သတင်း

ကချင်ပြည်နယ်ရဲ့မြို့နယ်တစ်ချို့မှာ ဆီဆိုင်အများပိုင်းပိတ်၊ စက်သုံးဆီအကန့်သတ်နဲ့ဝယ်ယူနေရ

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့အပါအဝင် ဖားကန့်၊ ပူတာအို၊ တနိုင်း စတဲ့မြို့တွေမှာ ဒီကနေ့ မတ်လ ၄ ရက်နေ့ကစလို့ ဆီဆိုင်တွေမှာတန်းစီနေတဲ့လူတန်းရှည်ကြီးတွေတွေ့လာရသလို စက်သုံးဆီဆိုင်တချို့က အကန့်အသတ်ဖြင့်သာဆီကို ရောင်းချ တာ၊ တချို့ဆိုင်တွေဆိုပိတ်ထားရတာတွေရှိလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖားကန့်မြို့မှာတော့ ဒီကနေ့မတ်လ ၄ ရက်နေ့အစောပိုင်းက တစ်နယ်လုံးစက်သုံးဆီအလုအယက်ဝယ်ယူမှုတွေရှိခဲ့ပြီး မြန်မာစံတော်ချိန် ၁၀ နာရီနောက်ပိုင်းကစလို့ ဆီဆိုင်အများစုပိတ်ထားတာတွေ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆီဆိုင်တချို့ဆိုတာထက် တော်တော်များများကိုပိတ်ကုန်ကြပြီ။ မနက်အစောပိုင်းကတော့ ဆီအလုအယက်ဝယ်တာတွေ တစ်မြို့လုံးတစ်နယ်လုံးဘဲ ပုံးတွေဆွဲပြီးတော့ ဆီရတဲ့နေရာလိုက်ဝယ်နေတာတွေ့ရတယ်။ မနက်အစောပိုင်းကတော့ ပါဆယ် ပုံးတွေနဲ့ပေးတယ်။ နောက်ပိုင်းကျပါဆယ်ပုံးတွေနဲ့ရောင်းမပေးတော့ဘဲ ဆိုင်ကယ်လာရင်ဆိုင်ကယ်ထဲပေးထည့်ပေါ့။ ၁၀ နာရီ နောက်ပိုင်းမှာတော့ ဆိုင်ကြီးတော်တော် များများပိတ်သွားပြီ။လို့ဖားကန့်မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

မြို့တော်မြစ်ကြီးနားမြို့မှာတော့ အလုအယက်ဝယ်ယူမှုတွေအပြင် စက်သုံးဆီကန့်သတ်ရောင်းဝယ်တာတွေရှိနေသလို ပုံမှန် စက်သုံးဆီဈေး တစ်လီတာ ကျပ် ၆၈၀၀ ဝန်းကျင်ကနေ ကျပ် ၇၁၀၀ကျပ် ၁သောင်း အထိမြင့်တက်နေပြီး ဆိုင်တချို့ ပိတ်ထားရတဲ့အခြေနေတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

တစ်ဖက်မှာ ရွှေမှော်ဒေသဖြစ်တဲ့ တနိုင်းမြို့မှာတော့ ဒီဇယ်ရောင်းဝယ်မှုတွေကိုရပ်ထားပြီး တခြားသောစက်သုံးဆီ အမျိုးအစား တွေကတော့ဝယ်လို့ရနေသေးတယ်လို့ သိရပါတယ်။

တနိုင်းမှာက ဒီဇယ်ကတော့မရောင်းတော့ဘူး။ ဓာတ်ဆီတွေကတော့ လမ်းဘေးဆိုင်တွေရော ဆီပန့်ဆိုင်တွေမှာရောထည့်လို့ရ သေးတယ်။ တနိုင်းဘက်မှာတော့ ဟိုလိုကြီးအလုအယက်တော့မဖြစ်သေးဘူးပြောတယ်။ဒါပေမဲ့ ဒီဇယ်ကတော့မရောင်းပေး တော့ဘူးပြောတယ်။ ဘာလို့ဆို အဲ့ဘက်ကမှော်ဒေသဆိုတော့ ဒီဇယ်အရမ်းလိုတယ်လေ။ အခုလိုမျိုးအခက်အခဲဖြစ်တော့ ဈေးတက်တာကိုစောင့်နေတယ်လို့ပြောတယ်တနိုင်းဒေသခံတစ်ဦးက‌ ပြောပါတယ်။

ဒါ့အပြင် ပူတာအိုမြို့ပေါ်မှာတော့ စက်သုံးဆီဈေးနှုန်း တစ်လီတာ ကျပ် ၈၅၀၀ နဲ့ပုံမှန်ဈေးနှုန်းအတိုင်းရောင်းချပေးနေပေမဲ့ အလုအယက်ဝယ်ယူမှုတွေရှိတာကြောင့် စက်သုံးဆီကိုလူတစ်ဦးကိုဘယ်လောက်နှုန်းနဲ့ အကန့်အသတ်ဖြင့်သာရောင်းချပေးနေ တယ်လို့သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အီရန် နဲ့ အမေရိကန်၊အစ္စရေး စစ်ပွဲနောက်ဆက်တွဲအခြေနေကြောင့်လို့ဆိုကာ မြန်မာနိုင်ငံမှာလည်း စက်သုံးဆီပြတ်လပ်မှုတွေ ကြုံလာနိုင်တဲ့အခြေနေတွေကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးအတွက် စည်းကမ်းသတ်မှတ်ချက် တွေကို မနေ့က မတ်လ ၃ ရက်နေ့မှာဘဲထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ပုဂ္ဂလိကပိုင်ယာဥ်တွေအနေနဲ့ လစဥ် စုံရက်တွေမှာ စုံအက္ခရာပါတဲ့ယာဥ် နဲ့ မ ရက်တွေမှာ မအက္ခရာ ပါတဲ့ ယာဥ်တွေကို အသုံးပြုဖို့၊ EV လို့ခေါ်တဲ့ လျှပ်စစ်မော်တော်ယာဥ်တွေကတော့ နေ့စဥ်မောင်းနှင်နိုင်တယ်လို့ဆိုထားပါတယ်။

ချွင်းချက်အနေနဲ့တော့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဥ်တွေ၊ အငှားယာဥ်တွေ၊ စက်သုံးဆီသယ်ယူပို့ဆောင်ရေး ယာဥ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဥ်တွေအပါအဝင် တခြားသော လုပ်ငန်းသုံးနဲ့ သယ်ယူပို့ဆောင်ရေးယာဥ်တွေကတော့ နေ့စဥ်အသုံးပြုနိုင်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စက်သုံးဆီလုပ်ငန်းရှင်တွေအပါအဝင် ပြည်သူတွေအနေနဲ့လည်း စက်သုံးဆီဝယ်ယူစုဆောင်းတာ၊ ဈေးနှုန်းတင်ပြီးရောင်း တာတွေ လုံးဝမလုပ်ဖို့သတိပေးထားပါတယ်။

ဒါပေမဲ့ အဲ့ဒီလိုကန့်သတ်ချက်တွေထုတ်ပြန်ပြီးတဲ့နောက်မှာဘဲ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက မြို့တွေ အတော်များများမှာ စက်သုံးဆီရရှိဖို့အတွက်အလုအယက်ဝယ်ယူကြတာ တချို့ဒေသတွေမှာ စက်သုံးဆီဆိုင်တွေပိတ်ထားရတာ၊ အကန့်အသတ်နဲ့ရောင်းချတာ စတဲ့အခြေနေတွေကို ကြုံနေရတယ်လို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button