KIA က ဖားကန့်လမ်းပိုင်း ယာယီပြန်ဖွင့်ပေး
ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်ပိတ်ထားတဲ့ ကားမိုင်း–နန့်ယား–ဖားကန့်လမ်းပိုင်းကို မေ ၂၈ ရက်နေ့ကစပြီး ၁၀ ရက်ကြာ ယာယီသွားလာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ဖားကန့်ဒေသထဲမှာ နေထိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းဖွင့်ချိန်အတွင်း လွတ်လပ်စွာ သွားလာနိုင်ဖို့ အခုလို ယာယီဖွင့်ပေးလိုက်တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“အခု ၁၀ ရက် လမ်းဖွင့်ပေးတယ်ဆိုတာ ကျောင်းသားတွေ ကျောင်းပြန်ဖွင့်တော့ သွားလာလို့ရအောင် ခွင့်ပြုပေးတဲ့သဘောပါ။ ကျောင်းသားအများစုက မြို့ပေါ်မှာ ကျောင်းတက်ကြတော့ အဆင်းအတက်လုပ်ရမှာဖြစ်လို့” လို့ သူက ပြောပါတယ်။
ကားမိုင်း–နန့်ယားလမ်းပိုင်းကို KIA ဘက်က ပိတ်ထားပေမယ့် တစ်ဖက်မှာတော့ စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ ကုန်တင်ကားတွေနဲ့ ကယ်ရီသမားတွေ နေ့စဉ် သွားလာနေကြတာလည်း ဖြစ်ပါတယ်။
မေ ၂၀ ရက်နေ့နောက်ပိုင်းကစပြီး မြို့ပေါ်မှာ ကျောင်းတက်တဲ့ ကျောင်းသားမိဘအများစုလည်း ကျောင်းအပ်ဖို့ အဆင်းအတက်လုပ်နေကြပြီလို့ သိရပါတယ်။
KIA ဘက်က ဧပြီ ၂၂ ရက်နေ့မှာ လမ်းပိတ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် တစ်လကျော်အကြာမှာ အခုလို ပြန်ဖွင့်ပေးလာတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ၁၀ ရက်နောက်ပိုင်းမှာ လမ်းကို ဆက်ဖွင့်ထားမလား၊ ပြန်ပိတ်မလားဆိုတာတော့ အသေးစိတ် မသိရသေးဘူးလို့ KIA နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။
“တစ်ခါတည်း ပြန်ဖွင့်ပေးတော့မှာလား၊ ၁၀ ရက်ပြည့်တာနဲ့ ပြန်ပိတ်မလားတော့ မသိသေးဘူး။ စစ်ရေးအခြေအနေကြောင့်ဆိုရင် ပြန်ပိတ်နိုင်ပါတယ်” လို့ ဆိုပါတယ်။

KIA နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံတချို့ကတော့ KIA ဘက်က တရားဝင်ထုတ်ပြန်ချက် မထုတ်ပေမယ့် ပုံမှန်သွားလာနိုင်အောင် လမ်းပြန်ဖွင့်ပေးလိုက်တဲ့ သဘောဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
KIA ဘက်ကတော့ အဲဒီလမ်းပိုင်းကို အသုံးပြုပြီး စစ်တပ်က ဖားကန့်ဒေသထဲ စစ်အင်အားဖြည့်တင်းနေတာကြောင့် စစ်ရေးအရ သွားလာခွင့်ပိတ်ထားတာဖြစ်တယ်လို့ အရင်က ထုတ်ပြန်ထားပါတယ်။
လမ်းပိတ်ထားတဲ့ တစ်လကျော်အတွင်း ကုန်တင်ကားတွေနဲ့ ကုန်စိမ်းသယ်တဲ့ ဆိုင်ကယ်သမားတချို့ ဒရုန်းနဲ့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် ဖားကန့်ဒေသခံအများစုက သွားလာရေးအခက်အခဲတွေအပြင် ဒေသတွင်း ကုန်ပစ္စည်းစျေးနှုန်း အဆမတန်မြင့်တက်နေတာကြောင့် လမ်းပိုင်းကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်–ကားမိုင်း–နန့်ယားလမ်းပိုင်းဟာ စစ်ရေးတင်းမာမှုတွေကြောင့် မကြာခဏ ပိတ်ဆို့ခံရတာ၊ စစ်ဆေးရေးတင်းကျပ်တာတွေ ရှိလာခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ သွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုကို အဓိက ထိခိုက်လာခဲ့တာဖြစ်ပါတယ်။
အထူးသဖြင့် ၂၀၂၄ ခုနှစ်နောက်ပိုင်း KIA နဲ့ စစ်တပ်ကြား တိုက်ပွဲပိုမိုပြင်းထန်လာချိန်မှာ ဖားကန့်လမ်းပိုင်းကို နှစ်ဖက်စလုံးက စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းအဖြစ် အသုံးပြုလာတာကြောင့် လမ်းပိတ်တာ၊ ဖြတ်သန်းခွင့်ကန့်သတ်တာနဲ့ လမ်းပိုင်းအတွင်း တိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




