စစ်ကိုင်း–ကချင်အစပ်မှာ နယ်မြေစိုးမိုးရေးအတွက် အားပြိုင်နေဆဲ
အမိုး - ရေးသားသည်။
မိုးဦးဝင်စ စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသရဲ့ ကောင်းကင်မှာ စစ်လေယာဉ်တွေ နေ့တိုင်းဖြတ်ပျံနေပါတယ်။
အဲ့ဒီလေယာဉ်တွေဟာ စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီ လို့ ကြေညာခဲ့တဲ့ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို ဦးတည် ပျံသန်းသွားတာဖြစ်တယ်လို့ ကသာဒေသခံတွေက ဒီစစ်လေယာဥ်တွေ ပျံသန်းသွားwဦးတည်ရာကိုကြည့်ပြီးခန့်မှန်းပါတယ်။
ဒါဟာတစ်ဖက်ကကြည့်ရင် မြို့တွေကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြေပြင်တိုက်ပွဲတွေ အဆုံးသတ်မသွားသေးဘဲ လမ်းပိုင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ရေးဖိအားတွေ ဆက်ရှိနေဆဲဖြစ်ကြောင်း ထင်ဟပ်နေတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။
စစ်တပ်ဘက်က ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ထီးချိုင့်နဲ့ ကသာဘက်ကို စစ်အင်အားတွေ ဖြည့်တင်းလာခဲ့ပြီးနောက် ကချင်ပြည်နယ်ရဲ့ ဝင်ပေါက်ဒေသဖြစ်တဲ့ အင်းတော်မြို့ကို ဧပြီလ ၃၀ ရက်နေ့မှာလည်းကောင်း၊ မော်လူးမြို့ကို မေလ ၅ ရက်နေ့မှာလည်းကောင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် စစ်တပ်က မေလ ၆ ရက်နေ့ရက်စွဲနဲ့ မန္တလေး–မတ္တရာ–ထီးချိုင့်–ကသာ–အင်းတော်–မော်လူး–မော်ဟန် –နန့်စီးအောင်– မြစ်ကြီးနားလမ်းပိုင်းကို ပြန်ဖွင့်ခဲ့သလို စစ်လက်နက်၊ ရိက္ခာနဲ့ လူအင်အားတွေကို လမ်းတစ်လျှောက် ပြန်လည်ဖြန့်ကျက်နေရာ ချထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ အထက်ပါမြို့တွေအသီးသီးမှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့အထိပြင်ဆင်လာပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကိုပါ အဲ့ဒီလမ်းကြောင်းအတိုင်း ပြန်လည်ပို့ဆောင်လာခဲ့ပါတယ်။
အခုလိုမေလအစပိုင်းမှာ စစ်တပ်ဘက်ကို အင်းတော်နဲ့ မော်လူးမြို့တွေကို အချိန်တိုအတွင်း ပြန်လည်လက်လွှတ်လိုက်ရတဲ့ အခြေအနေက စစ်ကိုင်း–ကချင်အစပ်ဒေသက တော်လှန်ရေးအင်အားစုတွေ အားနည်းသွားပြီလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ် စေခဲ့ပါတယ်။
ဒါပေမယ့် မေလမကုန်ခင်မှာပဲ မြေပြင်အခြေအနေတွေက တဖြည်းဖြည်းပြောင်းလဲသွားပြန်ပါတယ်။ ကသာ၊ မော်လူးနဲ့ အင်းတော် တစ်လျှောက်မှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာသလို KIA နဲ့ပူးပေါင်းတပ်တွေဘက်က ကာကင်းနေရာတချို့နဲ့ စခန်းတချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ လက်ရှိစစ်ရေးအခြေအနေကို “တိုက်ပွဲဆိုတာ ရှုံးတလှည့်၊ နိုင်တလှည့် ဖြစ်တာပါ။ မြဲတယ်ဆိုတာတော့မရှိပါဘူး” လို့ ပြောပါတယ်။
လက်တလောဖြစ်ပွားနေတဲ့ ကသာပတ်ဝန်းကျင်က တိုက်ပွဲတွေမှာ KIA နဲ့ပူးပေါင်းတပ်တွေဘက်က စစ်ကောင်စီကာကင်းနဲ့ စခန်းတချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဦးနော်ဘူကဆက်ပြောပါတယ်။
တစ်ချို့တိုက်ပွဲတွေမှာတော့ တော်လှန်ရေးတပ်တွေဘက်က စစ်ရေးအရ အသာစီးရလာတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ လည်းဆိုပါတယ်။
ဒါ့ကြောင့် မြို့တွေပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာက မြို့တွေကို ပြန်ဝင်နိုင် ခဲ့ပေမယ့် လမ်းပိုင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေကို အပြည့်အဝစိုးမိုးထားနိုင်တဲ့အခြေအနေမျိုး မဟုတ်သေးဘူးဆိုတာကို ပြသနေပါ တယ်။
စစ်တပ်ရဲ့ ပြန်လည်ထိုးစစ်နောက်ကွယ်
၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ကိုင်း–ကချင်အစပ်ဒေသက စစ်ရေးအခြေအနေတွေဟာ စစ်တပ်ဘက်ကို တဖြည်းဖြည်း ပြန်လည်အသာစီးရလာတဲ့ ပုံစံမျိုး တွေ့မြင်လာရပါတယ်။
အထူးသဖြင့် မတ်လအတွင်း တကောင်းနဲ့ ထီးချိုင့်ဘက် လမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်း တွေဟာ ကသာဘက်ကို ဆက်လက်တိုးလာခဲ့တာဖြစ်ပါတယ်။
ကသာမြို့ဟာ အင်းတော်နဲ့ မော်လူးလို အချိန်တိုအတွင်း အလုံးစုံလက်လွှတ်လိုက်ရတဲ့ မြို့မျိုးမဟုတ်ဘဲ ၂၀၂၅ နှစ်ကုန်ပိုင်း ကတည်း က မြို့တွင်း၊ မြို့ပြင်နဲ့ လမ်းပိုင်းတစ်လျှောက် KIA၊ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ၊ စစ်တပ်ဘက်တို့အကြား အပြန်အလှန်စိုးမိုးမှု အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်နေခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၆ ခုနှစ် ဧပြီလအတွင်းမှာတော့ စစ်တပ်ဘက်က ထီးချိုင့်–ကသာ လမ်းပိုင်းကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး မြို့တွင်း ထိန်းချုပ်မှုကိုပါ ပိုမိုခိုင်မာဖို့ကြိုးစားလာခဲ့တာပါ။
အဲ့ဒီနောက် ဧပြီလ ၃၀ ရက်နေ့မှာ အင်းတော်မြို့ကိုလည်းကောင်း၊ မေလ ၅ ရက်နေ့မှာ မော်လူးမြို့ကိုလည်းကောင်း စစ်တပ်ဘက် က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မေလ ၆ ရက်နေ့မှာတော့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းတစ်ခုလုံးကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ် လို့ စစ်တပ်ထောက်ခံတဲ့သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အဲ့ဒီအခြေအနေတွေဟာ စစ်တပ်ဘက်က စစ်ကိုင်း–ကချင်အစပ်ဒေသမှာ မြို့သိမ်းစစ်ဆင်ရေးတွေကို တစ်မြို့ချင်းဆက်တိုက် ပြန်လည်ဖော်ဆောင်လာနိုင်ခဲ့တဲ့ အခြေအနေကို ထင်ဟပ်နေသလို တစ်ဖက်မှာလည်း မန္တလေး–မြစ်ကြီးနား အဓိကထောက်ပို့ လမ်းကြောင်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းလာတဲ့ အခြေနေလို့နားလည်ရပါတယ်။
ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တချို့ကတော့ အခုလို စစ်တပ်ဘက်က ပြန်လည်ထိုးစစ်ဆင်လာနိုင်တဲ့ အခြေအနေဟာ လူအင်အား၊ လေကြောင်းအားနဲ့ ထောက်ပို့စနစ်တွေကို ပိုမိုအသုံးပြုလာနိုင်တာနဲ့လည်း ဆက်စပ်နေတယ်လို့ သုံးသပ်ပါတယ်။
အထူးသဖြင့် ထီးချိုင့်၊ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို စစ်တပ်ဘက်က ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး စစ်အင်အားတွေ ဆက်တိုက်ဖြည့်တင်းလာခဲ့ပြီး ဧပြီလနဲ့ မေလအတွင်းမှာတော့ မြို့သိမ်းထိုးစစ်တွေကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ အဲ့ဒီစစ်ကြောင်းတွေထဲမှာ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံထားရသူတွေ၊ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံထားရသူလူငယ်တွေပါဝင်နေတယ်လို့ ဆိုပါတယ်။
“မန္တလေးက ကားဘော်ဒီလုပ်တဲ့လူတွေလည်း ပါတယ်လို့ပြောတယ်။ ရန်ကုန်မှာ အလုပ်သွားလုပ်ရင်း ဆွဲခံရတဲ့သူတွေလည်း ပါတယ်။ သူတို့ကို ရဟတ်ယာဉ်တွေနဲ့ ရွှေ့ပြောင်းလာတာလို့ပြောတယ်” လို့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အသက်ဝင်စေခဲ့တဲ့ စစ်မှုထမ်းဥပဒေကနေတဆင့် လူသစ်စုဆောင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အသုတ်လိုက် စစ်သင်တန်းပို့တာတွေရှိနေတယ်လို့ စစ်ရေးလေ့လာရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၆ နှစ်ဆန်းပိုင်းအတွင်း ရှမ်းမြောက်ဒေသက စစ်ရေးအခြေအနေ အပြောင်းအလဲတွေဟာ စစ်တပ်ဘက်ကို တစ်စိတ်တစ်ပိုင်း အသက်ရှူချောင်စေခဲ့တယ်လို့ စစ်ရေးလေ့လာသူတချို့က သုံးသပ်ကြပါတယ်။
အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဖိအားပေးမှုတွေ နောက်ပိုင်း TNLA နဲ့ MNDAA တို့ဟာ သိမ်းပိုက်ထားတဲ့ မြို့တချို့ကနေ ပြန်လည်ဆုတ်ခွာတာတွေရှိလာသလို အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုတွေကိုလည်း လက်ခံလာခဲ့ပါတယ်။
အဲ့ဒီအခြေအနေတွေကြောင့် စစ်တပ်ဘက်က ရှမ်းမြောက်ဘက် စစ်မျက်နှာတချို့မှာ ဖိအားလျော့သွားခဲ့ပြီး စစ်ကိုင်း–ကချင်အစပ် ဒေသလို တခြားစစ်မျက်နှာတွေဘက်ကို လူအင်အား၊ လေကြောင်းနဲ့ ထောက်ပို့အင်အားတွေ ပြန်လည်အာရုံစိုက်လာနိုင်တဲ့ အခြေအနေတစ်ခု ဖန်တီးပေးခဲ့တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းကလည်း PDF ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် မိန့်ခွန်းမှာ တော်လှန်ရေး တပ်တွေ ယာယီဆုတ်ခွာခဲ့ရတဲ့ အခြေအနေတွေရှိခဲ့တယ်လို့ ဝန်ခံပြောဆိုထားပါတယ်။
“တချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင်အမှန်တရားတွေ ရှိခဲ့ပါတယ်” လို့ သူကပြောခဲ့တာပါ။
ဒါ့အပြင် PDF ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့်မှာပဲ ယာယီသမ္မတ ဒူဝါလရှီးလကလည်း လက်ရှိတော်လှန်ရေးအခြေအနေမှာ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှုတစ်ချို့ ရှိနေတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
“တော်လှန်ရေးရဲ့သဘောဟာ အနိမ့်အမြင့် အတက် အကျတွေရှိတတ်သလို ရှေ့ နှစ်လှမ်းတိုး နောက်တစ်လှမ်းဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်းပြောကြား လိုပါ တယ်။ ဒါ့အပြင် နိုင်ငံရေး မိုးသက်မုန်တိုင်းကြားထဲမှာ ပြင်းထန်တဲ့ လှိုင်းတွေအပေါ် စီးနင်းကျော်ဖြတ်ကြရတာတွေလည်း ရှိနေတတ်ပါတယ်” လို့လည်းဆိုထားပါတယ်။
စစ်တပ်ဟာ ၂၀၂၆ ခုနှစ်မှသာ အလုံးစုံပြန်ထိန်းချုပ်နိုင်တဲ့ ကသာမြို့အပါအဝင် မြန်မြန်ဆန်ဆန်သိမ်းပိုက်နိုင်ခဲ့တဲ့ အင်းတော် နဲ့ မော်လူးမြို့တွေမှာပါ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်လည်နေရာချပြီး အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်လည်ပတ်နိုင်ဖို့အထိ ကြိုးစားလာခဲ့တာပါ။
အဲ့ဒီအပြောင်းအလဲတွေအားလုံးဟာ ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တာဝန်ယူလာတဲ့ ဧပြီလနဲ့ မေလအတွင်း မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့တာဖြစ်ပါတယ်။
မြို့တွင်းထိန်းချုပ်မှုနှင့် နယ်မြေစိုးမိုးမှုကြားက အားပြိုင်မှု
ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ လက်ရှိ စစ်ကိုင်း–ကချင်အစပ်ဒေသက တိုက်ပွဲတွေဟာ နေရာစိုးမိုးရေးအတွက် တိုက်ခိုက်နေကြတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“အင်းတော်မြို့တကြော၊ ကသာမြို့ပတ်ဝန်းကျင်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် တိုက်ပွဲပြင်းထန်တာကိုတွေ့ရပါတယ်။ ဒုတိယ အချက်ကတော့ မန္တလေးကနေ ကချင်ပြည်နယ်လမ်းမကြီးကို ထိန်းချုပ်ဖို့အတွက် သူတို့ကြိုးစားပြီးမှ တိုက်ပွဲတွေဖော်ဆောင် တာ ကိုတွေ့ရပါတယ်” လို့ သူကပြောပါတယ်။
လက်ရှိမြေပြင်အခြေအနေကိုကြည့်ရင်လည်း မန္တလေး–မြစ်ကြီးနားလမ်းပိုင်းတစ်လျှောက်က တိုက်ပွဲတွေဟာ မြို့သိမ်းတိုက်ပွဲ သက်သက်မဟုတ်တော့ဘဲ လမ်းပိုင်း၊ ထောက်ပို့လမ်းကြောင်းနဲ့ ပတ်ဝန်းကျင်နယ်မြေတွေကို ဘယ်သူက စိုးမိုးနိုင်မလဲဆိုတဲ့ အားပြိုင်မှုအသွင် ပိုဆောင်လာနေပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီတပ်တွေဟာ မြို့တွင်းမှာ နေရာယူထားနိုင်ပေမယ့် မြို့ပြင်ပတ်ဝန်းကျင်နဲ့ လမ်းပိုင်း တစ်လျှောက်မှာတော့ သွားလာလှုပ်ရှားရေးအခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။
“စစ်ကော်မရှင်ဘက်ကလည်း မြို့တွင်းမှာတော့ သူတို့နေလို့ထိုင်လို့ရတာပေါ့။ ဒါပေမဲ့ မြို့ပတ်ဝန်းကျင်မှာ သူတို့သွားရေးလာရေး ကတော့ အခက်အခဲတွေအများကြီးရှိတယ်” လို့ ဆိုပါတယ်။
အဲ့ဒီအခြေအနေတွေကြောင့် စိုးမိုးရေးပိုင်းကနေ ပြန်ကြည့်မယ်ဆိုရင် ဒေသအများပိုင်းကို တော်လှန်ရေးပူးပေါင်းအင်အားစုတွေ ဘက်က ဆက်လက်စိုးမိုးထားနိုင်တဲ့ အခြေအနေမျိုးရှိနေတယ်လို့လည်း သူကသုံးသပ်ပါတယ်။
“အဲ့တာကြောင့် နယ်မြေဒေသကိုတော့ စိုးမိုးတဲ့နေရာမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပိုပြီးမှစိုးမိုးနိုင်တာကိုတွေ့ရပါ တယ်” လို့ ဦးနော်ဘူကပြောပါတယ်။
ဒါ့ကြောင့် စစ်တပ်ဘက်ကမြို့တွင်းကို ပြန်ဝင်နိုင်တာဟာ စစ်ရေးအောင်မြင်မှုတစ်ခုဖြစ်ပေမယ့် မြို့ကိုဆက်သွယ်ထားတဲ့ လမ်းပိုင်း တွေ၊ ထောက်ပို့လမ်းကြောင်းတွေ၊ မြို့ပတ်ဝန်းကျင်ဒေသတွေကို အပြည့်အဝမထိန်းချုပ်နိုင်သေးရင် အဲ့ဒီမြို့ဟာတည်ငြိမ်သွားပြီ လို့ ပြောဖို့ခက်နေသေးတယ်ဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်ရဲ့ တံခါးပေါက် လမ်းကြောင်း
စစ်ကိုင်းနဲ့ ကချင်အစပ်က ထီးချိုင့်၊ ကသာ၊ အင်းတော်နဲ့ မော်လူးမြို့တွေဟာ စစ်ရေးနဲ့ထောက်ပို့အတွက် နှစ်ဖက်တပ်တွေအတွက် အရေးပါတဲ့လမ်းကြောင်းတစ်ခုအဖြစ် ရှိနေပါတယ်။
အထူးသဖြင့် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းဟာ ကချင်ပြည်နယ်တစ်ခုလုံးကို မြန်မာပြည်အလယ်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့ အဓိကကုန်းလမ်းကြောင်းတွေထဲက တစ်ခုဖြစ်ပြီး ကုန်စည်စီးဆင်းမှု၊ စစ်ရေးထောက်ပို့၊ လူအင်အားရွှေ့ပြောင်းမှုတွေအတွက် ဒီလမ်းပိုင်းက အရေးပါတဲ့တံတားတစ်ခုလို ဖြစ်နေတာပါ။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း မန္တလေး–ကချင်ပြည်နယ်လမ်းမကြီးဟာ နှစ်ဖက်စလုံးအတွက် အရေးပါတဲ့ ထောက်ပို့လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
“အရေးကြီးပါတယ်။ မန္တလေး–ကချင်ပြည်နယ်လမ်းမကြီးက သူတို့အတွက်လည်း ထောက်ပို့လမ်းကြောင်းအနေနဲ့ အရေးကြီး တာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကနေလည်း အဲ့ဒီလမ်းမကြီးတွေက အရေးကြီးပါတယ်။ ထောက်ပို့တွေပေါ့နော်။ ပြည်သူလူထု သွားရေးလာရေးအတွက်လည်း သူတို့လည်းကြိုးစားတယ်။ ကျနော်တို့လည်းကြိုးစားတာပေါ့”လို့ သူကပြောပါတယ်။
အာဏာမသိမ်းခင်ကတည်းက ကချင်ပြည်နယ်ဟာ မန္တလေးဘက်ကတက်လာတဲ့ လူသုံးကုန်၊ စားသောက်ကုန်နဲ့ ဆေးဝါးတွေကို အဓိကမှီခိုခဲ့ရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှ အဲ့ဒီလမ်းပိုင်းဟာ မကြာခဏ ပြတ်တောက်လာခဲ့ရတာပါ။
အထူးသဖြင့် ထီးချိုင့်၊ ကသာ၊ အင်းတော်နဲ့ မော်လူးတစ်လျှောက် လမ်းပိုင်းတွေဟာ စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အဓိကကုန်းလမ်းကြောင်းဖြစ်နေပြီး အနောက်ဘက်မှာ ဧရာဝတီမြစ်၊ အရှေ့ဘက်မှာ တောင်တန်းနဲ့ သစ်တောဧရိယာတွေရှိနေတာကြောင့် သွားလာနိုင်တဲ့ လမ်းကြောင်းရွေးချယ်စရာလည်း နည်းပါးပါတယ်။
KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း “ကျွန်တော်တို့ အိမ်ခြံဝန်းတံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမယ်” လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်တဲ့ ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြောခဲ့ဖူးပါတယ်။
အဲ့ဒီစကားဟာ လက်ရှိစစ်ရေးအခြေအနေကို ကြည့်ရင် ပိုပြီးသိသာလာနေပါတယ်။ အထူးသဖြင့် ကသာ၊ အင်းတော်နဲ့ မော်လူး တစ်လျှောက် တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတဲ့အခြေအနေက စစ်ကိုင်း–ကချင်အစပ်ဒေသတွေကို KIA နဲ့ မဟာမိတ် အင်အားစုတွေဘက်က စစ်ရေးအရ အရေးပါတဲ့ဒေသတစ်ခုအဖြစ် ဆက်လက်သတ်မှတ်ထားဆဲဖြစ်ကြောင်းပြသနေပါတယ်။

ပြန်လည်ဖိအားပေးလာတဲ့ တော်လှန်ရေးတပ်တွေ
လက်ရှိတိုက်ပွဲတွေမှာ ထူးခြားနေတာက တော်လှန်ရေးတပ်တွေဟာ မြို့တွေကို အချိန်တိုအတွင်း လက်လွှတ်ခဲ့ရပေမယ့် စစ်ရေး အရ ပြိုလဲသွားတဲ့ပုံစံမျိုး မတွေ့ရဘဲ လမ်းပိုင်း၊ စစ်ကူယာဉ်တန်းနဲ့ ကာကင်းနေရာတွေကို ပြန်လည်ဖိအားပေး တိုက်ခိုက်လာနိုင် တာပဲဖြစ်ပါတယ်။
မေလဒုတိယပတ်နောက်ပိုင်းကစပြီး အင်းတော်၊ မော်လူးနဲ့ ကသာတစ်လျှောက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း တော်လှန်ရေး တပ်တွေဘက်ကအသာစီးရလာတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အထူးသဖြင့် မော်လူးမြို့ပတ်ဝန်းကျင်နဲ့ မြို့အတွင်းကာကင်းနေရာတွေမှာ တိုက်ပွဲတွေပြင်းထန်ကာ စခန်းတချို့သိမ်းပိုက်နိုင်ခဲ့သလို မိုးညှင်းဘက်ကနေတက်လာတဲ့ စစ်တပ်ရဲ့စစ်ကူယာဉ်တန်းတချို့ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
မော်လူးဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ “တိုက်ပွဲက ဘယ်လောက်ထိပြင်းထန်သလဲဆိုတော့ မော်လူးမြို့အနီး ပတ်ချာလည်နဲ့ မြို့ထဲမှာပါ ကာကင်းတွေထားရတဲ့အထိ ဖြစ်လာတယ်” လို့ပြောပါတယ်။
အင်းတော်မြို့တစ်ဝိုက်မှာလည်း မေလ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မော်လူးနဲ့ ကသာဘက်မှာတော့ မေလ ၂၁ ရက်နေ့ကစပြီး တစ်ပြိုင်နက်တည်း တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတယ်လို့ ဆိုပါတယ်။
မြေပြင်စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်တွေဘက်က အသေးစိတ်ထုတ်ပြန်တာမျိုးမရှိသေးပေမယ့် စစ်ကောင်စီတပ်တွေဘက်က ထိခိုက်ကျဆုံးမှုများခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
တစ်ဖက်မှာ စစ်ကိုင်း–ကချင်အစပ်ဒေသက တိုက်ပွဲတွေအတွင်း မြေပြင်တိုက်ခိုက်မှုတွေတင်မကဘဲ အမှတ် (၁) စစ်ဒေသ ဘက်က ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်တွေအရ FPV ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေကိုလည်း တွေ့လာရပါတယ်။
ဒီလိုလက်နက်နည်းပညာအသစ်တွေက မြေပြင်တိုက်ပွဲပုံစံကို တစ်စိတ်တစ်ပိုင်း ပြောင်းလဲလာစေတယ်လို့ စစ်ရေးသတင်းရင်းမြစ် တချို့က သုံးသပ်ပါတယ်။
ဒါ့အပြင် အခုလက်ရှိ ပြန်လည်ပြင်းထန်လာတဲ့ တိုက်ပွဲတွေဟာ အစောပိုင်းက ယာယီဆုတ်ခွာခဲ့တဲ့ တော်လှန်ရေးတပ်တွေဘက်က အင်အားပြန်စုစည်းပြီး တန်ပြန်ထိုးစစ်ပြန်ဆင်လာတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။
“ပထမသူတို့ထိုးစစ်ဆင်လာတဲ့အခါမှာ ကိုယ့်ဘက်ကလက်နက်ခဲယမ်းကအစ ဒရုန်းတွေကအစ မရှောင်နိုင်ခဲ့ဘူးပေါ့။ အဲ့လိုဆို တော့ အသေခံမယ့်အစား မနိုင်မှန်းသိတော့ပြန်ဆုတ်ပေးလိုက်တယ်။ ပြီးမှဘဲ အမှည့်ခြွေတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့ ထိုးစစ်ဆင် တယ်ဆိုပြီး တော်လှန်ရေးဘက်ကပြောထားတာပေါ့”လို့ မော်လူးဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မဟာမိတ်ပူးပေါင်းမှုရဲ့အား
လက်ရှိ စစ်ကိုင်း–ကချင်အစပ်ဒေသက တိုက်ပွဲတွေမှာ နောက်ထပ်ထူးခြားတာတစ်ခုကတော့ တော်လှန်ရေးပူးပေါင်းအင်အားစု တွေရဲ့ စုဖွဲ့တိုက်ခိုက်နိုင်စွမ်း ဆက်ရှိနေသေးတာပါ။
အသာစီးပြန်ရလာတဲ့တိုက်ပွဲတွေအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တစ်ဖွဲ့တည်းသာမက အာဏာသိမ်းပြီးနောက်ပိုင်း သိမ်းပိုက်အနိုင်ရမှုတွေမှာ KIA နဲ့အမြဲပူးပေါင်းနေတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ PDF ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တချို့ပါ ပူးပေါင်းပါဝင်နေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ကချင်ပြည်နယ်ဘက်မှာ၊ စစ်ကိုင်းဘက်မှာရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကတော့ ပူးပေါင်းပြီးတိုက်ခိုက်တာဖြစ်ပါ တယ်” လို့ သူကဆိုပါတယ်။
ဒါ့အပြင် ရှမ်းနီလက်နက်ကိုင်အဖွဲ့တွေအကြောင်းကိုလည်း ဗိုလ်မှူးကြီးနော်ဘူက သီးသန့်ထည့်သွင်းပြောဆိုခဲ့ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီအဖွဲ့တွေလည်းရှိတယ်လို့ ဆိုပါတယ်။
စစ်ရေးအသေးစိတ်ပူးပေါင်းဆောင်ရွက်မှုတွေကို ထုတ်ဖော်မပြောပေမယ့် ရှမ်းနီအဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းပြောဆို လာတာက လက်ရှိတိုက်ပွဲတွေဟာ KIA နဲ့ PDF တို့သာမက ဒေသတွင်းအင်အားစုအများအပြားပါဝင်တဲ့ ပိုစနစ်ကျတဲ့ စုဖွဲ့ပုံတစ်ခုအောက်မှာ လည်ပတ်နေတဲ့ အရိပ်အယောင်တွေကို တွေ့မြင်လာရပါတယ်။
ဒါ့အပြင် ဗိုလ်မှူးကြီးနော်ဘူက “KIA နဲ့ပူးပေါင်းတပ်တွေအားလုံး ပူးပေါင်းပြီးမှတိုက်လို့ တချို့စခန်းတွေသိမ်းနိုင်တာရှိတယ်” လို့လည်း ပြောပါတယ်။

တိုက်ပွဲကြားမှာ ပိတ်မိခဲ့တဲ့ အရပ်သားတွေ
မြေပြင်မှာ နှစ်ဖက်တပ်တွေ နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်နေကြချိန်တစ်ပြိုင်နက်တည်းမှာပဲ အဲ့ဒီတိုက်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုတော့ အရပ်သားတွေက နေ့စဉ်ဘဝထဲမှာ တိုက်ရိုက်သက်ရောက်မှုတွေလည်းရှိလာပါတယ်။
အထူးသဖြင့် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီးနောက် ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူးနဲ့ နန့်စီးအောင်တစ်ဝိုက် လမ်းပိုင်းတွေကို နှစ်ဖက်တပ်တွေဘက်က အသုံးမပြုဖို့ သတိပေးချက်တွေ ဆက်တိုက်ထုတ်ပြန်လာခဲ့ပါတယ်။
စစ်တပ်ဘက်ကလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းပိုင်းအသုံးပြုခွင့်တွေ ကန့်သတ်ထားသလို အမျိုးသားညီညွှတ်ရေး အစိုးရ NUG ရဲ့ အမှတ် (၁) စစ်ဒေသဘက်ကလည်း အဲ့ဒီလမ်းပိုင်းတွေကို အသုံးမပြုဖို့ မေလ ၂၄ ရက်နေ့က ထုတ်ပြန်သတိပေး ခဲ့ပါတယ်။
အဲ့ဒီအခြေအနေကြောင့် မန္တလေးကနေ မြစ်ကြီးနားဘက်ကို သွားလာနေတဲ့ ခရီးသွားအရပ်သား ၁၀၀၀ ဝန်းကျင်ဟာ ထီးချိုင့်–ကသာလမ်းပိုင်းနဲ့ ကသာမြို့တစ်ဝိုက်မှာ ရက်အတန်ကြာ ပိတ်မိနေခဲ့ရတယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပိတ်မိနေတဲ့ ယာဉ်အစီးရေဟာ ၅၀၀ ဝန်းကျင်အထိရှိနေပြီး တချို့ခရီးသည်တွေကတော့ လမ်းဘေးက လုံခြုံတဲ့နေရာတွေ၊ ကသာမြို့က ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။
“လမ်းပွင့်တယ်ဆိုပြီး တက်လာတဲ့ကားတွေ တန်းနေတာပေါ့။ တချို့က ဘုန်းကြီးကျောင်းတွေထဲမှာနေကြတယ်။ တိုက်ပွဲက နန့်စီးအောင်–မော်ဟန်–မော်လူးဘက်မှာ ဆက်တိုက်ဖြစ်နေတာ”လို့ မန္တလေး–မြစ်ကြီးနားခရီးစဉ် ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
ရန်ကုန်ကနေ မန္တလေးတစ်ဆင့် မြစ်ကြီးနားကို ပြန်လာတဲ့ အရပ်သားတစ်ဦးကတော့ ကသာမြို့အထက်ပိုင်းမှာ တိုက်ပွဲပြင်းထန် လာတာကြောင့် ၆ ရက်ကြာ ပိတ်မိနေခဲ့ရတယ်လို့ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
အဲ့ဒီကာလအတွင်း လေယာဉ်ပျံသန်းသံနဲ့ ဗုံးပေါက်ကွဲသံတွေကို နေ့စဉ်ကြားနေရပြီး လမ်းပေါ်မှာ ကားရာနဲ့ချီ၊ ခရီးသည်ထောင်နဲ့ချီ ပိတ်မိနေတဲ့အခြေအနေကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“စစ်ပွဲပြီးဆုံးပြီး မြန်မြန်ငြိမ်းချမ်းပါစေလို့ ဆုတောင်းနေမိတယ်” လို့ သူကရေးသားထားပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း ဗုံးထိခိုက်ထားတဲ့ နေအိမ်တစ်လုံးမှာ ညအိပ်ခဲ့ရတဲ့ အတွေ့အကြုံကိုပါ အမှတ်တရအဖြစ် မျှဝေထားပြီး လမ်းပိုင်းတစ်လျှောက် ပိတ်မိနေတဲ့ အရပ်သားတွေ ကြုံတွေ့ခဲ့ရတဲ့ စိုးရိမ်ထိတ်လန့်မှုအခြေအနေကို ထင်ဟပ်စေပါတယ်။
ဒါပေမယ့် မေလ ၂၇ ရက်နေ့မှာတော့ ထီးချိုင့်–ကသာလမ်းပိုင်းမှာ ပိတ်မိနေတဲ့ ကားတန်းတချို့ကို ၁၀ စီးစီအုပ်စုလိုက် စတင် ဖြတ်သန်းခွင့်ပေးလာခဲ့တယ်လို့ ကားသမားတွေနဲ့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကားသမားတစ်ဦးရဲ့ ပြောဆိုချက်အရ မနက် ၁၀ နာရီဝန်းကျင်ကစပြီး လမ်းပိုင်းအခြေအနေကိုကြည့်ပြီးကားတွေကို တစ်ကြိမ်ကို ၁၀ စီးစီအုပ်စုလိုက် တဖြည်းဖြည်း လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်း–ကချင်အစပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ကသာနဲ့ အင်းတော်ကြား တိုက်ပွဲအခြေအနေ တစ်စိတ်တစ်ပိုင်း ငြိမ်သက်လာတာကြောင့် ယာယီဖြတ်သန်းခွင့်ပေးလာတဲ့ သဘောဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိ ထီးချိုင့်–ကသာ–အင်းတော်–မော်လူး–နန့်စီးအောင် လမ်းပိုင်းတစ်လျှောက်မှာ တိုက်ပွဲအခြေအနေ လုံးဝငြိမ်သက်သွားတာမျိုးမရှိသေးဘဲ လုံခြုံရေးအခြေအနေအလိုက် ကန့်သတ်မှုတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတဲ့ ဒီရက်ပိုင်းအတွင်း ကသာမြို့ပေါ်မှာလည်း စစ်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ မကြာခဏ ဖြတ်သန်းပြီး လေကြောင်းတိုက်ခိုက်နေတာကို မြို့ခံတွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။
“ဂျက်ဖိုက်တာတွေ၊ ဟက်စကီးတွေ တစ်ရက်ကို အခေါက်ရေတော်တော်များများ ပျံနေတယ်။ ကသာကိုဖြတ်ပြီး အင်းတော်နဲ့ မော်လူးဘက်ကို ဦးတည်သွားတာ”လို့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့်ရော နှစ်ဖက်တပ်တွေရဲ့ပစ်ခတ်တိုက်ပွဲအကြားအရပ်သားသေဆုံးမှုတွေရှိတယ်လို့သိရပေမဲ့ လက်ရှိ မြေပြင်အခြေနေရှုပ်ထွေးမှုတွေကြောင့် အရပ်သားသေဆုံးမှုအခြေနေအသေးစိတ်ကို KNG ကစုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲတွေရှိနေတဲ့အချိန်မှာ လုံခြုံရေးအရ သွားလာခွင့်ကန့်သတ်တာတွေ ရှိနိုင်ပေမယ့် အရပ်သားတွေကို ရည်ရွယ်ပြီး ပိတ်ဆို့တာမျိုးမရှိဘူးလို့ ပြောပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ လမ်းပိုင်းတွေ မကြာခဏပိတ်လိုက် ဖွင့်လိုက်ဖြစ်နေတဲ့အခြေအနေ၊ တိုက်ပွဲနဲ့ လေကြောင်းလှုပ်ရှား မှုတွေ ဆက်ရှိနေတဲ့အခြေအနေတွေကြောင့် စစ်ကိုင်း–ကချင်အစပ်ဒေသကို ဖြတ်သန်းသွားလာနေတဲ့ အရပ်သားတွေဟာ စစ်ရေးတင်းမာမှုရဲ့ နောက်ဆက်တွဲကိုတော့ တိုက်ရိုက်ခံစားနေကြရဆဲဖြစ်ပါတယ်။
By – အမိုး




