နမ္မတီးမှာ မိုးသက်လေပြင်းကျလို့ စစ်ရှောင်စခန်းအများပိုင်းထိခိုက်ပျက်စီး၊ ကူညီမှုလိုအပ်နေ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့မှာ မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင်စခန်းတွေနဲ့ ဒေသခံနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁ ရက်နေ့ ညနေပိုင်း ၆ နာရီလောက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျရောက်ခဲ့တာကြောင့် နမ္မတီးမြို့၊ ရပ်ကွက်တစ်ချို့နေအိမ်ထိခိုက်ခဲ့တဲ့အပြင် စစ်ဘေးရှောင်စခန်းမှာလည်း အဆောင်တွေများစွာပျက်စီးခဲ့တယ်လို့ နမ္မတီးစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

မိုးနဲ့ လေနဲ့ တော်တော်ပြင်းတယ် ခဏလေးအတွင်းပဲ တစ်ချို့အဆောင်တွေဆို အကုန်လွင့်ကုန်တာ၊ ပြဲကုန်တာ။ စစ်ရှောင်စခန်းတစ်ချို့ကတော့ မိုးကာတွေ လှန်ကုန်တာ၊ မိုးစိုကုန်တာလောက်ပဲ။ ထိခိုက်ပျက်စီးတာတွေ မိုးကာနဲ့ ဝါးထရံတွေနဲ့ပဲဆိုတော့ လွှင့်ကုန်တာဖြစ်တယ်။မနေ့ညတော့ တော်တော်ဒုက္ခရောက်သွားတာ။ ခုတော့ အဆင်ပြေသလို ပြန်လုပ်ထားကြပြီ လို့ နမ္မတီးစစ်ဘေးရှောင်စခန်း တစ်ခုက အမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးသက်လေပြင်းကျချိန် မိနစ်ပိုင်းအတွင်းသာရှိခဲ့ပေမယ့် စစ်ဘေးရှောင်စခန်းတစ်ချို့မှာ အဆောင်တွေပျက်စီးထိခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ညမှာလည်း နမ္မတီးမြို့မှာ လက်တစ်ဆုပ်စာခန့်ရှိတဲ့ မိုးသီးများကျလို့ နေအိမ်တွေ ၁၀ ခုထက်မနည်း အိမ်ခေါင်မိုးတွေပေါက်ပြဲကုန်တယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်ရှောင်တွေဟာ အဖက်ဖက်ကနေ ခက်ခဲမှုတွေ ကြောင့် လက်ရှိချိန်ထိ နေအိမ်ကိုပြန်လည်ပြုပြင်နိုင်ခြင်းမရှိ‌ သေးတဲ့သူတွေလည်း များစွာရှိနေဆဲဖြစ်တယ်လို့ နမ္မတီးမြို့ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

မနေ့ညက လေပြင်းမှာ အိမ်ခြေဘယ်လောက်ထိခိုက်သွားတယ် အတိအကျတော့ မသိတော့ဘူး။ ခက်ခက်ခဲခဲဖြစ်နေသူတွေ တော်တော်များတယ်။ သွပ်တွေက တော်တော် စျေးကြီးတယ်လေ။ ပြီးခဲ့တဲ့လက မိုးတီးကြောင့် အိမ်တွေ ပေါက်ပြဲကုန်တဲ့သူတွေက သွပ်ပြန်မဝယ်နိုင်သေးလို့ မိုးကာတိတ်တွေနဲ့ပဲ ဖာထားတာတွေ၊ အိမ်တွေတောင် မပြင်ရသေးတာတွေ မနေ့ည လေပြင်းပြန်တိုက်တော့ ပိုခက်ခဲသွားတာတွေရှိတယ်။ အမိုးအကာတွေ အကုန်လွင့်သွားတာတွေ ရှိတယ်လို့ နမ္မတီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အလားတူ နမ္မတီးမြို့တွင်းရပ်ကွက်နဲ့ လမ်းခွ ၊ သကြားစက်ဝင်း ၊ ၀အောင် စတဲ့ နေရာတွေမှာရှိတဲ့ စစ်ဘေးရှောင်အိမ်ခြေအတွေမှာ အမြောက်အများထိခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နမ္မတီးမြို့မှာ လက်ရှိ သွပ် တစ်ပေကို ၁၅၀၀၀ ကျပ်၊ ဝါးတစ်လုံး ကို ၁၅၀၀၀ ကျပ်ရှိပြီး ငွေကြေးခက်ခဲတဲ့ မိသားစုတွေက နေအိမ်တွေ ပြန်လည်ပြုပြင်နိုင်ဖို့ အခက်အခဲရှိနေတာကြောင့် ကူညီမှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

နမ္မတီးမြို့ရှိ စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်အောက် ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချူပ် ဦးခက်ထိန်နန်ကလည်း ပြီးခဲ့တဲ့ နှစ်ကလာရောက်တွေ့ဆုံ ကူညီပေးတာမျိုးတွေ ရှိခဲ့ပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်တွေဟာ သက်ဆိုင်ရာအသင်းတော်အဖွဲ့အစည်းတွေကသာ ကူညီထောက်ပံ့မှုတွေနဲ့ ရပ်တည်နေကြရတာလည်း ဖြစ်ပါတယ်။

 ဖားကန့်တိုက်ပွဲကြောင့် နမ္မတီးမြို့မှာ စစ်‌ရှောင်အမြောက်အများ လာရောက်ခိုလှုံနေကြပြီး စစ်ဘေးရှောင်စခန်း စုစုပေါင်း ၇ ခုရှိတယ်လို့ သိရပြီး တစ်ချို့စစ်‌ဘေးရှောင်တွေက နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button