ကသာမှာ စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်ဘေးတပ်ဖြန့်ထား

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နဘေး ကျေးရွာတွေမှာ တပ်ဖြန့်ကာအထိုင်ချနေရာယူထားကြတယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်က ထီးချိုင့်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီလ ၁၃ ရက်နေ့မှာ ကသာမြို့ကို စစ်ယာဥ်တန်း ၂၂ စီးခန့်ဝင်ရောက်လာပြီး မြို့‌စောင့်တပ်ဖြစ်တဲ့ ခမရ ၃၀၉ နဲ့ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီထဲက စစ်ကောင်စီတပ်သားတစ်ချို့ဟာ စည်းရုံးရေးတပ်လို့ခေါင်းစဉ်တပ်ထားပြီး ကသာမြို့ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေမှာလည်းဖြန့်ကျက်ထားကြသလို ကျေးရွာတွေကအရပ်သားတွေကိုလည်း အနှောင့်အယှက်ပေးတာမျိုးတွေမလုပ်ဘူးလို့သိရပါတယ်။

စစ်ကြောင်းတွေနဲ့အရပ်သားတွေနဲ့လည်းတွေ့တယ်။ ကျနော်တို့လည်း သူတို့ဝင်ပြီးမှသွားတယ်။ ကျနော်တို့ကိုလည်း ကြည့်ပဲ ကြည့်တယ်။ ပြီးတော့ ရွာထဲကဆိုင်ကယ်တွေလည်းငှားစီး ပြန်တော့လာထားပေးတယ်။ သူတို့ကစည်းရုံးရေးတပ်လို့ပြောတယ်။ ဆေးခန်းတွေဖွင့်ပေးမယ်အဲ့လိုလည်းပြောတယ်။ သူတို့ရဲ့အစိုးရယန္တရားလည်ပတ်ဖို့လုပ်မယ့်သဘောရှိတယ်လို့ ဧရာဝတီမြစ်ကမ်းနဘေးမှာနေထိုင်တဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ကသာမြို့ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေဖြစ်တဲ့ သာဂရ၊ အင်းရွာလေး၊ ကလုံ၊ ကျောက်ပုံ၊ သံပုရာ၊ ညောင်ခြေထောက် အပါအဝင် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေဖြန့်ကျက်နေရာယူထားကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထီးချိုင့်ကသာအဓိကလမ်းမကြီးကိုထိန်းချုပ်ဖို့အတွက်လည်း ရည်ရွယ်ထားပုံရပြီး လက်ရှိ ကသာမြို့ ဧရာဝတီမြစ်ကမ်းနဘေးမှာ အင်အားဘယ်လောက်အထိုင်ချနေရာယူထားတယ်ဆိုတာကိုတော့ ဒေသခံ တွေဆီကအတည်မပြုနိုင်သေးပါဘူး။

သူတို့က အင်အားကလည်းတော်တော်များတယ် ကသာကိုရောက်လာတာက။ အခုက ဧရာဝတီမြစ်နဘေးကကျေးရွာတွေ အားလုံးမှာ ဖြန့်ချက်ထားတာ။ ပြီးတော့ ထီးချိုင့်ကသာမိန်းလမ်းကိုအဓိကထိန်းချုပ်ထားတယ်။ ပြီးတော့ မြစ်နဘေးက ရွာတွေရောပေါ့လို့ အထက်ပါဒေသခံအမျိုးသားတစ်ဦးကဘဲ ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလနောက်ပိုင်းကစပြီး မြို့သိမ်းတိုက်ပွဲနဲ့ လေကြောင်း/မြေပြင်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မြို့ခံအများစု စစ်ဘေးရှောင်ခဲ့ရတာဒီနေ့အထိဖြစ်ပါတယ်။

ဒါပေမဲ့ လက်တလော စစ်ကောင်စီတပ်ဖွဲ့တွေ ကသာမြို့ကိုပြန်လည်ဝင်ရောက်ပြီးတဲ့နောက် မြို့တွင်းပြန်ဝင်လာကြတဲ့ အရပ်သားတွေလည်းရှိသလို ထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်းရှိနေဆဲအခြေနေဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button