မြစ်ကြီးနားမှာ ဆိုင်ကယ်နှစ်စီးတိုက်မိပြီးအမျိုးသားတစ်ဦးသေဆုံး
မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မတော်တဆမှုတစ်ခုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဒီဖြစ်စဉ်က ဧပြီ ၁ ရက် ညနေ ၆ နာရီ ၅၀ မိနစ်လောက်မှာ အထက (၃) စာသင်ကျောင်းဘေးကနေ စူပါကတ်ဆိုင်ကယ်မောင်းပြီး ထွက်လာတဲ့ အမျိုးသားတစ်ဦးကို Scoopy ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ဦးက ဝင်တိုက်မိတာလို့ သိရပါတယ်။
“အဲဒီနေရာနားက လူတွေပြောတာအရ သိရတာပါ။ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ မစိုးရိမ်ရပါဘူး”လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
Scoopy ဆိုင်ကယ်မောင်းလာသူက ဒဏ်ရာအနည်းငယ်ပဲ ရခဲ့ပေမယ့်၊ တိုက်ခံရတဲ့ စူပါကတ်ဆိုင်ကယ်မောင်းသူကတော့ ဦးခေါင်းဒဏ်ရာကြောင့် ဆေးရုံကြီးရောက်တဲ့အချိန်မှာ သေဆုံးသွားခဲ့ပါတယ်။
ဖြစ်စဉ်ပြီးချင်းပဲ နှစ်ဦးလုံးကို မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ အမည်အသေးစိတ်ကို မသိရသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၉ ရက်နေ့ ည ၇ နာရီလောက်မှာလည်း အေးမြသာယာရပ်ကွက် ဘုရားတစ်ထောင်အနီးမှာ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလတစ်လအတွင်း မြစ်ကြီးနားမှာ ယာဉ်မတော်တဆမှု ၂၃ ကြိမ် ဖြစ်ခဲ့ပြီး ဒဏ်ရာပြင်းထန်မှုတွေရှိခဲ့ပေမယ့် သေဆုံးသူတော့ မရှိခဲ့ပါဘူး။
ဒါပေမယ့် ဇန်နဝါရီလမှာတော့ ယာဉ်မတော်တဆမှု ၃၁ ကြိမ် ဖြစ်ခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမှာ လတ်တလောဖြစ်နေတဲ့ ယာဉ်မတော်တဆမှုတွေဟာ အရက်သောက်ပြီး မောင်းနှင်တာနဲ့ လမ်းစည်းကမ်း မလိုက်နာတာတွေကြောင့် ဖြစ်တာများတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီလိုမတော်တဆမှုတွေဟာ ညပိုင်းမှာ ပိုများပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း အမျိုးသားတွေ အများဆုံးဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
By – Hope




