ကံလှ စစ်ရှောင်တွေ သောက်သုံးရေအခက်အခဲဖြစ်နေ

မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ ကံလှကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်မှာရှိတဲ့ စစ်ရှောင်စခန်းမှာ သောက်သုံးရေအခက်အခဲဖြစ်နေတဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

စစ်ဘေးရှောင် လူဦးရေ ၅၀၀ ကျော်ရှိတဲ့ စစ်ရှောင်စခန်းမှာ ရေတွင်းတစ်ခုသာရှိပြီး မီးမလာတဲ့အခက်အခဲကြောင့် တွင်းရေစုတ်ယူသုံးစွဲဖို့ ခက်ခဲနေကြတာဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။

အခုလောလောဆယ် သောက်သုံးရေအရမ်းခက်နေတယ်။ ရေတွင်းက တစ်ခုသာရှိတယ်။ အဲဒီရေတွင်းကလည်း အဝီစိအထိနက်တယ်။ ပြီးရင်ရေတွင်းက နွေရာသီဆိုတော့ ခမ်းသွားတော့ အဝီစိအထိဆွဲတင်ပြီးသုံးနေရတယ်။ အဲ့မှာမီးမလာတော့ လူအများကြီးသုံးဖို့အဆင်မပြေဖြစ်နေတာပေါ့လို့ပြောပါတယ်။

ဘုရားကျောင်းဝင်းတစ်ခုလုံးမှာ တစ်ခုတည်းသာရှိတဲ့ ရေတွင်းကလည်း အဝီစိအထိနက်ပြီး စစ်ရှောင်လူအများအသုံးပြုဖို့ ရေမလုံလောက်မှုတွေဖြစ်နေတာလို့သိရပါတယ်။

လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ ရေအခက်အခဲကြောင့် သောက်သုံးရေအပြင် နေ့စဉ်တစ်ကိုယ်ရေသန့်စင်ရေးအတွက် အခက်အခဲကြုံတွေ့နေရတာဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံတွေပြောပါတယ်။

ဒါကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ သောက်သုံးရေအခက်အခဲကို ဝိုင်းဝန်းကူညီဖြေရှင်ပေးဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

ကံလှ KBC ဘုရားကျောင်းဝင်းမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနိုင်းလီဒိုလမ်းမပေါ် လဝါးကျေးရွာမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားလာတာကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေဖြစ်ပါတယ်။

စစ်ရှောင်ကာလ တစ်နှစ်ခန့်ကြာမြင့်လာပေမယ့် လဝါးကျေးရွာအတွင်း စစ်တပ်နဲ့ မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ လဝါးကျေးရွာတွင်း တပ်စွဲနေထိုင်လိုက်တာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button