ယာဉ်မတော်တဆဖြစ်မှုမှာ အသက်မပြည့်တဲ့ကလေးတွေပါဝင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက် အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးထိပါဝင်နေတယ်လို့ လူမူကယ်ဆယ်ရေးအသင်းတွေပြောပါတယ်။
မြစ်ကြီးနားမြို့မှာ လစဉ်လတိုင်း ယာဉ်တိုက်မှုတွေဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့တဲ့ ဧပြီလမှာဆို ယာဉ်မတော်တဆမှုပေါင်း ၃၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၅ ဦးထိရှိခဲ့တာလည်းဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက “အဲတာကတော့ မိဘတွေကြောင့်လည်း ဆိုင်မယ် ကျွမ်းကျင်ပြီဆိုပြီး မောင်းခိုင်းတာလေ အသက်လည်းမပြည့်တဲ့ကလေးတွေ အခုနောက်ပိုင်းဆိုရင်လည်း အသက်ပြည့်ပြည့် မပြည့်ပြည့် ဆိုင်ကယ်ခွစီးပြီး တက်မောင်းတာနဲ့ ဆိုင်ကယ်စီးတတ်ပြီထင်နေကြတာလေ”လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်တွေဟာ ဧပြီလ ၂၇ ရက်နေ့က စက်မှုဇုံရပ်ကွက်၊ လမ်းမကြီးမှာဆိုင်ကယ်မတော်တဆမှုကြောင့် အသက် ၁၅ နှစ်နဲ့ ၁၆နှစ် မိန်းကလေး ၂ ဦးလုံး ဦးခေါင်းဒဏ်ရာရရှိကာ တစ်ဦးပွဲချင်းပြီး ကျန်တစ်ဦးလည်းဆေးရုံကြီးအရောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
အလားတူ ဧပြီ ၉ ရက် စီတာပူရပ်ကွက်မနောကွင်းရှေ့လမ်းမကြီးမှာ ဆိုင်ကယ်တစ်စီးနဲ့ သုံးဘီးဆိုင်ကယ်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းတဲ့ အသက် ၄၀အရွယ်အမျိုးသားတစ်ဦး ဦးခေါင်း၊ နဖူး၊ ညာဖက်ဗိုက်စတဲ့နေရာတွေမှာ ထိခိုက်ဒဏ်ရာတွေရပြီးသေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဧပြီလ ၇ ရက်နေ့မှာလည်း မြို့သစ်ကြီးဈေးအနီး စက်ဘီးစီးလာတဲ့ကလေးနှစ်ဦးကိုသဲကျောက်ကားနဲ့ တိုက်မိပြီး အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးက ဘယ်ဘက်လက်ကျိုးပဲ့ဒဏ်ရာရရှိကာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကတော့ ခါးတက်ကြိတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဧပြီ ၁ ရက် အထက(၃ )စာသင်ကျောင်းဘေး ဗလီဘေးနားကနေ စူပါကတ်ဆိုင်ကယ်မောင်းပြီး ထွက်လာတဲ့အမျိုးသားကို scoopy ဆိုင်ကယ် မောင်းလာတဲ့ အမျိုးသားက လမ်းကျော်ပြီး တိုက်မိခဲ့ပြီး စူပါကတ်ဆိုင်ကယ်
မောင်းတဲ့ အမျိုးသားကတော ထိခိုက်ဒဏ်ရာတွေကြောင့် ဆေးရုံကြီး အရောက်မှာ သေဆုံးခဲ့ပါတယ်။
အထက်ဖော်ပြပါ ယာဉ်တိုက်မှုတွေဟာ လူသေဆုံးမှုအထိဖြစ်ခဲ့တဲ့ယာဉ်တိုက်မှုတွေဖြစ်ပြီး ဒီယာဉ်တိုက်မှုတွေအပါ ဧပြီလတစ်လတွင်း ယာဉ်တိုက်မှုပေါင်း ၃၁ကြိမ်ထိရှိခဲ့တယ်လို့သိရပါတယ်။
ဒီအချက်အလက်တွေဟာ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရှိထားရတဲ့ အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာ ယာဉ်မတော်တဆမှု ဒီထက်များနိုင်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့မှာ အနယ်နယ်အရပ်ရပ်က စစ်ရှောင်တွေအများပြား လာရောက်ခိုလှုံနေကြတာဖြစ်တဲ့အတွက် လူဦးရေပိုမိုထူထပ်လာသလို တစ်ဖက်မှာလည်း ယာဉ်မောင်းသူတွေလည်းပိုများလာတယ်လို့သိရပါတယ်။
ဒါ့အပြင် ယာဉ်မောင်းနှင်သူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးတွေပါဝင်နေသလို တစ်ချို့ ကား၊ ဆိုင်ကယ်မောင်းနှင်သူတွေထဲမှာလည်း စည်းကမ်းမဲ့မောင်းနှင်သူတွေ များပြားလာတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမှာ မတ်လကလည်း ယာဉ်တိုက်မှုပေါင်း ၂၆ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့သလို၊ ဖေဖော်ဝါရီလမှာ ယာဉ်မတော်တဆမှု ၂၃ ခု၊ ဇန်နဝါရီလမှ ၃၁ ကြိမ်ထိရှိခဲ့ပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ယာဉ်မတော်တဆမှုတွေဟာများသောအားဖြင့် အရက်သေစာ သောက်စားမှုပြီး မောင်းနှင်မှု၊ လမ်းစည်းကမ်းမလိုက်နာမှုတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါအပြင် ညအချိန်မှာ ပိုအဖြစ်များပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ အမျိုးသားတွေ အများဆုံး ဖြစ်တယ်လို့ လူမှု ကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။
By – Hope




