ပူတာအို-ခေါင်လန်ဖူးကားလမ်းပိုင်း မြေထပ်ပြိုလို့ ဒေသခံတွေသွားလာရေးပိုခက်ခဲလာ
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့် ဒေသခံတွေသွားလာရေးပိုခက်ခဲသွားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်မှာတစ်ကြိမ်၊ ဇွန်လမှာတစ်ကြိမ် နှစ်ကြိမ်တိတိကားလမ်မြေပြိုမှုဖြစ်ခဲ့တဲ့ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းကို ဒီနေ့ထိလမ်းပြုပြင်နိုင်ခြင်းမရှိတဲ့အတွက် ဆိုင်ကယ်နဲ့သာသွားလာနေကြရတာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီနေရာမှာပဲ ဒီနှစ် မတ်လမှာ မြေထပ်ပြိုသွားတာကြောင့် ဒေသခံတွေသွားရေးလာရေးပိုမိုခက်ခဲသွားကြောင်း ခေါင်လန်ဖူးမြို့ခံအမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။
“မနှစ်ကပြိုသွားတဲ့ဟာ အခုထိိမပြင်ပေးဘူးလေ အစိုးရက အဲ့ကြောင့်ကားသွားလို့မရဘူး ဆိုင်ကယ်နဲ့ပဲသွားရတာ အခုဆိုင်ကယ်ပဲသွားလို့ရတဲ့နေရာတွေလည်းထပ်ပြိုသွားတယ် ဒီလမှာပဲ။ အဲ့ကြောင့်ဆိုင်ကယ်သမားတွေလည်းမသွားနိုင်ဘူး တချို့နေရာတွေကဆိုင်ကယ်ထမ်းရတယ်ဆိုတော့ ပူတာအိုဆင်းဖို့လည်းမလွယ်တော့ဘူး”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။
ပုံမှန်အားဖြင့် နွေရာသီနဲ့ဆောင်းရာသီကာလတွေမှာ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းဟာ ကုန်ကားကြီးတွေအထိသွားလာလို့ရတာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ မြေပြိုမှု ၂ နှစ်ဆက်တိုက်ဖြစ်ခဲ့တဲ့အပြင် ဒီနှစ်မှာလည်း ထပ်ပြုသွားတာကြောင့် လတ်တလော ပူတာအို–ခေါင်လန်ဖူးလမ်းပိုင်းမှာ ဆိုင်ကယ်နဲ့ခက်ခက်ခဲခဲသွားလာနေရပြီး လမ်းခရီး ၃ ညထက်မနည်းကြန့်ကြာတယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းကတော့လမ်းမှာ သုံး၊လေးည ညအိပ်ရတယ် လမ်းကထပ်ပြိုထားလို့ ပိုဆိုးသွားတာ မနှစ်က နည်းနည်းသွားလို့ရတဲ့နေရာ ဒီနှစ်ဆိုင်ကယ်ထမ်းတင်ရတဲ့နေရာတွေဖြစ်လာတယ်။ အဲ့မှာကယ်ရီခကလည်းပိုစျေးတက် သွားတာပေါ့ လမ်းခရီးလည်းကြာ ငွေကြေးလည်းပိုကုန်ဖြစ်နေတာ”လို့နောက်ထပ် ဒေသခံတစ်ဦးပြောပါတယ်။
လက်ရှိပြိုထားတဲ့နေရာတွေဟာ မနှစ်ကပြိုထားတဲ့ ပူတာအို–ခေါင်လန်ဖူးကြားရှိ ရီဒမ်းဂိတ်အကျော်နေရာတွေနဲ့ ဆန်းလွန်းချက်တောင်ကြားတစ်လျှောက်နေရာတွေမှာထပ်ပြိုထားကြောင်းသိရပါတယ်။
ဒီလမ်းပိုင်းဟာ သုံးကြိမ်တိတိပြိုထားပေမယ့် ဒီနေ့ထိပြုပြင်ပေးခြင်းမရှိတဲ့အတွက် တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ အမြန်ပြုပြင်ပေးဖို့ ဒေသခံပြည်သူတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတောင်းဆိုမှုတွေရှိလည်းရှိနေပါတယ်။
ယင်းလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်ပြီး အခုလိုအသွားအလာခက်ခဲတာ ကုန်ကားတွေအဝင်ပြတ်တောက်သွားတာတွေကြောင့်
ခေါင်လန်ဖူးဒေသခံအတွင်း အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို တရုတ်ပြည်နယ်စပ် ဝင်ပေါက်ဖြစ်တဲ့ရှိန်းခေါင်လမ်းပိုင်းကိုအသုံးပြုနေရတယ်လို့သိရပါတယ်။
ဒါပေမယ့် ရှိန်းခေါင်– ခေါင်လန်ဖူးလမ်းပိုင်းကလည်း ခက်ခဲတဲ့တွက် ကုန်တွေကို ခေါင်လန်ဖူးမြို့ထဲရောက်ဖို့ ဆိုင်ကယ်၊ လားတွေနဲ့အဆင့်ဆင့်သယ်ယူရတာကြောင့် ခေါင်လန်းဖူးမြို့ထဲကုန်စျေးကြီးတာ၊ကုန်စည်ရှားပါးတာတွေကြုံတွေ့နေရကြောင်းသိရပါတယ်။
ပူတာအို –ခေါင်လန်းဖူး ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပါတယ်။
ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လမှာ မိုးရွာသွန်းမှုကြောင့် ရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီး လနဲ့ချီ အသွားအလာပြတ်တောက်မှုတွေကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။
By – Zaw Zaw



