သတင်း

ကြွက်ဘေးဒဏ်သင့် ဆွမ်ပရာဘွမ်မြို့နယ်ထဲက ကျေးရွာတစ်ချို့ စားနပ်ရိက္ခာအကူညီလိုအပ် 

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင်း ကြွက်ဘေးဒဏ်ကျ ရောက်ခဲ့တဲ့ကျေးရွာတစ်ချို့မှာဆေးဝါးနဲ့စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအိုမြို့နယ်ကြားမှာရှိတဲ့ အင်စီးယန်ကျေးရွာနဲ့ ခင်ဒူယန်ကျေးရွာ ၂ ရွာ ဒေသခံ တွေဟာ ကြွက်ဘေးဒဏ်သင့်ခဲ့ပြီးနောက်ပိုင်း ဒီနေ့ချိန်ထိစားနပ်ရိက္ခာခက်ခဲသွားတဲ့အတွက် ပိန်းဥ၊ ကန်စွန်းဥတွေစား‌နေရတယ်လို့ ဆိုပါတယ်။

တောင်ယာ၊အခင်းစပါးတွေ လုံး၀ရိတ်သိမ်းရတာမရှိဘူးဆိုတော့ စားဖို့ဆန်မရှိ၊ စားစရာမရှိ ဖြစ်နေတာပေါ့။ ဒါကြောင့် တစ်ချို့က ပိန်းဥတွေနည်းနည်းတူးရတာတွေစားတယ်၊ လုပ်ငန်းလုပ်ကိုင်စားစရာလည်းမရှိဆိုတော့ အရမ်းခက်ခဲနေကြတယ်။ ဒီရက်ပိုင်းအရမ်းဒုက္ခရောက်နေလို့ ကျနော့်အသိမိတ်ဆွေဆီကနေ အကူအညီတောင်းပြီး ဆန်အနည်းငယ်ကူညီထားတယ်လို့ ဆွပ်ဘရာဘွမ်ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄၊ ၂၀၂၅ ခုနှစ် ၂ နှစ်ဆက်တိုက် ကြွက်ဘေးဒဏ်ဆိုးရွားစွာ ကျရောက်ခဲ့တာကြောင့်အစားအသောက်ပြတ်လပ်ကာ ဒုက္ခရောက်နေတာလည်း ဖြစ်ပါတယ်။ 

ဆွမ်ပရာဘွမ်မြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO က ထိန်းချူပ်ထားပြီး အဲဒီကြားထဲက ဒေသခံပြည်သူတွေဟာ ပူတာအိုမြို့ကို သွားဖို့လည်းခက်ခဲသလို မြစ်ကြီးနားဆင်းဖို့လည်း လွတ်လွတ်လပ်လပ်သွားလာလို့ မရပါဘူး။ 

မြစ်ကြီးနားပူတာအို ကားလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ပူတာအိုမှတ်ပုံတင်မဟုတ်တဲ့သူတွေနဲ့ အသက် ၄၀ အောက်တွေကို သွားလာခွင့်တားမြစ်ကန့်သတ်ထားတာတွေကြောင့် ပြည်သူတွေလွတ်လပ်စွာသွားလာလို့မရတော့တဲ့နောက်ပိုင်း ကူညီမှုတွေလည်း မရောက်ရှိနိုင်တော့တာဖြစ်ပါတယ်။ 

ဒါကြောင့် ကြွက်ဘေးဒဏ်သင့် ပြည်သူတွေလည်း သက်ဆိုင်ရာ KIO အစိုးရကို ကူညီပေးဖို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။ 

အခုကျနော်တို့ အင်ဆိုင်းယန်၊ ခင်ဒူယန်ရွာသားတွေက အစားအသောက်အရမ်းခက်ခဲနေကြတယ်။ ပြီးတော့ ဒီရွာတွေမှာက မုဆိုးမတွေ ပိုများတယ်။ အခုချိန်ထိတော့ KIO အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးတာမျိုးတွေ မရှိတော့ဘူး။ နောက်ဘယ်လိုလာမလဲမသိဘူး။ အကူအညီတောင်းလျှောက်တင်ထားတာတော့ရှိတယ်။ အခုထိတော့ အကူအညီမရသေးပါဘူး။ အခုကျနော်တို့ ခင်ဒူယန်၊ အင်ဆိုင်းယန် ရွာသားတွေ အများအားဖြင့် အကူအညီတောင်းချင်တာက အစားအသောက်နဲ့ ဆေးဝါးဖြစ်တယ်ဟု အင်ဆိုင်းယန်နေ လူငယ်တစ်ဦးက ပြောဆိုပါတယ်။

အင်စီးယန်ကျေးရွာမှာ အိမ်ခြေ ၁၅ ခုနှင့် လူဦးရေ ၆၀ ကျော်ရှိပြီး ခင်ဒူယန်ကျေးရွာမှာတော့ အိမ်ခြေ ၅၀ ၊ လူဦးရေ ၃၀၀ ကျော်ရှိကာ ကျေးရွာထဲမှာ အဓိက မုဆိုးမတွေနဲ့ သက်ကြီးရွယ်အိုတွေ များတယ်လို့ သိရပါတယ်။ 

ဆွမ်ပရာဘွမ်နဲ့ ပူတာအိုကြားက စစ်ဘေးဒဏ်ကြောင့် နေရပ်ပြန်လို့မရသေးပဲ တောထဲမှာဆက်လက်စစ်ဘေးရှောင်နေကြရတဲ့ ဆွမ်ပီယန်ကျေးရွာစစ်ရှောင်တွေကိုတော့ KIO အစိုးရက အစားအသောက်နှင့် ဆေးဝါးရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ 

 လက်ရှိ ဆွမ်ပရာဘွမ်ဒေသမှာ ကြွက်ဘေးဒဏ်သင့်လို့ အစာရေစာခေါင်ပါးကာ ဒုက္ခရောက်နေတဲ့ ကျေးရွာတွေကတော့ အင်စီးယန်၊ ခင်ဒူယန်၊ ဖုန်ကျန်းရွာနဲ့ ဂေါ့မှာရွာအပြင် ရှေ့ဘက်မလိခမြစ်တစ်ကြောရှိ ကျေးရွာတွေဖြစ်တဲ့ ဂျထီယန်ကျေးရွာနဲ့ အင်ဂွမ်လတိုက်နယ်ထဲက ကျေးရွာတွေဖြစ်ပါတယ်။ 

မလိခမြစ်ဖျားပိုင်း ဆွမ်ပရာဘွမ်မြို့နယ်မှာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး ကြွက်ဘေးဒဏ်စတင်ကျရောက်ခဲ့ကာ တစ်နှစ်ပြီးတစ်နှစ် တစ်ရွာပြီးတစ်ရွာ အလှည့်ဆီကြွက်ဘေးဒဏ်ကျ‌ရောက်မှု ပိုဆိုးရွားလာနေတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button