ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးက ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်တဲ့ နေရာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေ ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြန်ဖြစ်နေတယ်လို့သိရပါတယ်။
မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြားရှိ ပြည်သူ့စစ်ဂိတ်နှစ်ခုကို ဖေဖော်ဝါရီလဆန်းပိုင်းမှာ KIA တပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ဒီကနေ့က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်တပ်နဲ့ပြည်သူ့စစ်တွေ လက်လွတ်လိုက်ရတဲ့ နေရာဘက်ကို ပြန်ပြီးထိုးစစ်ဝင်လာတယ်။ အဲ့ဒါကြောင့် KIA ဘက်ကပြန်ပြီးတွန်းလှန်တိုက်ခိုက်လိုက်တော့ နှစ်ဖက်တပ်တိုက်ပွဲပြန်ဖြစ်နေတာ။ လက်နက်ကြီးတွေလည်း မြစ်ကြီးနားဘက်ကနေ နောက်မှန်ပြတောင်ဘက်ကနေလည်း ပစ်ခတ်ပေးနေတယ်”လို့ပြောပါတယ်။
နှစ်ဖက်တပ် တိုက်ပွဲဖြစ်နေတဲ့ နေရာဘက်ကို ဝိုင်းမော် ခလရ ၅၈ တပ်ရင်း၊ မှန်ပြတောင်နဲ့ မြစ်ကြီးနားမြို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်လောက်နေ ပစ်ခတ်ပေးနေတယ်လို့ ပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာဟာ မိုင်းနားစစ်ရှောင်စခန်းနဲ့နီးကပ်သလို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းရှိတဲ့ အနောက်ဘက်ခြမ်းနဲ့လည်း အလွန်နီးကပ်တဲ့နေရာမှာဖြစ်နေတာဖြစ်ပါတယ်။

မိုင်းနားကျေးရွာနဲ့ ခလရ ၅၈ တပ်ရင်းအနောက်ဘက်ခြမ်းရှိ အင်မြန့်ချောင်းတံတားမရောက်မှီ တပ်ချထားတဲ့ စစ်တပ်စခန်းနဲ့ အင်မြန့်ချောင်းတံတားတစ်ဖက်ကမ်းရှိ ငှက်ပျောခြံအနီးက လီဆူပြည်သူ့စစ်စခန်းနှစ်ခုစလုံးကို ဖေဖော်ဝါရီလ ၂ရက်၊ ၃ ရက်နေ့တွေမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
အဲဒီစစ်တပ်ဂိတ် နှစ်ခုစလုံးဟာ လမ်းပိုင်းသွားလာတဲ့ ကုန်တင်ကား၊ အိမ်စီကားတွေဆီကနေ အခွန်အကောက်တောင်းကျန်းတဲ့ ဂိတ်နေရာတွေဖြစ်ပြီးတော့ KIA ဘက် သွားရောက်ရှင်းလင်းသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းဖြစ်တဲ့ တိုက်ပွဲမှာ အဲ့ဒီစစ်တပ်ဂိတ် နှစ်ခုအပြင် ခလရ ၅၈ တပ်ရင်းအထက်ပိုင်း ဝူယန်နဲ့ လမြန်ကျေးရွာကြားက နောက်ထပ် ပြည်သူ့စစ်ဂိတ်စခန်းနှစ်ခုကိုလည်း KIA ဘက်က သိမ်းပိုက်ခဲ့ပါတယ်။
ပြည်သူ့စစ်ဂိတ်နေရာ ၄ ခုခန့် လက်လွတ်လိုက်ရပြီးနောက် စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေက အခုလိုတန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်ပါတယ်။
ဝိုင်းမော်ဒေသခံတွေရဲ့ပြောဆိုချက်အရ ၂၀၂၅ နှစ်ကုန်ပိုင်းအထိ ဝိုင်းမော်၊ တိုက်ပွဲက လမြန်ကျေးရွာအနီးတဝိုက်တွေမှာသာ ဖြစ်ပွားနေတာဖြစ်ပေမယ့် နှစ်ဆန်းပိုင်းကနေ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ နီးကပ်ပြီး ဖြစ်လာတယ်လို့ ပြောပါတယ်။
ဒါကြောင့် လက်ရှိတိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ ဝိုင်းမော်မြို့တွင်းနေရာ ၂ မိုင်၊ ၃ မိုင်လောက်အကွာမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆက်သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ဝိုင်းမော်မြို့နယ်အပါ ထိစပ်နေတဲ့ ချီဖွေ၊ ဆဒုံး၊ ကန်ပိုက်တည် တစ်ဆက်တည်းရှိတဲ့ မြို့နေရာတွေကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့နောက် ပြန်လည်သိမ်းပိုက်ဖို့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လမြန်ကျေးရွာအထက်ပိုင်းမှာ တိုက်ပွဲဖော်ဆောင်နေတာ တစ်နှစ်ကျော်ခန့် ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



