ဖားကန့်မှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးထိခိုက်ပြီး တစ်ဦးသေဆုံး
ဖားကန့် မော်ဝမ်းကြီးကျေးရွာအနီး ရှရော်ခ၊ တောင်ပြိုကျေးရွာမှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးသေဆုံး၊ နောက်ထပ် ၃ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေ ပြောပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။
“ကလေးငယ်တွေ သေဆုံးတဲ့ ကိစ္စက တောင်ပြိုမှာ ဖြစ်သွားတာဟုတ်တယ်။ တွေ့ရှိတဲ့သူတွေ ပြောသလောက်ဆိုရင် ကလေးတွေက မြေမြှုပ်မိုင်းကို ကျောက်ခဲနဲ့ သွားထုရင်း ဆော့နေကြတယ်လို့ ပြောတယ်။ အဲဒီနေရာကလည်း လက်ရှိ စစ်ရေးတင်းမာနေတဲ့ ရှေ့တန်းနယ်မြေဖြစ်တယ်။ ကလေးတွေ အဲဘက်ဘယ်လို ရောက်သွားကြလဲ မသိဘူး” လို့ ပြောပါတယ်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာမှာ အသက် ၇ နှစ်အရွယ် မောင်နေဝင်းထွန်းဆိုသူ ကလေးငယ်က ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
နောက်ထပ် ကလေးငယ် ၃ ဦးက အသက် ၁၁ နှစ်အရွယ် မောင်ဦးကိုလင်း၊ အသက် ၂ နှစ်အရွယ် မောင်မင်းသူရိန် နဲ့ အသက် ၈ နှစ်အရွယ် နန်းခိုင်စိုး စတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးက ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တောင်ပြိုကျေးရွာဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေရှိခဲ့ပြီး ဖားကန့် ဗျူဟာကုန်းရဲ့ အနောက်ဘက်ခြမ်း ၄ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကလေးငယ် ၄ ဦးထိခိုက်၊ သေဆုံးမှုရှိခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီးနောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက “လက်နက်ကြီးကျပြီး ပေါက်ကွဲသွားတာတော့မဖြစ်နိုင်ဘူးလို့ပြောရမယ်။ အဓိကတော့ အားလုံးသိထားတာလည်း လမ်းဘေးက မိုင်းဆော့နေရင်းနဲ့ ပေါက်ကွဲလာတယ်လို့ပဲသိကြတာ။ မသိလိုက်တာက ကြိုးမိုင်းလား၊ ထောင်မိုင်းလား။ ဒီမနက်ခင်းမှာ လက်နက်ကြီးပစ်တာလည်းမရှိခဲ့ဘူး”လို့ပြောပါတယ်။
ဖားကန့် ပြည်သူတစ်ချို့ ရဲ့ ပြောဆိုချက်ကတော့ တိုက်ပွဲအတွင်း နှစ်ဖက်တပ် အပြန်အလှန် ပစ်ခတ်ရင်းကနေ မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ လက်နက်ကြီးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဖားကန့်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်ပြီး မရှီကထောင်ကျေးရွာဘက်ကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတာ နှစ်ပတ်ကျော်ကြာမြင့်လာပြီ ဖြစ်ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက်ဖြစ်နေတာပါ။
၂၀၂၅ ခုနှစ်အတွင်း စစ်တမ်းတွေကနေတွေ့ရတဲ့ အချက်အလက်အသစ်အရ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အရပ်သား နှစ်ဦးဟာ နေ့စဉ် မြေမြှုပ်မိုင်းနဲ့ တခြား ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးလျက်ရှိတယ်လို့ ကုလသမဂ္ဂက ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးလုပ်ငန်းများနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းများ အဆက်မပြတ်လိုအပ်နေတာ သိသာထင်ရှားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြေမြှုပ်မိုင်းနဲ့တခြား ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ တောက်ပပြီး ကစားစရာပစ္စည်း ဒါမှမဟုတ် ဘောလုံးပုံစံမျိုး ဖြစ်နိုင်ပါတယ်။ ပုံစံသဏ္ဋာန် အမျိုးမျိုးဖြင့် ဖန်တီးထားတာကြောင့် ကလေးတွေအတွက် စိတ်ဝင်စားစရာ ဖြစ်စေပြီး အန္တရာယ် အလွန်ရှိကြောင်း စစ်တမ်းတွေ ဖော်ပြနေပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး အသိပညာများကို သိရှိထားဖို့ လိုအပ်သလို ကလေးငယ်တွေကိုလည်း မြေမြှုပ်မိုင်းနှင့် ပတ်သက်ပြီး ထိတာ၊ ကိုင်တာ မလုပ်မိစေဖို့ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



