ကောလင်းလေကြောင်းတိုက်ခိုက်ခံရ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါ ပြည်သူ ၅ဦးသေဆုံး
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း ဖလဲရွာကို မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဘက်က တံတားဦးဘက်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အပါအဝင် စစ်ဘေးရှောင် ၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ဒေသခံ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီလေကြောင်းတိုက်ခိုက်မှုမှာ လူနေအိမ်တွေလည်း အမြောက်အမြားပျက်စီးသွားသလို တိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ဘေးရှောင်တွေရှိနေတဲ့နေရာလို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုပါတယ်။
“နေအိမ်အရေအတွက် အတိအကျတော့မသိရသေးပါဘူး။ စစ်ရေးနယ်မြေတော့မဟုတ်ဘူးဗျာ့။ စစ်ရှောင်လေးတွေလည်း ရှိနေတဲ့နေရာပါ။ မြို့နဲ့လည်းအဝေးကြီးပါ”လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့ရတဲ့အရပ်သားတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး နဲ့ အသက် ၇၀ ကျော် အဘွား အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၂၀ အရွယ်လူငယ်အမျိုးသမီးတို့အပါအဝင် အသက် ၅၀၊ ၂၀ ဝန်းကျင်အရွယ် အမျိုးသားတို့ သေဆုံးခဲ့ရတာလို့သိရပါတယ်။
ဒါကြောင့် ကောလင်းမြို့နယ်ထဲမှာ နေထိုင်နေတဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားပြီး နေထိုင်ကြဖို့၊ လူစုလူဝေးတွေကိုလည်း တတ်နိုင်သလောက် ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း မြစ်ကြီးနား – မန္တလေးလမ်းပေါ်က ကချင်ကုန်းရွာအနီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းတစ်ခု လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၂ ဦးသေဆုံးသွားခဲ့ပါသေးတယ်။
ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ယခုလ ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားစုစုပေါင်း ၇၉၅၂ ယောက်ရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။
By – အမိုး




