သတင်း

မြစ်ကြီးနားမှာ သဲကျောက်ကား‌တွေကြောင့်လမ်းတွေပျက်စီးလာ

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ ကရပ်ကွက်တချို့ရဲ့လမ်းကြားတွေထဲ သဲကျောက်ကားကြီးများမကြာခဏဖြတ်သန်းသွားလာနေတဲ့အတွက် ကိုယ်ထူကိုယ်ထလမ်းတွေအပါအဝင် လမ်းပိုင်းပျက်စီးမှုတွေရှိလာ‌တယ်လို့မြို့ခံတွေကပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးခေါင်းစဥ်နဲ့ စစ်ကော်မရှင်လက်အောက်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက မြစ်ကြီးနားမြို့ စီတာပူ၊ မန်ခိန်၊ ရွှေစက် စတဲ့ရပ်ကွက်တွေရဲ့ မြစ်ကြောင်းတစ်လျှောက်က သဲကျောက်တွေကို တူးဖော်နေပြီး တုံဖုန်းကားကြီးတွေနဲ့နေ့စဥ် ရပ်ကွက်တွေထဲဖြတ်သန်းသွားလာနေကြတာဖြစ်ပါတယ်။

ဒါ့ကြောင့် မြစ်ကြီးနားမြို့ စီတာပူ၊ မန်ခိန်၊ စက်မှုဇုန်၊ တပ်ကုန်းရပ်ကွက် နဲ့ အင်ဂျန်ဒုံရပ်ကွက်တွေက ကတ္တရာခင်းလမ်းတွေ ပျက်စီးမှုတွေရှိနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ယခင်က အင်ဂျန်ဒုံရပ်ကွက်ရဲ့ ဥက္ကဋ္ဌလုပ်ခဲ့ဖူးတဲ့ ဦးဘောက်နော်ကလည်း မြစ်ကြီးနားမြို့တွင်း သဲကျောက်တင်ကားတွေကြောင့် ကြုံတွေ့နေကြရတဲ့အခြေနေကို သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေတစ်ဆင့် ဗီဒီယိုနဲ့တကွတင်ထားတာကိုတွေ့ရပါတယ်။

ဒီလမ်းမပျက်ဘယ်ခံနိုင်မလဲကွာ။ သဲကျောက်ကားတွေအကြီးကြီးတွေ။ သဲကျောက်တွေကလည်းတောင်လိုကိုပုံထားတာဘဲ။ ဒီလမ်းမပျက်တော့ဘယ်ရှိမလဲ။ over weight တွေဘဲ သဲကျောက်ကားတွေ နေ့တိုင်းဝင်ထွက်နေတာ။ အင်ဂျန်ဒုံကမိဘပြည်သူ တွေ အလှူရှင်တွေဝိုင်းခင်းထားတဲ့လမ်း။ ကိုယ့်အားကိုယ်ကိုးပြီးခင်းထားတာ။ ကတ္တရားလမ်းတွေအက်ကုန်ပြီ။ ဒါတောင် တစ်ပတ် နှစ်ပတ်လောက်ပဲရှိသေးတယ်။ စုတ်ပြတ်သတ်နေပြီ။ လမ်းတွေအကုန်အက်ကွဲကုန်ပြီလို့ ဦးဘောက်နော်က အဲ့ဒီရုပ်သံမှာပြောဆိုထားပါတယ်။

PSA

အခုလို သဲကျောက်တင်ကားကြီးတွေဟာ အထက်ပါမြစ်ကြီးနားမြို့ကရပ်ကွက်တွေထဲ တစ်နေ့ကို အခေါက်ရေရာနဲ့ချီ နေ့စဥ် ဖြတ်သန်းသွားလာနေကြတာဖြစ်ပါတယ်။

ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့ လမ်းပိုင်းပျက်စီးတာတွေအပါအဝင် လမ်းပိတ်ဆို့တာ၊ ဖုန်ထတာ၊ ကျောက်ခဲလွှင့်စင်တာတွေ ကြောင့် ကလေးငယ်တွေအတွက်အန္တရာယ်ရှိတာအပြင် ဒေသခံတွေရဲ့နေ့စဥ်လူနေမှုဘဝတွေအပေါ်လည်းသက်ရောက်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။

မန်ခိန်ရပ်ကွက်က ဒေသခံအမျိုးသားတစ်ဦးကတော့သဲကျောက်ကားဖြတ်တဲ့လမ်းတွေဆို သွားလို့တောင်မလွယ်ဘူး။ သူတို့ကားတွေကြီးဘဲ ဖုန်တလူးလူးနဲ့။ လမ်းတွေကလည်းကြပ် အဲ့ကားတွေရှေ့ကသွားနေပြီဆိုရင်သွားရလာရတာတအားခက်တာပေါ့လို့ဆက်ပြောပြပါတယ်။

သဲကျောက်ကားကြီးတွေဖြတ်သန်းမောင်းနှင်တာကြောင့် ဖုန်ထူထပ်တာကို စည်ပင်သာယာက ရေဖြန်းတာတွေ လုပ်ဆောင်ပေး နေပေမဲ့လည်း ထိရောက်မှုမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သဲကျောက် တူးဖော်တယ်ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ရွှေတူးဖော်မှုတွေကိုဆက်တိုက်လုပ်ဆောင်လာတာလည်း ဒီနေ့အထိဖြစ်ပါတယ်။

ဒါ့အပြင် နှစ်နှစ်ဆက်တိုက် ရေကြီးရေလျှံမှုကိုကြုံတွေ့ခဲ့ရတာကိုအကြောင်းပြပြီး မြစ်ကြောင်းရှင်းလင်းရေးလို့ဆိုကာ သဲကျောက် တွေကိုနေ့စဥ်တူးဖော်နေသလို အဲ့ဒီနောက်ကွယ်မှာတော့ရွှေတူးဖော်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button