဒေသခံတွေက သုံးသပ်ကြပါတယ်။

By – Hope

Show More

Related Articles

Back to top button