သတင်း

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ခရီးသည်ကားနဲ့ကုန်ကားကြီးများ ရာချီပိတ်မိ‌နေ

ရွှေဘိုမြစ်ကြီးနားဗျူဟာကားလမ်းပိုင်းပိတ်ထားတဲ့အတွက်  ခရီးသည်တင်(Express)ကားကြီးတွေနဲ့ ကုန်ကားကြီးများ ရာချီပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီက နေသိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၇ ရက်နေ့နောက်ပိုင်း မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားဘက်ကိုတက်လာတဲ့ ခရီးသည်တင် Express ကားကြီးတွေနဲ့ကုန်ကားကြီးတွေဟာ စစ်ကိုင်းတိုင်း  ရွှေဘိုမြို့အနီးရွှေကိုးပင်ဂိတ်မှာ ပိတ်မိနေတာ ရက်ပေါင်း ၂၀ နီးပါးရှိလာပြီလို့ ခရီးသွားပြည်သူတစ်ဦးက KNGကိုပြောပါတယ်။

“အခုကျွန်မတို့ပိတ်မိနေတာက ကျောက်တန်းကွင်းလမ်းမှာဟုတ်တယ် ဒီကနေ့နဲ့ဆိုရင် ၁၆ ရက်ရှိပြီတချို့လူတွေက ၁၈ရက်တောင်ရှိပြီလမ်းမှာပိတ်မိနေတာ ရှေ့ကားတွေပိတ်မိပြီနောက်ကားတွေကမှီလာတော့လမ်းမှာတင်ကားတွေပြည့်ကြပ်နေတာ။ ကုန်ကားကြီးတွေ၊ခရီးသည်ကားကြီးတွေလို့ လက်ရှိကွင်းလမ်းပိုင်းမှာပိတ်မိနေတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားနဲ့ မန္တလေးဗျူဟာကားလမ်းပိုင်းရဲ့အစိပ်အပိုင်းတစ်ခုဖြစ်တဲ့ ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းကနေ ရွှေဘိုမြို့အနီးက ရွှေကိုးပင်ဂိတ်ကနေပိတ်ထားတာဖြစ်ပါတယ်။

ရွှေကိုးပင်ဂိတ်ကပိတ်ထားတော့ကွင်းလမ်းကနေသွားနေကြတာ။ ကွင်းလမ်းမှာကလည်းတိုက်ပွဲကပြန်ဖြစ်တော့ကားတွေဆက်သွားလို့မရဘူး ကျောက်တန်းမှာလည်းဖြစ်နေတယ်။ နောက်တစ်ခြားကွင်းလမ်းမှာလည်းပဲတောက်လျှောက်ကဟိုနားတိုက်ပွဲဒီနားတိုက်ပွဲဆိုတော့ကားတွေဆက်သွားမရဘူးလေလို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဗျူဟာလမ်းပိုင်းကို ရွှေကိုးပင်ဂိတ်ကနေပိတ်ထားသလို ကာကွယ်ရေးတပ်တွေဘက်ကလည်းရွှေကိုးပင်ဂိတ်အကျော်ကနေ ဗျူဟာလမ်းပိုင်းကိုထပ်မံပိတ်စို့ထားတာကြောင့် ကားသမားတွေဟာ ကွင်းလမ်းကိုပဲသုံးပြီးသွားနေရကြောင်းသိရပါတယ်။

ရွှေကိုးပင်ဂိတ်ကအမြဲလိုလိုပိတ်နေတာတော့မဟုတ်ဘူးဗျ နှစ်ရက်သုံးရက်ကြာတခါနာရီပိုင်းနဲ့ပိတ်မိနေတဲ့ကားတွေလွတ်လွတ်ပေးတာရှိတယ်သို့ပေမယ့်ရွှေကိုးပင်ကျော်တာနဲ့မပြီးသေးဘူးရှေ့မှာလည်းကာကွယ်တပ်တွေကစစ်ရေးခြေနေကြောင့်ဆိုပြီးလမ်းကထပ်ပိတ်ဆိုတော့နောက်ဆုံးကွင်းလမ်းကပဲသွားနေရတာလို့ယင်းလမ်းပိုင်းမှာမောင်းနင်နေတဲ့ကားသမားတစ်ဦးက ပြောပါတယ်။

နှစ်ဖက်အဖွဲ့အစည်းက ဗျူဟာကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကား၊ခရီးသည်ကားတွေဟာ လွှဲဆိပ်၊အင်းရွာ၊တောင်ဒုံ၊ကုက္ကိုန်း၊ကျောက်တန်း၊ပေကြီး၊ တောင်ပုံ၊ဒိုင်းပင်စတဲ့ကွင်းလမ်းတွေကိုအသုံးပြုသွားလာနေရကြောင်းသိရပါတယ်။

အထက်ဖော်ပြပါကွင်းလမ်းတွေဟာ ရွှေဘို၊ ကန့်ဘလူ၊ကောလင်းနယ်တွေထဲမှာရှိပြီး အဲ့ဒီနယ်တွေထဲ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေနေ့စဥ်နဲ့အမျှတိုက်ပွဲတွေဖြစ်နေတာဖြစ်ပါတယ်။

ရွှေဘိုနဲ့မြစ်ကြီးနားကားဟာ ယခင်ဗျူဟာကားလမ်းပိုင်းမပိတ်ခင်ပုံမှန်အားဖြင့်ကားနဲ့တစ်ရက်ခရီးသာရှိပေမယ့်ဒီနောက်ပိုင်းမှာတော့ကွင်းလမ်းအသုံးပြုရတာ၊ကားလမ်းပိုင်းပိတ်တာတွေကြောင့် ၁၀ ရက်ကနေ့ ၁၈ ရက်ဝန်းကျင် အထိခရီးကြန့်ကြာနေကြောင်းသိရပါတယ်။

အခုလိုဗျူဟာကားလမ်းပိုင်းပိတ်ထားပြီးကွင်းလမ်းအသုံးပြုနေရတဲ့အတွက်လက်ရှိ ကချင်ပြည်နယ်ဘက်က ကုန်သည်တွေအတွက်လည်း ကုန်ပစ္စည်းသယ်ယူဖို့အခက်အခဲတွေနဲ့ကြုံတွေ့နေရကြောင်းမြစ်ကြီးနားမြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက KNGကိုပြောပါတယ်။

ဟိုလ၂၆(ဇန်နဝါရီ နှစ်ဆယ့်ခြောက်) ရက်နေ့က မန္တလေးဂိတ်တင်ထားတဲ့ကုန်တွေအခုထိမရောက်လာသေးဘူးလေဒီမှာရှိထားတဲ့ပစ္စည်းတွေကလည်းပြတ်နေပြီ ။ နောက်ထပ်ပစ္စည်းအသစ်ကထပ်မရောက်လာသေးဘူး အရင်ကဆို ၁၀ ရက်ကျော်ကျော်ဆိုရောက်ပြီ။ အခုက ရက် ၂၀ တောင်ရောက်တော့မယ့်ခုထိမရောက်လာသေးဘူးကုန်က”လို့ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄၊ ၂၀၂၅ ခုနှစ်ကတည်းကကွင်းလမ်းအသုံးပြုသွားလာနေရတာဖြစ်ပေမယ့် ယခင်နှစ်တွေမှာတော့ တစ်ပတ်ကနေ ၁၀ ရက်ဝန်းကျင်အထိ ကြာမြင့်တတ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီနှစ်ထဲကနေတော့ ၁၀ ရက်ကနေ ရက် ၂၀ နီးပါးအထိကိုလမ်းခရီးကြန့်ကြာနေတာကြောင့် ကုန်သည်တွေ၊ကားသမားတွေနဲ့ခရီးသွားတွေအတွက်အခက်အခဲအမျိုးမျိုးကြုံနေရကြောင်းသိရပါတယ်။

အထက်ဖော်ပြပါအခြေအနေတွေကြောင့် ကချင်ပြည်နယ်ဘက်မှာ ကုန်စည်ပြတ်လပ်မှုနဲ့ကုန်စည်ရှားပါးမှုတွေမကြာခနကြုံနေရပြီးနောက်ဆက်တွဲကုန်စျေးနှုန်းကြီးတဲ့ ပြဿနာတွေကိုလည်းကချင်ပြည်နယ်သူပြည်နယ်သားတွေမကြာခနကြုံတွေ့နေကြရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button