မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

အင်းတော်ကြီးဒေသမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်သောက်သုံးရေခက်ခဲတဲ့အထိဖြစ်လာ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင် နဲ့ မမုံကိုင်ကျေးရွာတွေမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်ဒေသခံတွေသောက်သုံးရေ ခက်ခဲတဲ့အထိ ဖြစ်လာနေတယ်လို့ သိရပါတယ်။

အင်းတော်ကြီးသေထဲမှာ တရားမဝင် ရွှေတူးဖော်မှုတွေဟာ စစ်အာဏာသိမ်းနောက်ပိုင်းကစပြီး တနေ့တခြား ပိုမိုဆိုးရွားလာရာကနေ ၂၀၂၄၂၀၂၅ ခုနှစ်တွေမှာ ကျေးရွာဧရိယာအထိ ရွှေတူးဖော်မှု ရှိလာတဲ့အပြင် ကျေးရွာထဲက လူနေအိမ်ခြံဝင်း တွေအထိ ရွှေတူးဖော်မှုတိုးချဲ့လာတာကြောင့် လက်ရှိ ဒေသခံတွေသောက်သုံးရေ ခက်ခဲလာတဲ့အထိ ဖြစ်လာနေတယ်လို့ မိုင်းနောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

သုံးရေကော၊သောက်ရေကော ရေတွင်းကနေပဲသုံးနေရတာပါ အရင်ကတော့ ရွာပတ်ပတ်လည်မှာပဲတူးတာအခုက ရွာထဲအထိ ရွှေတူးလာတော့ ရေတွင်းတွေခမ်းလာတယ်ရှင့် အရင်နှစ်တွေတစ်ခါမှရေမခမ်းဘူးအခုရွှေတူးတော့မှရေခမ်းလာတာလို့ အသက် ၃၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသမီးကပြောပါတယ်။

မိုင်းနောင်ကျေးရွာမှာ ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေတုန်းကတော့ ကျေးရွာနောက်ကြောက တောစပ်တွေမှာသာ ဘတ်ဖိုး အစီး ၂၀ ဝန်းကျင်လောက်နဲ့ ရွှေတူးဖော်မှုတွေရှိခဲ့ပြီး ၂၀၂၅ ခုနှစ်ကနေတော့ ကျေးရွာထဲက လူနေအိမ် ခြံဝင်းနဲ့လူမနေတဲ့ ခြံလွတ်တွေကို ဝယ်ယူပြီး ရွှေတူးဖော်မှုတွေ စတင်လုပ်ဆောင်လာတာလို့ သိရပါတယ်။

အလားတူ မိုင်းနောင်ကျေးရွာနဲ့ ၂ မိုင်ကျော် ဝေးတဲ့ မမုံကိုင်ကျေးရွာထဲမှာလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး ကျေးရွာထဲအထိ ရွှေတူးဖော်မှုတွေရှိနေတာကြောင့် လက်ရှိမှာတော့ ကျေးရွာရဲ့ သုံးပုံနှစ်ပုံမှာ အကြီးအကျယ် ရွှေတူးဖော်မှုတွေ လုပ်ဆောင်နေကြောင်း မမုံကိုင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မမုံကိုင် ထဲကရပ်ကွက် ၄၊၅ ခုမှာကအကုန်ရွှေတူးကုန်ပြီ အကုန် က်န္တာက ရွာမရပ်ကွက် နောက်ပြီးစာသင်ကျောင်းရှိတဲ့ ဘက်တွေလောက်ပဲ ကျန်တယ် ကျန်တဲ့ရပ်ကွက်တွေမှာက ရွှေတူးကုန်ပြီ အိမ်တွေရောင်းပြီးကိုတူးခိုင်းနေခြံကိုရောင်း ရောင်းပြီးမှလွတ်တဲ့ နေရာလေးမှာ အိမ်ပြန်ဆောက်နေကြတာလို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားက ပြောပါတယ်။

မမုံကိုင်ကျေးရွာမှာလည်း ကျေးရွာထဲအထိရွှေတူးဖော်မှုတွေကြောင့် မိုင်းနောင်နဲ့အလားတူ ရေတွင်းတွေ ခမ်းခြောက်လာပြီး သောက်သုံးရေ ခက်ခဲတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

PSA

ခါတိုင်းနှစ်တွေလဲ ဒီရေတွင်းတစ်ခုပဲသုံးနေရတာပါ ဒါပေမယ့်အရင်နှစ်တွေက ရေမခမ်းပါဘူး ၁၂ ရာသီသုံးလို့ရတယ် ဖောဖောတီတီပဲ အခုဒီနှစ်ထဲမှရေတွင်းတွေကခမ်းနေတာ တစ်အိမ်ထဲလည်းမဟုတ်ဘူးအားလုံးနီးပါးပဲလို့ပြောရမယ် ရေတွင်းတွေက ရေမရှိဘူး ရွာအထိ ရွှေတူးတော့ ရေကြောတွေကပြောင်းပြီး ရွှေတူးတဲ့ဘက်ဆီ ရေကြောတွေကရောက်တုန်တာလားလို့ အထက်ဖော်ပြပါ မမုံကိုင် ကျေးရွာနေအမျိုးသားက ဆက်ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ ယခင်နှစ်တွေမှာ ၁၂ ရာသီရေတွင်း အသုံးပြုလို့ရနေပေမယ့် ယခုနှစ်ထဲမှာတော့ ဇန်နဝါရီလကနေစပြီး ရေတွင်း ပုံမှန်နှစ်တွေနဲ့ မတူပဲသိသိသာသာခမ်းခြောက်လာပြီး ဒေသခံတွေသောက်သုံးရေ ခက်ခဲနေကြကြောင်း သိရပါတယ်။

အခုက ရာသီဥတုပူပြင်းတဲ့ ဘက်ကိုရောက်လာပြီ ရေကမရှိ ရေတခါဆွဲလို့ ရေခမ်းသွားရင်နောက်ထပ် တစ္နာရီ နှစ်နာရီလောက်ကို ရေထွက်တာစောင့်ပြီး သုံးနေရတဲ့ခြေနေဖြစ်နေပြီ အဓိက ဆိုင်တွေ၊ရေအသုံးများတဲ့သူတွေဆို ပိုပြီးဒုက္ခရောက်ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းနောင်၊ မမုံကိုင်ကျေးရွာတွေဟာ တခြားဒေသတွေမှာလို ချောင်းရေ၊တောင်ကျချောင်းရေကိုသွယ်တန်းအသုံးပြုရတာမဟုတ်ပဲ ရေတွင်း တစ်ခုတည်းကိုသာ အားထားပြီးသုံးနေရတဲ့ကျေးရွာတွေလို့ သိရပါတယ်။

အင်းတော်ကြီးဒေသထဲက ကျေးရွာတွေထဲမှာတော့ မိုင်းနောင်၊ မမုံကိုင်နဲ့ လုံးတုံကျေးရွာသုံးခုမှာသာ ရွှေတူးဖော်မှုတွေ ရှိနေကြောင်းသိရပြီး အဆိုးက မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီကျေးရွာတွေဟာ လက်ရှိ ရှမ်းနီအမျိုးသားတပ်မတော် (SNA) နဲ့ ရှမ်းနီပြည်သူ့စစ်တို့ရဲ့ ထိန်းချုပ်မှုအောက်ကျေးရွာတွေ ဖြစ်ပြီး SNA ကိုယ်တိုင်က လုပ်ငန်းရှင်တွေကို ခွင့်ပြုပေးပြီး တူးနေတာလို့သိရပါတယ်။

“SNA ခွင့်ပြုထားတာသူတို့ကိုယ်တိုင်လည်း တူးတယ် လုပ်ငန်းရှင်တွေကလည်း အိမ်ခြံကွက်တွေဝယ်ပြီးတူးတာလေး စစတူးတုန်းက ခြံကွက်တစ်ကွက်ကို သိန်း ၅၀၀ (သိန်းငါးရာ)နဲ့သိန်း ၁၀၀၀(သိန်းတစ်ထောင်)အထိပေးဝယ်တယ် ခြံကျယ်ရင်ကျယ်သလိုပေါ့စျေးကောင်းပေးတော့ ရောင်းပြီးတူးခိုင်တာလေး အခု ခြံမရောင်းချင်တဲ့သူတွေက ဒုက္ခတွေရောက်သူတို့လည်းဒုက္ခရောက်လို့ အထက်မှာ ဖော်ပြခဲ့တဲ့ မမုံကိုင်ကျေးရွာနေ အမျိုးသားကပြောပါတယ်။

လက်ရှိမှာတော့ မမုံကိုင်ကျေးရွာထဲမှာ ဘတ်ဖိုး အစီး ၈၀ နီးပါးနဲ့ မိုင်းနောင်ကျေးရွာထဲမှာ ဘတ်ဖိုး အစီး  ၇၀ လောက်နဲ့ ရွှေတူးဖော်နေတယ်လို့သိရပါတယ်။

ဒါ့အပြင်မိုးနောင်နဲ့ မမုံကိုင်ကြားထဲမှာ ကားလမ်းဘေးပတ်ပတ်လည်မှာလည်း ရွှေတူးဖော်မှုတွေရှိနေပြီး နွေရာသီကာလမှာ ဖုန်တွေထတာကြောင့် ဒေသခံနဲ့ ခရီးသွားတွေ သွားရေးလာရေးမှာ အခက်အခဲ ဖြစ်စေတယ်လို့လည်း သိရပါတယ်။

အင်းတော်ကြီးဒေသမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေ တစ်နေ့ထက်တစ်နေ့ များပြားလာနေပြီး စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေတာကြောင့် ခေါင်းတုံးချောင်းရေစီးကြောင်းတွေပျက်စီးခဲ့ပြီး ၂၀၂၂ခုနှစ်တုန်းက ဆယ်စုနှစ် တစ်ခုအတွင်း အကြီးမားဆုံးရေကြီးရေလျှံမှုဖြစ်ခဲ့သလိုအင်းတော်ကြီးကန်လည်းထိခိုက် ပျက်စီးမှုဖြစ်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အင်းတော်ကြီးကန်မှာ ကမ္ဘာ့ရှားပါး ငါးမျိုးစိတ် နှစ်မျိုးနဲ့ အခြားရှားပါး ငါးမျိုးစိတ် တစ်ရာကျော် ကျက်စားပြီး ဘေးမဲ့သဘာဝ သစ်တောမှာလည်း ငှက်မျိုးစိတ် နှစ်သောင်း ကျော်နဲ့ အခြားရှားပါးတရိစ္ဆာန်တွေရှိပြီး စတုရန်းမိုင် ၃၀၀ ကျော်ကျယ်ဝန်းတဲ့ သဘာဝ အင်းတော်ကြီးကန်ကို အရှေ့တောင် အာရှမှာ တတိယ အကြီးဆုံးကုန်းတွင်း ရေတိမ်ဒေသအဖြစ် UNESCO က ၂၀၁၆ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ဒီဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် မပျောက်မပျက် ထိန်းသိမ်းဖို့ ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့တာပါ။

By – Zaw Zaw

Show More

Related Articles

Back to top button