လက်လွတ်လိုက်ရတဲ့ စစ်တပ်စခန်း ၃ နေရာကို KIA ပြန်လည်သိမ်းယူ

ဖားကန့်မြို့နယ် မော်ဝမ်းကျေးရွာ စစ်ဗျူဟာကုန်းအနောက်ဘက်ခြမ်းရှိ အင်မားယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ သင်္ချိုင်းကုန်းတစ်လျှောက် နေရာယူထားတဲ့ စစ်ကောင်စီတပ်စခန်း() နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲစဖြစ်တာက မနေ့ညကတည်းကဟုတ်တယ်။ ဒီမနက် ၄ နာရီကျော်လောက်မှာ တစ်ခါတည်း KIA နဲ့ PDF တပ်တွေက အင်းမားယန်၊ ဆွတ်ဘွမ့်စစ်တပ်နေရာယူထားတဲ့နေရာတွေကို ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့တယ်။ ဒီမနက် ၁၁ နာရီလောက်မှာ အမှိုက်ပုံနဲ့ သင်္ချိုင်းကုန်းတစ်ကြောက တပ်ချထားတဲ့ စခန်း ၃ နေရာလောက်ကို သိမ်းယူလိုက်ပါတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အင်းမာယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ သင်္ချိုင်းကုန်းတစ်လျှောက်မှာ စစ်ကြောင်းထိုးနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီလ ၁ ရက်‌ ညနေပိုင်းကစပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် ဖားကန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်စခန်း ၃ နေရာကို သိမ်းပိုက်ရရှိခဲ့တဲ့အပြင် တိုက်ပွဲအတွင်း စစ်တပ်ဘက်ကနေ ထိခိုက်သေဆုံးမှုများတယ်လို့ KIA စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

မနက်ပိုင်း ၁၁ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ၁၂ နာရီဝန်းကျင်လောက်ကနေ တိုက်ပွဲဖြစ်တဲ့ အင်းမားယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)ဘက်ကို ညနေပိုင်း ၄ နာရီခွဲအထိ ၃ ကြိမ် ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြီးပြောပြပါတယ်။

လေကြောင်းက မနက်ပိုင်း ဖားကန့်ကို အရင်ကြဲတယ်။ ဖားကန့်ကို နှစ်ခါရင်ကြဲပြီးမှ ဆယ်ဇင်းဘက်ကို ပြန်ကြဲသွားတယ်။ ဆယ်ဇင်းမှာ ပြည်သူတစ်ယောက်ဆုံးသွားတယ်။ ၅ ယောက်ဒဏ်ရာရသွားတယ်။ နောက်ချောင်းဝဘက်ကိုလည်း သွားတယ်လို့ကြားတယ်။ အဲ့ဘက်ကအခြေအနေတော့ အသေးစိတ်မသိရဘူးလို့ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် တပ်စခန်းတွေ ပြန်ပြီးလက်လွတ်လိုက်ရသလို သေဆုံးမှုများတဲ့အတွက် လေကြောင်းအကူလာရောက်တိုက်ခိုက်တာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေ သုံးသပ်ပါတယ်။

လက်ရှိ KIA ဘက်က ပြန်ပြီးသိမ်းယူလိုက်တဲ့ စစ်တပ်စခန်း ၃ ခုဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းဝင်ရောက်လာချိန် KIA ဘက်က လက်လွတ်လိုက်ရတဲ့နေရာတွေဖြစ်ပါတယ်။

အင်းမားယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)နဲ့ သင်္ချိုင်းကုန်း တစ်လျှောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲ တစ်နှစ်ဝန်းကျင်ခန့် တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေဖြစ်ပါတယ်။

ယခု ၂၀၂၆ ခုနှစ်ထဲမှာ စစ်တပ်က ဆိုင်းတောင်ကျေးရွာဘက်ကို ပြန်ပြီးထိန်းချုပ်နိုင်ဖို့ နှစ်ဆန်းပိုင်းကနေ ဖားကန့်မရှီကထောင် အနောက်ဘက်ခြမ်း ဆုတောင်းကုန်းရှိတဲ့ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေရာယူထားတာ ၃ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဖားကန့်တိုက်ပွဲက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ခေတ္တငြိမ်သက်သွားတာ ယခုလကုန်အထိဖြစ်ပါတယ်။

တိုက်ပွဲငြိမ်သက်နေတဲ့ တစ်လအကြာမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မော်ဝမ်း အင်မားယန်၊ ဆွတ်ဘွမ့်ဘက်ကိုခြမ်းကို တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။

ဖားကန့်မှာ တိုက်ပွဲပြန်ဖြစ်နေတဲ့အတွက် ပြည်သူတွေသွားလာတဲ့လမ်းကြောင်းတွေကိုလည်း ပိတ်ထားတယ်လို့ နောက်ထပ် ဖားကန့် ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးပြောပြပါတယ်။

အခုပြည်သူတွေကို သွားလာရေးကန့်သတ်ထားပါတယ်။ စစ်ရေးတင်းမာနေကြတယ်ဆိုတော့ သတိထားဖို့ထင်တယ်။ ဘယ်နှစ်ရက်ကြာမယ်ဆိုတာတော့ သေချာမသိရသေးဘူး။ မနက်ပိုင်းဆိုရင်လည်း တစ်ချို့လမ်းမတွေမှာ စစ်ဆေးမေးမြန်းတာတွေတော့ရှိတယ်။ မှော်ဆီစာတွေဘက်မှာလည်း အဲ့လိုပဲလို့ပြောပါတယ်။

ဒီကနေ့ ပြန်ဖြစ်တဲ့ ဖားကန့်တိုက်ပွဲကြောင့် နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီး၊ ဒရုန်းတွေဟာ ဖားကန့် မြို့မရပ်ကွက်၊ ကလပ်ကုန်းနဲ့ အင်မားယန် စတဲ့လူနေရပ်ကွက်တွေမှာ ကျမှန်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button