မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရကြောင်းမျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဒီမနက် ၅နာရီ ၅၄မိနစ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် သံလမ်းကူးအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်ခံထားရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ခုလိုပြောပြပါတယ်။
“ကျွန်တော်တို့ သွားတဲ့အချိန်က တောင့်နေတာ ညပိုင်းကတည်းသေနေတာ ထင်တယ်။ ကျွန်တော်တို့လည်း အတိအကျတော့ မကြည့်တတ်ဘူး”လို့ ဆိုပါတယ်။
သေဆုံးသူအမျိုးသားရဲ့ဗိုက်နဲ့တင်ပါးမှာ သေနတ်ဒဏ်ရာတစ်ချက်စီတွေ့ရတယ်လို့ သိရပါတယ်။
နာမည်နဲ့ နေရာလိပ်စာကိုသေချာမသိရှိရပေမယ့် အသက်အရွယ်အားဖြင့် ခန့်မှန်းချေ အသက်၂၅ နှစ်ကနေ ၃၀နှစ်ဝန်းကျင်ကြားရှိနိုင်တယ်လို့ သိရပါတယ်။

ရုပ်အလောင်းကိုတော့ တာဝန်ရှိသူတွေ ဆက်လက်စီစစ်နေတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေလည်း များပြားနေပြီး ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်မှာလည်း သတ်ဖြတ်မှုတွေ မကြာခန ဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။
ဖြစ်စဉ်တွေကတော့ ၂၀၂၅ နိုဝင်ဘာလ ၁၀ ရက် မနေ့ည ၁၁ နာရီဝန်းကျင်အချိန် ယုဇနရပ်ကွက် ဘုန်းကြီးကျောင်းထီးတင်ပွဲကျင်းပနေတဲ့ ကျောင်းဝန်းအပြင် ပွဲစျေးတန်းရှေ့မှာ အမည်မသိ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံမှု၊ စက်တင်ဘာလက ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံထားရတဲ့ ဒဏ်ရာနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၃၁ ရက် ဒီမနက် ၇ နာရီ ၁၅ ဝန်းကျင်အချိန် ရွှေညောင်ပင်ရပ်ကွက်မှာ ဓားဒဏ်ရာ ၁၀ ချက်ဝန်းကျင်နဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရပြီး ဩဂုတ်လ ၂၉ ရက် ညနေ ၂ နာရီဝန်းကျင်အချိန် ဂျန်မိုင်ကောင် ရပ်ကွက် နယ်မြေ (၁၂)မှာလည်း သူငယ်ချင်းနှစ်ဦး ရန်ဖြစ်ရာကနေ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
By – Hope



