မိုးကောင်းက မူးယစ်ဒိုင်သတင်းပေါက်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ဆို
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါး ဒိုင်ကြီးအဖြစ် ရောင်းဝယ်ဖြန့်ချိနေသူတစ်ဦး သတင်းပေါက်ကြားပြီးနောက် တိမ်းရှောင်ထွက်ပြေးသွားပြီလို့ မိုးကောင်းမြို့ခံ ပြည်သူတွေဆီက သိရပါတယ်။
မေလ ၂၁ ရက်နေ့က နယ်ထိန်းတာဝန်ရှိသူတွေက အဆိုပါဒိုင်ကို ဝင်ရောက်ဖမ်းဆီးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းကို ကြိုတင်အသိပေးထားတာကြောင့် မနေ့ကပဲ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်တယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူတို့က ကိုယ်တိုင်မရောင်းဘူး၊ ဖြန့်ပေးတာ။ ရောင်းချသူတွေက ပြန်ရောင်းကြတာ။ သူ့မှာ သမီးတစ်ယောက်နဲ့ သားနှစ်ယောက်ရှိတယ်။ အကုန်လုံး ဒီအလုပ်ပဲ လုပ်စားကြတာ။ မနေ့ကပဲ မြစ်ကြီးနားဘက် ထွက်သွားပြီ” လို့ ဆိုပါတယ်။
မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါး ဒိုင်ကိုင်ရောင်းချနေသူဟာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်အကြား ဧရာရုပ်ရှင်ရုံအနီးမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မူးယစ်ဆေးဝါး အဓိကရောင်းဝယ်နေတဲ့ နေရာတွေဟာ ဈေးကုန်းရပ်ကွက်နဲ့ ရွာသစ်ရပ်ကွက်အစပ်၊ မိုးကောင်း အခြေခံပညာ အထက်တန်းကျောင်း (အထက–၂) အနီးတဝိုက်မှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စာသင်ကျောင်းအနီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ရှိနေတာကြောင့် ကျောင်းသွားကျောင်းလာ ကလေးငယ်တွေ အတုယူမှားတာမျိုး ဖြစ်လာနိုင်မယ့်အပေါ် မိဘပြည်သူတွေက စိုးရိမ်နေကြပါတယ်။
မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ နှစ်လအတွင်း မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်ကာ ကိုယ့်ကိုယ်ကို ဓားနဲ့သတ်သေသူ ၁ ဦးနဲ့ လျှပ်စစ်ရှော့ဖြစ် သေဆုံးသူ ၃ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီမတိုင်ခင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြားမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၂၀ ဦးကို အချုပ်ကားတွေနဲ့ လာရောက်ဖမ်းဆီးခဲ့ပါတယ်။
ဒါပေမယ့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ပတ်သက်တဲ့ ဒိုင်ကြီးတွေကတော့ ကြိုတင်တိမ်းရှောင် ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တကယ့်လက်ကြီးဒိုင်တွေက ဘယ်တော့မှဖမ်းမမိဘူး။ ဒါကိုဘာကိုဖော်ပြနေလဲဆိုတာအားလုံးသိပါတယ်“လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။
အဲဒီနောက် တစ်လကျော်ကြာအောင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေနဲ့အတူ ခိုးဆိုးလုယက်မှုတွေ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။
သို့သော် ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပြန်လည်စတင်လာခဲ့ပြီး သတ်သေမှု၊ လျှပ်စစ်ရှော့ဖြစ် သေဆုံးမှုနဲ့ ခိုးဆိုးလုယက်မှုတွေ ပြန်လည်များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကောင်းမြို့မှာ အခုလို အခြေအနေတွေ ဆိုးရွားလာပေမယ့် နောက်ကွယ်မှာ အာဏာရှိသူတချို့က ချုပ်ကိုင်ထားကြတာကြောင့် အမှန်တရားကို ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတွေ ထွက်ပေါ်လာတဲ့အခါ အသုံးပြုသူတချို့ကိုသာ အယောင်ပြ ဖမ်းဆီးတာတွေ ရှိပေမယ့် တကယ်တမ်း ဖြန့်ဝေရောင်းချနေသူတွေကိုတော့ လွတ်ပေးထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးအချက်အချာကျတဲ့ မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အထူးသဖြင့် ရွာသစ်ရပ်ကွက်၊ ဈေးကုန်းရပ်ကွက်နဲ့ မြို့အစွန်ပိုင်းနေရာတချို့မှာ မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အထိ ပျံ့နှံ့နေပြီး လူငယ်တွေအကြား သုံးစွဲမှု မြင့်တက်လာတာကို မိဘပြည်သူတွေက စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့အတူ ခိုးဆိုးလုယက်မှု၊ ရန်ဖြစ်မှု၊ သတ်သေမှုနဲ့ လျှပ်စစ်ရှော့ဖြစ် သေဆုံးမှုလို လူမှုရေးပြဿနာတွေပါ ဆက်တိုက်ဖြစ်ပွားလာတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတချို့ကို ဖမ်းဆီးခဲ့ပြီးနောက် တစ်ချိန်က ရောင်းဝယ်မှုတွေ လျော့နည်းသွားခဲ့ပေမယ့် ၂၀၂၆ ခုနှစ်အစပိုင်းကစပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပြန်လည်များပြားလာတာ ဖြစ်ပါတယ်။
ဒေသခံတချို့ကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေဟာ နောက်ကွယ်က အာဏာပိုင်တချို့နဲ့ ချိတ်ဆက်မှုရှိနေတယ်လို့ ယူဆနေကြပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မရှိသေးဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။
By – Hope




