သတင်း

မြစ်ကြီးနား-မန္တလေးလမ်း‌မရှိ ကျေးရွာတွေမှာ KIA စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများဝေဖန်

ကချင်ပြည်နယ်ရဲ့ဝင်ပေါက် မော်လူးမြို့နဲ့ နဘားရွာကြားက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအပါအဝင် ခရီးသွားကားပေါ် လိုက်ပါလာတဲ့ လူငယ်အမျိုးသား၊အမျိုးသမီးတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများအကြား ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းကစလို့ အခုလိုခရီးသွားတွေနဲ့ မော်လူးနဘား ဒေသတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေအပါအဝင် အဲ့ဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာနေတဲ့ခရီးသွားကားတွေပေါ်လိုက်ပါလာတဲ့ အရပ်သားတွေကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က စုဆောင်းရေးဆွဲနေတာလို့ဒေသခံတွေကပြောပါတယ်။

ကျနော်တို့ဘက်မှာ ပေါ်တာတွေအရမ်းဆွဲနေတာဟုတ်တယ်။ ခရီးသွားတွေရောပေါ့နော် ပေါ်တာဆွဲနေတာကြောင့် အခက်တွေ့ နေတာပေါ့။ အခုလည်းတချို့ရှေ့ဆက်မသွားနိုင်ပိတ်မိနေကြတာပေါ့။ ဒီက ဒေသခံတွေ ဆိုင်ကယ်နဲ့ခရီးသွားတာ၊ ဈေးသွားဝယ် တာဆိုရင်လည်း လမ်းမှာဆွဲချခံရတာတွေရှိတယ်။ အခုလည်း ခရီးသွားတွေပါမက ဒေသခံတွေပါသွားရလာရခက်ခဲနေတယ်။ ပေါ်တာဆွဲနေတာဆိုတော့လေ ဘယ်မှမသွားမလာရဲဖြစ်နေကြပြီလို့ KIA ကစုဆောင်းရေးဆွဲနေတာကြောင့် ကြုံနေရတဲ့အခြေနေကို ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

မြန်မာပြည်အထက်ပိုင်းကချင်ပြည်နယ်ကိုဦးတည်ခရီးသွားချင်တဲ့ ခရီးသွားတွေအပါအဝင် ကချင်ပြည်နယ်ကနေ တခြားသော မြန်မာပြည်အောက်ဘက် ခြမ်းဒေသတွေကို ခရီးသွားလာဖို့အတွက် လက်ရှိမှာ ကားလမ်းကြောင်းတစ်ခုကိုသာ ခရီးသွားတွေက အသုံးပြုနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ATR-72-600 ခရီးသည်တင် လေယာဉ် တစ်စင်းမြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်အမြီးပိုင်းအနည်းငယ်ထိမှန်ပျက်စီးခဲ့ရာကနေ လေကြောင်းခရီးစဥ်အားလုံးရပ်ဆိုင်းနေတာဒီနေ့အထိဖြစ်ပါတယ်။

ဒါ့ကြောင့် အခုလိုမဖြစ်မနေ ကုန်းလမ်းကြောင်းဖြစ်တဲ့ မန္တလေးမြစ်ကြီးနားလမ်းမကြီးကို ခရီးသွားတွေအသုံးပြုနေရတဲ့အချိန် ခရီးသွားတွေအပါအဝင် အဲ့ဒီဒေသက ဒေသခံတွေကိုစုဆောင်းရေးဆွဲတဲ့အပေါ် ဒေသခံတွေကဝေဖန်နေကြတာဖြစ်ပါတယ်။

PSA

အဓိကတော့မဆွဲစေချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီကာလမှာကျတော့ မဖြစ်မနေခရီးသွားလာရတဲ့ပြည်သူတွေပဲလေနော့။ အကုန်လုံးကသွားချင်လို့သွားနေကြတာမဟုတ်ဘူး။ မိသားစုအတွက်ကိုအလုပ်ထွက်လုပ်တဲ့ပြည်သူတွေလည်းရှိတာပဲလေ။ အခုက ဒီလိုတွေဆွဲနေတော့ ပြည်သူတွေအတွက်ကို အရမ်းကိုကြပ်တည်းသွားတယ်။ဒုက္ခရောက်သွားတယ်။ သွားရေးလာရေးက အစ မသွားရဲမလာရဲဖြစ်သွားတယ်ပေါ့လို့ အထက်ပါဒေသခံအမျိုးသားကဆက်ပြောပါတယ်။

လက်ရှိ KNG ကစုံစမ်းသိရသလောက် မတ်လလဆန်းပိုင်းကနေ ဒီနေ့အထိ KIA ကစုဆောင်းရေးဆွဲမှုမှာ လူငယ်အမျိုးသား နဲ့ အမျိုးသမီး ၄၀ နီးပါးလောက်စုဆောင်းရေးဆွဲခံထားရတယ်လို့သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က စုဆောင်းရေးဆွဲတာတွေ ပြု‌လုပ်နေတဲ့ မော်လူးနဘား ဒေသတွေကို တော်လှန်ရေး အင်အားစုတွေကထိန်းချုပ်ထားပြီး မော်လူးမြို့ကိုဆိုရင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက တော်လှန်ရေးအင်အားစုတွေ က အပြီးသတ်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စစ်မှုမထမ်းမနေရ ဥပဒေစစ်အုပ်စုကထုတ်ပြန်ချိန်ကစလို့ အဆိုပါ မြစ်ကြီးနားမန္တလေးလမ်းပိုင်းဟာ အသက်ပြည့်ပြီးတဲ့လူငယ်တွေနဲ့လူလတ်ပိုင်းတွေအတွက် မလုံခြုံတော့တာဖြစ်ပါတယ်။

တစ်ဖက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပိုင်းအတွင်း နှစ်ဖက်တပ်တွေရဲ့မကြာခဏတိုက်ပွဲတွေလည်းဖြစ်ပွားလေ့ရှိသလို အကန့်အသတ်နဲ့ဖြတ်သန်းသွားလာခွင့်တွေကြောင့် ခရီးသွားတွေဟာကွင်းလမ်းအသုံးပြု သွားလာရတာတွေလည်းရှိနေတာ ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button