မြစ်ကြီးနားမှာ Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးကြိုးခိုးယူခံရတဲ့ဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်လာနေပြီး Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရတယ်လို့ မြစ်ကြီးနားဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။
လက်ရှိ KNG စုံးစမ်းရရှိထားချက်အရ ဖေဖော်ဝါရီလ ပထမတစ်ပတ်ကျော်အတွင်း လျှစ်စစ်မီးကြိုးခိုးခံရတဲ့ဖြစ်စဉ် ၃ ခုကြိမ်ထိဖြစ်ခဲ့ပြီး လယ်ကုန်း၊ ဇီးလွန်၊ ကွက်သစ်ဘက်မှာ အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။
ပထမဖြစ်စဉ်မှာ ဖေဖော်ဝါရီ ပထမအပတ် လယ်ကုန်း၊ဇီးလွန်၊ကွက်သစ်ရပ်ကွက်ရှိ အိမ်ခြေအများစုကို မီးကြိုးသွယ်ပေးတဲ့ Transformer စက်ကြီးကနေ မီးကြိုးကြီးတွေအားလုံးကို ဖြုတ်ခိုးခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေပြာပါတယ်။
ဒါကြောင့် လျှပ်စစ်မီးပြန်လာဖို့အတွက် ကျပ်သိန်း ၆၀ အကုန်ကျခံကာ တစ်အိမ်ကို ၅ သောင်းကျပ်နှုန်းနဲ့ လျှပ်စစ်ကြိုးအသစ်တွေကို ပြန်လည်တပ်ဆင်ပြီး ပြုပြင်ခဲ့ရတယ်လို့ ခုလိုပြောပါတယ်။
“ဖြစ်တာ သုံးလေးရက်တစ်ပတ်မှဘဲ သိတာ။ အကုန်လုံးက မီးမမှန်လို့ဘဲလို့ ထင်ထားကြတာလေ။ သူတို့ဟာက အိမ်မှာသွယ်ထားတဲ့ မီးကြိုးတွေတော့ မဟုတ်တော့ဘဲနဲ့ Transformer က မီးကြိုးအကြီးမျိုး ဖြစ်နေတာတဲ့”လို့ ဆိုပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံတောင် service ကြိုးတွေအခိုးခံခဲ့ရသလို ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း လယ်ကုန်းရပ်ကွက် နယ်မြေ ၃မှာလည်း serviceမီးကြိုးတွေ ပြန်အခိုးခံလိုက်တယ်လို့ သိရပါတယ်။
ခုလို မီးကြိုးတွေအခိုးခံရမှုတွေကြောင့် အနည်းဆုံး အိမ်ခြေ ၅ ခုလောက်ကတော့ လျှပ်စစ်မီးတွေ ပျက်ခဲ့ရသလို ငွေကြေးကုန်ကျမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ခုလို အမှောင်ကျနေတဲ့ အချိန်တွေမှာ ခိုးလေ့ရှိတဲ့ သူခိုးတွေအတွက်ကတော့ လျှပ်စစ်မီး မကြာခန ပြတ်တောက်တာတွေဟာ အားသာချက်လို ဖြစ်နေပါတယ်။
လျှပ်စစ်မီးကြိုးခိုးတာတွေအပြင် အိမ်ထဲက အဖွဲ့လိုက် ဆိုင်ကယ်ဝင်ခိုးတာတွေ၊ ရပ်ကွက်တွေထဲက ပေါ်ပေါ်တင်တင် ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာ လုယက်တာတွေကိုပါ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။
ခုလို ခိုးဆိုးလုယက်သူတွေဟာ ပိုမိုအတင့်ရဲလာတဲ့အတွက် မြစ်ကြီးနားမြို့က အပြစ်မဲ့ပြည်သူတွေအတွက်ကတော့ လုံခြုံမှုမရှိသလို ပိုမို ခံစားလာရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လုယက်ခံရတဲ့သူတွေအနေနဲ့လည်း ထိခိုက်ဒဏ်ရခဲ့တဲ့သူတွေရှိသလို တချို့ကတော့ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
KNGကနေပြီးတော့ လက်လှမ်းမှီသလောက် လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ အရပ်သားပြည်သူတွေဆီက ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရဆိုရင် မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနှစ်ဦးရှိခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ခိုးဆိုးလုယက်မှုတွေကို သေချာ အရေးယူဆောင်ရွက်ပေးဖို့ ပြည်သူတွေကနေပြီးတော့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
By – Hope



