ဗလမင်းထင်တံတားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသား ရေနစ်သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချပြီး ရေနစ်သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီအမျိုးသားဟာ မေ ၂၅ ရက် မနက်ပိုင်းမှာ တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်ပြီး ရုပ်အလောင်းကိုတော့ မေ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ တံတားအောက်ဘက်ကနေ ပြန်ရှာတွေ့ခဲ့တယ်လို့ ရုပ်အလောင်းဆယ်ယူချိန် လိုက်ပါသွားသူ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူနဲ့အတူ နောက်တစ်ယောက်လည်း ရှိသေးတယ်တဲ့။ အဲဒီတစ်ယောက်က သူရေထဲခုန်ချသွားတယ်ဆိုပြီးပြောလို့သိရတာ”လို့ဆိုပါတယ်။
ရေနစ်သေဆုံးသွားသူဟာ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဇနီးနဲ့ သမီးငယ် ၂ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
တံတားပေါ်က ခုန်ချရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ထွက်ပြေးရင်း ခုန်ချတာဖြစ်တယ်ဆိုတဲ့ ကောလဟာလမျိုးစုံ ထွက်ပေါ်နေသလို မိသားစုဝင်တွေဘက်ကလည်း သေဆုံးရတဲ့အကြောင်းရင်းကို ပြောပြဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ကချင်စုဆိပ်ကမ်းမှာ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ဧပြီ ၁၃ ရက်နေ့တုန်းကလည်း ဧရာဝတီရှုခင်းသာ သင်္ကြန်ရေကစားမဏ္ဍပ်အနီး သတ်မှတ်နေရာကို ကျော်လွန်ပြီး ရေဆင်းကစားရာကနေ အမျိုးသားတစ်ဦး ရေနစ်ခဲ့ပေမယ့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (မြစ်ကြီးနား) အဖွဲ့ရဲ့ အချိန်မီ ကယ်ဆယ်နိုင်မှုကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ် ဧပြီ ၇ ရက်နေ့ကလည်း ဝိုင်းမော်မြို့ ရပ်ကွက် ၄ မှာ ၇ ရက်ကြာ ရေနစ်ပျောက်ဆုံးနေတဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
By – Hope




