ကျောင်းအပ်နှံရေးပွဲအကြောင်းပြပြီး မြစ်ဆုံလူထုတွေ့ဆုံပွဲပြုလုပ်

ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေလ ၂၂ ရက်နေ့ မနေ့ကကျင်းပခဲ့တဲ့ “ကျောင်းအပ်နှံရေးနေ့” အခမ်းအနားအတွင်း ကျောင်းသား၊ ကျောင်းသူတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ မြစ်ဆုံစီမံကိန်းဆိုင်ရာ လူထုတွေ့ဆုံပွဲ တက်ရောက်စေခဲ့တယ်လို့ တက်ရောက်ခဲ့တဲ့ ကျောင်းသားမိဘတွေဆီကသိရပါတယ်။

တက်ရောက်ခဲ့တဲ့ ကျောင်းသားမိဘတွေရဲ့ပြောပြချက်အရ ကျောင်းသား၊ ကျောင်းသူတွေကို “ကျောင်းအပ်နှံရေးနေ့” အဖြစ်သာ ဖိတ်ခေါ်ခဲ့ပြီး ဖဲကြိုးဖြတ်အခမ်းအနားအပြီးမှာတော့ခန်းမအတွင်း ဝင်ထိုင်စေကာ မြစ်ဆုံစီမံကိန်းအကြောင်း ရှင်းလင်း ဟောပြောမှုတွေ ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တကယ်တမ်း ခန်းမထဲရောက်တဲ့အခါမှာ မြစ်ဆုံစီမံကိန်းအကြောင်းရှင်းလင်းပွဲအတွက် ဆိုပြီး တက်ရောက်သူ ကျောင်းသား/သူ တိုင်းကို လက်မှတ်တွေ ထိုးခိုင်းတယ်။ မြစ်ဆုံစီမံကိန်းအတွက် သဘောတူကြတယ်မလား ဆိုပြီး လက်တွေထောင်ခိုင်း ဓာတ်ပုံတွေ ရိုက်ပြီး လုပ်ဆောင်သွားတယ်။လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ကျောင်းအပ်နှံရေးနေ့လို့ဆိုကာ ကျင်းပခဲ့တဲ့အဲ့ဒီပွဲကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်အပါအဝင် ဝန်ကြီး ၃ ဦးနဲ့ ပူတာအို ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ တက်ရောက်ခဲ့ပြီး ဖုန်ကန်ရာဇီခန်းမမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းသား၊ဆရာ/ဆရာမတွေကို မနက်အစောပိုင်းကတည်းက မလာမနေရခေါ်ယူခဲ့ပြီး အစားအသောက်နဲ့သောက်ရေ စီစဉ်ပေးတာမရှိတဲ့အပြင် မွန်းတည့်ချိန်နီးပါးအထိ အစီအစဉ်မရှိဘဲ ဟောပြောချက်တွေကိုသာ နားထောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဓိက ဆိုလိုရင်းကတော့ ဘာမှ မသိနားမလည်သေးတဲ့ ကျောင်းသား လူငယ်လေးတွေဆီက ဒင်းတို့ လုပ်လိုချင်တဲ့ အရာကို အားပေးထောက်ခံဖို့ အတင်းအဓ္ဓမ လုပ်ယူခဲ့ကြတဲ့အကြောင်း ပြောပြချင်တာပါ။ အထက်တန်းကျောင်းသားတွေအနေနဲ့ ပွင့်လင်းစွာဖိတ်ခေါ်တာမျိုး မဟုတ်ဘဲ ဘာမှန်းမသိဘဲ တက်ရောက်ရတဲ့ပွဲ ဖြစ်တာတစ်ချက်။လို့အထက်ပါသတင်းရင်းမြစ်ကဘဲဆက်ပြောပါတယ်။

အခုလို ကျောင်းသား၊ ကျောင်းသူတွေကို ကြိုတင်ရှင်းလင်းအသိပေးခြင်းမရှိဘဲ စီမံကိန်းဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပါဝင်စေခဲ့တဲ့ အပေါ် မိဘတွေကြားမှာလည်း မကျေနပ်မှုတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ နဲ့ ၁၉ ရက်နေ့ကလည်း ပူတာအိုမြို့နယ် မချမ်းဘော့နဲ့ ပူတာအိုမြို့မှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ လူထု တွေ့ဆုံ ဆွေးနွေးပွဲတွေလုပ်ခဲ့ပြီး စစ်ကောင်စီဝါဒဖြန့်သတင်းဌာနဖြစ်တဲ့ မြန်မာ့အလင်း ကထုတ်ပြန်ရေးသားခဲ့ပါသေးတယ်။

မြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မလိခနဲ့ မေခမြစ်ဆုံရာဒေသမှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ တရုတ်ကျောထောက်နောက်ခံပြု ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ပြည်သူလူထု ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်တပ်ကဦးဆောင်ပြီး စီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲတွေနဲ့ ရှင်းလင်းပွဲတွေ ဆက်တိုက် ပြုလုပ်နေပြီး ကချင်အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့ကလည်း စီမံကိန်းကို အပြီးတိုင်ရပ်တန့်ပေးဖို့ ပြီးခဲ့တဲ့မေလအစောပိုင်းကဘဲ ထုတ်ပြန်ချက်ထုတ်ကာတောင်းဆိုခဲ့ပါသေးတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတချို့ကတော့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးနိုင်တာ၊ ဒေသခံတွေရဲ့ လူမှုဘဝနဲ့ အသက်မွေးဝမ်းကျောင်း ထိခိုက်နိုင်တာတွေရှိတယ်ဆိုပြီး ကန့်ကွက်နေကြပါတယ်။

ဒါ့အပြင် စီမံကိန်းနဲ့ပတ်သက်ပြီး ကန့်ကွက်ပြောဆိုသူတွေကို အရေးယူနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်ပြီးနောက် ဒေသခံတချို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button