ဖားကန့်မှာ တိုက်ပွဲပြန်စဖြစ်နေပြီး လက်နက်ကြီးကြောင့်အရပ်သားထိခိုက်သူ ၆ ဦးအထိရှိလာ
တစ်လကျော်ခန့်အကြာ တိုက်ပွဲငြိမ်သက်နေတဲ့ ဖားကန့်ဒေသမှာ ဒီကနေ့ ဧပြီလ ၂ ရက်နေ့ကစတင်ပြီး တိုက်ပွဲပြန်ဖြစ်နေပြီး လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သူ ၆ ဦးအထိရှိလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧပြီ ၁ ရက်နေ့ ည ၈ နာရီနောက်ပိုင်းကနေ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်သံတွေ ကြားနေရပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ ဖားကန့်မြို့ပေါ် ရပ်ကွက်တွေမှာ ကျမှန်ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဖားကန့် ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“အခုအချိန်အထိ အရပ်သားထိခိုက်သူ စုစုပေါင်း ၆ ဦးရှိသွားပြီ။ ဒီမနက် ၆ နာရီခွဲလောက်ကနေ မြို့ထဲကိုကျတာ ၉ နာရီခွဲလောက်အထိဖြစ်တယ်။ မြို့ပေါ်ရပ်ကွက်ထဲမှာပဲ ၄ လုံးကျတယ်။ မြို့မ ဆောင်းကဖေး ဆိုင်ရှေ့မှာတစ်လုံး၊ ကလပ်ကုန်းမှာ ၃ လုံး၊ တစ်ချို့အလုံးတွေက လူမထိဘူး။ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ် နှစ်ယောက်ပါတယ်”လို့ပြောပါတယ်။
နှစ်ဖက်တပ် ပစ်ခတ်မှုကြောင့် ဖားကန့် မော်ဝမ်းကြီး အင်မားယန်နဲ့ မြို့မရပ်ကွက်ရှိ ယခင်ဆောင်းကဖေးဆိုင်ရှေ့၊ ကလပ်ကုန်းရပ်ကွက်တွေမှာ လက်နက်ကြီးကျမှန်ပေါက်ကွဲခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦးအပါ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ၆ ဦးထဲမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးဖြစ်ကြပြီးတော့ ၆ ဦးထဲကနေ ၂ ဦးက ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေပြောပါတယ်။
လက်ရှိ ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေကတော့ ဦးတူးခေါင်၊ အသက် ၂၆ နှစ်အရွယ် ဒမော်နော်၊ အသက် ၁၇ အရွယ် ရှရွယ်မုန်ရာ၊ အသက် ၉ နှစ်အရွယ် ဖုန်ရိန်အောင်၊ အသက် ၁၇ နှစ်အရွယ် နေသီဟာမော် တို့ဖြစ်ပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ တစ်လကျော်ခန့်ကြာအထိ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပေမယ့် ညပိုင်းအချိန်မှာ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်တာတွေ၊ တစ်ဖက်တည်း ပစ်ခတ်တာတွေ ရံဖန်ရံကာ ရှိနေရာကနေ ဧပြီလ ၁ ရက်နေ့ ညကနေ တိုက်ပွဲသံတွေ ပြန်ကြားလာရတာဖြစ်တယ်လို့ သိရပါတယ်။
အခုလို တိုက်ပွဲပြန်ပြီး ဖြစ်လာရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ ဖားကန့် မော်ဝမ်းကြီး အင်မားယန်ဘက်ကို စစ်ရေးဖောင်ဆောင်လာတာဖြစ်တယ်လို့ နောက်ထပ် ဖားကန့် ပြည်သူအမျိုးသားတစ်ဦးက စစ်ရေးနဲ့ ပတ်သက်ပြီး ဆက်ဆိုပါတယ်။
“KIA ဘက်ကနေ စစ်မျက်နှာပြန်ဖွင့်လာတဲ့ သဘောမှာရှိတယ်။ မော်ဝမ်းကြီး အင်မားယန်ဘက်ကို ထိုးစစ်ဆင်လာတယ်လို့ကြားတယ်။ KIA ဘက်ကလည်း ပစ်သလို စစ်တပ်ဘက်ကလည်း မဇွပ်ယန်အကျဉ်းထောင်ဘက်ကနေ လှမ်းပစ်နေတယ်လို့ပြောလို့ရပါတယ်။ ကလပ်ကုန်းမှာလည်း လက်နက်ကြီးကျကွဲတာတွေ ဆက်တိုက်ဖြစ်နေတယ်”လို့ပြောပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းအထိ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ဖားကန့်မရှီကထောင် အနောက်ဘက်ခြမ်း KBC ဆုတောင်းကုန်းတဝိုက်မှာ နှစ်ဖက်တပ် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
သို့ပေမယ့် လက်ရှိမှာ ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ဖို့အတွက် KIA နဲ့ PDF တပ်တွေဘက်ကနေ ဖားကန့် မော်ဝမ်းကြီး အင်မားယန်ဘက်ကို စစ်မျက်နှာဖွင့် တိုက်ခိုက်လာတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေ သုံးသပ်နေကြပါတယ်။
ဖားကန့်မှာ ဒီကနေ့ မနက်ပိုင်းအထိ နှစ်ဖက်တပ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်လောက်မှာ စစ်တပ်က ဂျက်လေယာဉ်နဲ့ လာရောက်ပျံဝဲပြီး ဗုံးကြဲတိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ၊ နှစ်ဆန်းပိုင်းကနေ စစ်တပ်ဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို နယ်မြေစိုးမိုးဖို့အတွက် ဖားကန့်မရှီကထောင်အနောက်ဘက်ခြမ်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
တစ်ဖက်မှာ KIA ဘက်ကလည်း နယ်မြေလက်မလွတ်ရေးအတွက် မရှီကထောင် အနောက်ဘက်ခြမ်း တောင်းကုန်းနေရာတွေကနေ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေတာ တစ်လကျော်ခန့် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




