မြစ်ကြီးနားမှာ ဆိုင်ကယ်ဆီပြတ်ဟန်ဆောင်ပြီး ငွေလိမ်တောင်းတာတွေများလာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်ဆီပြတ်ဟန်ဆောင်ပြီး ငွေလိမ်တောင်းတဲ့ပုံစံခပ်စိပ်စိပ် တွေ့လာရတယ်လို့ မြို့ခံတွေက KNG ကို ပြောပါတယ်။
ငွေလိမ်တောင်းခံတဲ့ပုံစံက အမျိုးသား (ဒါမှမဟုတ်) အမျိုးသမီးတစ်ဦးက ဆိုင်ကယ်ဆီပြတ်သွားတဲ့ပုံစံနဲ့ ဆိုင်ကယ်တွန်းပြီး လမ်းလျှောက်လာကာ လမ်းမှာတွေ့တဲ့သူတွေကို ဆီဖိုးအကူအညီပေးဖို့ တောင်းခံတာမျိုး လုပ်လာကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“ယုဇနရပ်ကွက်၊ အားဆုန်အီလက်ထရောနစ်ဆိုင်ဘေးမှာ ဆိုင်ကယ်တွန်းပြီး ဆီကုန်သွားလို့ ပိုက်ဆံလိုတယ်ဆိုပြီး မိန်းကလေးတစ်ယောက် အကူအညီတောင်းနေတာ မြင်တယ်။ အဲဒီနောက် ဈေး(၁) ရှေ့မှာ ဆိုင်ကယ်တွန်းပြီး အမျိုးသားတစ်ဦး ဆီဖိုးအကူအညီတောင်းနေတာကို ပြန်တွေ့ရတယ်” လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
တချို့နေရာတွေမှာတော့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုင်ကယ်တွန်းလာပြီး သူ့ဘေးမှာ ဆေးခန်းစာအုပ်တစ်အုပ် ကိုင်ထားတဲ့ အမျိုးသမီးတစ်ဦး ပါလာတတ်ကို တွေ့ရတယ်လို့ ဆိုပါတယ်။
ခုလိုငွေ ဆိုင်ကယ်ဆီပြတ်ပုံစံနဲ့ ငွေတောင်းသူတွေဟာ ယဉ်ကျေးစွာနဲ့ အခက်အခဲကြုံနေရတာကို ပြောပြပြီး အကူအညီတောင်းတာကြောင့် သနားပြီး ငွေကြေးပေးကြသူတွေ ရှိတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားသူတစ်ဦးက ဆိုပါတယ်။
“သနားကြပါလို့ လာတောင်းရင် ၅၀၀၊ ၁,၀၀၀ လောက်ပေးကြတယ်။ ဆီပြတ်လို့ဆိုတော့ သူခက်ခဲနေတာပဲဆိုပြီး ကိုယ်ချင်းစာပြီး ၃,၀၀၀၊ ၅,၀၀၀ လောက် ပေးကြမှာပဲ။ တောင်းတဲ့နည်းစနစ်အသစ်ပါလားလို့ တွေးမိတယ်” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ခုလို ငွေတောင်းခံသူတွေကို သတိထားမိလာတာကတော့ ဧရာရပ်ကွက်နဲ့ ယုဇနရပ်ကွက်အပါအဝင် နေရာအမျိုးမျိုးမှာ တူညီတဲ့ပုံစံနဲ့ တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထူးသဖြင့် လျှာထိုးဦးထုပ်၊ အနက်ရောင်ဘောင်းဘီတိုနဲ့ အညိုရောင်ကွက်ကြားအင်္ကျီ ဝတ်ဆင်ထားပြီး ဆိုင်ကယ်တွန်းကာ အကူအညီတောင်းတာကို နေရာအများအပြားမှာ တွေ့လာရတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ အရင်ကတည်းက ဆေးဖိုးလိုအပ်တယ်ဆိုပြီး တောင်းတာ၊ လမ်းစရိတ်ပြတ်သွားတယ်ဆိုပြီး အကူအညီတောင်းတာအပြင် နည်းလမ်းအမျိုးမျိုးနဲ့ ငွေကြေးတောင်းခံမှုတွေ ရှိခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ ဆိုင်ကယ်ဆီပြတ်ဟန်ဆောင်ပြီး ငွေတောင်းတဲ့ပုံစံ ပြန်လည်တွေ့လာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း အမှန်တကယ်အခက်အခဲကြုံနေရသူတွေ ရှိနိုင်တာကြောင့် အကူအညီပေးလိုသူတွေအနေနဲ့ အခြေအနေကို သေချာစိစစ်ပြီးမှ ကူညီကြဖို့ ဒေသခံတွေက တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်လုပ်ကိုင်နိုင်တဲ့ အခြေအနေရှိသူတွေက ပြည်သူတွေရဲ့ ကိုယ်ချင်းစာစိတ်ကို အသုံးချပြီး လိမ်လည်ငွေတောင်းခံတာမျိုးရှိလာနေတဲအပေါ် မြစ်ကြီးနားမြို့ခံတွေကြား ပြောဆိုဝေဖန်မှုတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။
By – Zami




