စစ်ကိုင်း-ကချင်အစပ် တင်းမာမှုနှင့် စစ်ယာဉ်တန်းဝင်ရောက်မှုအပေါ် KIA အမြင်ဘယ်လိုရှိလဲ

စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသတွေမှာ နှစ်ဖက်တပ်တွေစစ်ရေးတင်းမာနေချိန် စစ်တပ်ဘက်က ကချင်ပြည်နယ်ကို စစ်အင်အားနဲ့ ထောက်ပို့ပစ္စည်းတွေ အဆက်မပြတ် ဖြည့်တင်းနေတယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ မန္တလေးမြစ်ကြီးနား ပြည်ထောင်စုလမ်းပိုင်းကို မေလ  ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့တဲ့ တစ်ပြိုင်နက် မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို စစ်ယာဉ်တန်းရာနဲ့ချီတွေ ဆက်တိုက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒါကို မူရင်းအတိုင်းပဲ စာလုံးပေါင်းနဲ့ဝါကျအထားသိုပဲစစ်ပေးပါ

ဒေသတွင်းသတင်းတွေအရ မေလ  ရက်နေ့မှာ မန္တလေးကနေ ထွက်ခွာလာတဲ့ ယာဉ်အစီးရေ ၄၀၀ ကျော် ယာဉ်တန်းဟာ မိုးညှင်း၊ မိုးကောင်းမြို့နယ်တွေကို ဖြတ်သန်းပြီး မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခကို ဝင်ရောက်လာခဲ့တာပါ။

မေလ ၁၂ ရက်နေ့အထိ အဲ့ဒီယာဉ်တန်းထဲက ယာဉ်အစီးရေ ၃၀၀ ကျော်ဟာ မပခအတွင်း ရောက်ရှိသွားပြီဖြစ်ပြီး ကျန်ယာဉ်တွေ ကတော့ လမ်းတစ်လျှောက်က မြို့နယ်တချို့မှာ ရပ်နားနေခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေ ကတော့ အဲ့ဒီယာဉ်တန်းတွေမှာ လက်နက်ခဲယမ်း၊ လောင်စာဆီ၊ စားနပ်ရိက္ခာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ပါဝင်တယ်လို့ ပြောဆိုထားကြပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့ရက်ပိုင်း မေလ ၃၁ ရက်မှာ ယာဉ်အစီးရေ ၂၀၀ ခန့်ပါဝင်တဲ့ နောက်ထပ်ယာဉ်တန်းတစ်ခု မပခကို ဝင်ရောက်သွားကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ စစ်တပ်ထောက်ခံတဲ့မီဒီယာနဲ့ ချန်နယ်လ်တွေမှာလည်း တောက်လျှောက်သတင်းတွေရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီယာဉ်တန်းမှာ စစ်အင်အား ဘယ်လောက်ပါဝင်သလဲ၊ ဘယ်လို ပစ္စည်းတွေ တင်ဆောင်လာသလဲဆိုတာကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တစ်ဖက်မှာတော့ ကသာ၊ အင်းတော်၊ မော်လူး၊ ရွှေကူနဲ့ စစ်ကိုင်းကချင်အစပ်ဒေသတစ်လျှောက် KIA ဦးဆောင်တဲ့ ပူးပေါင်းတပ် တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေငြိမ်နေပေမဲ့ စစ်ရေးတင်းမာနေဆဲလို့သိရပါတယ်။အထူးသဖြင့် မန္တလေးမြစ်ကြီးနား လမ်းမကြီးကို ထိန်းချုပ်နိုင်ရေးနဲ့ လက်လွတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်စိုးမိုးနိုင်ရေးဟာ နှစ်ဖက်စလုံးအတွက် အဓိက စစ်ရေးရည်မှန်းချက်တစ်ခု ဖြစ်လာနေပါတယ်။

မန္တလေးမြစ်ကြီးနားလမ်းပိုင်းဟာ စစ်ဘက်ဆိုင်ရာ ထောက်ပို့လမ်းကြောင်းတစ်ခုသာမက ကချင်ပြည်နယ်နဲ့ အထက်မြန်မာပြည် ကို ဆက်သွယ်ထားတဲ့ အဓိက ကုန်စည်စီးဆင်းမှုလမ်းကြောင်းလည်း ဖြစ်တာကြောင့် တိုက်ပွဲတွေကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်တင်ယာဉ်အများအပြား ပိတ်မိခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေ၊ စစ်တပ်ရဲ့ ယာဉ်တန်းလှုပ်ရှားမှုတွေနဲ့ မန္တလေးမြစ်ကြီးနား လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေရဲ့ ရည်ရွယ်ချက်တွေကို သိရှိနိုင်ဖို့ KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို KNG က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ပထမဆုံးအနေနဲ့ကချင်ပြည်နယ်ကိုဝင်ရောက်လာတဲ့ စစ်ယာဥ်တန်းတွေနဲ့ပတ်သက်လို့ဘာတွေများသတင်းကြားသေးလဲဗျ။

ဖြေ။ စစ်ကား ဟုတ်မဟုတ်တော့ မသိဘူး။ ယာဉ်တန်း ၂၀၀လောက်ကတော့ မပခထဲဝင်သွားတယ်ဆိုတော့ အတည်ပြုတယ်။ ဟိုတစ်ခေါက်တုန်းက ကသာကနေ တက်လာတုန်းကတော့ ကုန်တွေသယ်တဲ့ ပြည်သူတွေရဲ့ကားတွေနဲ့ ရောပြီး တက်လာတယ် ဆိုပြီး သတင်းရတာတွေ ရှိတယ်။ အခုကားတွေက စစ်ကားလား ကုန်သယ်တဲ့ ကားတွေလားဆိုပြီး မေးထားပေမယ့် ဘယ်သူကမှ သေချာ ပြောပြတာတွေ မရှိသေးဘူး။ ဝင်သွားတာကတော့ မပခထဲကို ဝင်သွားတယ်လို့ ပြောတယ်။

မေး။ ဒီအခြေနေနဲ့ပတ်သက်လို့ ဘာများပြောချင်ပါသလဲပေါ့။ သူတို့ဘက်ကတော့ ဒီတက်လာတဲ့စစ်တပ်ယာဥ်တန်းတွေနဲ့အတူ စာတွေကပ်ပြီး အရပ်သားတွေအတွကတော့ကျောင်းသုံးစာအုပ်တွေရောပေါ့နော်တင်လာတယ်လို့ပြောတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများ ပြောချင်သလဲပေါ့။

ဖြေ။ ရှေ့တစ်ခေါက် အစီး၄၀၀ တက်လာတုန်းကလည်း ဘိလပ်မြေအိတ်တင်တဲ့ ကားအစီး၁၀၀ပါတယ်။ တခြားဆောက်လုပ်ရေး ပစ္စည်းတွေလည်း ပါတယ်။ စားနပ်ရိက္ခာတင်တဲ့ကားတွေလည်းပါတာ ဟုတ်တယ်။ လက်နက်ခဲယမ်းတွေလည်းပါတယ်။ ဒီတစ်ခေါက်လည်း အစားအသောက်တွေလည်း ပါမှာဘဲ  အဲဒီလိုဘဲ ပြည်သူတွေ အသုံးပြုရမယ့် ပစ္စည်းတွေလည်းပါမှာဘဲ။ ဒါပေမယ့်လည်း ဘာဘဲ ဖြစ်ဖြစ် စစ်ကားဖြစ်တဲ့ အတွက် လက်နက်ခဲယမ်းတွေလည်း သယ်တာတွေလည်း သေချာပေါက် ပါမယ်လို့တော့ သိရှိနိုင်တယ်။ ပြီးတော့ စစ်အင်အား ဘယ်လောက်ပါတယ် ဆိုတာကိုတော့ သေချာ မသိရသေးဘူး။ ကားကို ဖုံးပြီး မောင်းလာတာ ဖြစ်တဲ့အတွက် စစ်အင်အား ဘယ်လောက်ပါတယ်ဆိုတာကိုတော့ မသိရသေးဘူး။

မေး။ လက်ရှိမန္တလေးမြစ်ကြီးနား လမ်းပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲက ဘယ်လိုတိုက်ပွဲမျိုးလဲ။ လက်လွှတ်လိုက်ရတဲ့ မြို့တွေကိုပြန်ရဖို့ တိုက်တဲ့တိုက်ပွဲမျိုးလားပေါ့။ ဘယ်လိုပြောပြလို့ရမလဲဗျ။

ဖြေ။ ဒီတစ်ခေါက်တိုက်ပွဲကတော့ ကချင်နဲ့စစ်ကိုင်းအစပ်ဘက်မှာ နေရာစိုးမိုးရေးအတွက်တိုက်တာကိုတွေ့ရပါတယ်။ အင်းတော်မြို့ တကြော၊ ကသာမြို့ပတ်ဝန်းကျင်တွေထိန်းချုပ်နိုင်ဖို့အတွက် တိုက်ပွဲပြင်းထန်တာကိုတွေ့ရပါတယ်။ ဒုတိယအချက်ကတော့ မန္တလေးကနေ ကချင်ပြည်နယ်လမ်းမကြီးကိုထိန်းချုပ်ဖို့အတွက် သူတို့ကြိုးစားပြီးမှတိုက်ပွဲတွေဖော်ဆောင်တာကို တွေ့ရပါ တယ်။ အဲ့နှစ်ချက်ကတော့ ကျနော်တွေ့ရတာပေါ့နော်။

မေး။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေက နှစ်ဖက်တပ်တွေအတွက်ဘယ်လောက်ထိအရေးပါတဲ့ဒေသတွေလဲ။

ဖြေ။  အရေးကြီးပါတယ်။ မန္တလေးကချင်ပြည်နယ်လမ်းမကြီးက သူတို့အတွက်လည်း ထောက်ပို့လမ်းကြောင်းအနေနဲ့အရေးကြီး တာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကနေလည်း အဲ့ဒီလမ်းမကြီးတွေက အရေးကြီးပါတယ်။ ထောက်ပို့တွေပေါ့နော်။ ပြည်သူလူထု သွားရေးလာရေးအတွက်လည်း သူတို့လည်းကြိုးစားတယ်။ ကျနော်တို့လည်းကြိုးစားတာပေါ့။ နောက်တစ်ခုရှိတာကတော့ ကချင်နဲ့စစ်ကိုင်းဘက်မှာ ကချင်နဲ့စစ်ကိုင်းအစပ်မှာ PDF တွေက လွတ်မြောက်နယ်မြေအဖြစ်သူတို့ထိန်းချုပ်ထားတဲ့နေရာတွေ များပါတယ်။ ဆိုတော့ စစ်ကော်မရှင်ဘက်ကနေလည်း သူတို့ပြန်ထိန်းချုပ်ချင်လို့ဖြစ်မှာပါ။ အဲ့ဘက်ကို လွတ်မြောက်နယ်မြေ မဖြစ်အောင် သူတို့အတွက် အင်မတန်မှအရေးကြီးတဲ့မြို့တွေဖြစ်ပါတယ်။ အဲ့တာတွေကအရေးကြီးဆုံးဖြစ်မယ်လို့ ကျနော် သုံးသပ်ပါတယ်။

မေး။ လက်ရှိ စစ်ကိုင်းနဲ့ကချင်အစပ်မြေပြင်တိုက်ပွဲမှာ ဘယ်တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးပါဝင်တိုက်ခိုက်နေကြလဲဗျ။

ဖြေ။ စစ်ရေးသတင်းဆိုတော့ ပွင့်ပွင်းလင်းလင်းကတော့အဆင်မပြေလောက်ဘူးထင်တယ်။ ဒါပေမဲ့ အမြဲတမ်းကျနော်တို့ ပူးပေါင်း နေတဲ့ PDF တို့ပေါ့နော်။ ကချင်ပြည်နယ်ဘက်မှာ၊စစ်ကိုင်းဘက်မှာ ရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအားလုံးကတော့ ပူးပေါင်း ပြီး တိုက်ခိုက်တာဖြစ်ပါတယ်။ PDF တို့ ကျောင်းသားတပ်တို့ပေါ့နော်။ ပြီးတော့ ရှမ်းနီတပ်ဖွဲ့တွေ လည်းရှိတာပေါ့။ ရှမ်းနီဆိုတဲ့ နေရာမှာ နှစ်ဖွဲ့ရှိတာပေါ့။ စစ်ကော်မရှင်ဘက်ကပါတဲ့ရှမ်းနီတပ်တွေလည်းရှိတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့ဆီမှာပါတဲ့ ရှမ်းနီတွေလည်းရှိတယ်။ ရှိတာအားလုံးကတော့ပူးပေါင်းပြီးတိုက်တာပါ။ ဘယ်အဖွဲ့တွေပါတယ်ဆိုတာကတော့ ဗျူဟာပိုင်း ဆိုတော့ အသေးစိတ်ပြောဖို့အဆင်မပြေဘူးနော်။

မေး။ ‌နောက်မေးခွန်းကတော့ ခရီးသွားတွေနဲ့ အရပ်သားတွေရဲ့အခြေနေနဲ့ပတ်သက်လို့ပါ။ မန္တလေးမြစ်ကြီးနား လမ်းပိုင်းကိုသုံးနေတဲ့ ခရီးသွားတွေ ပိတ်မိတာတွေလည်းရှိတယ်လို့ သိရတယ်။ အဲ့တာရောဘာတွေကြားမိသလဲ။ ပြီးတော့ ဒီအချိန်မှာ ဒီလမ်းပိုင်းကို အသုံးပြုဖို့ လုံခြုံသလား။ ဘာများသတင်းစကားပါးချင်ပါလဲ။

ဖြေ။ တိုက်ပွဲရှိရင်တော့ နှစ်ဖက်က လုံခြုံရေးအတွက် စောင့်ရတာတွေကတော့ရှိမှာပါ။ ပိတ်ဆို့မှုဆိုတာကတော့ မရှိလောက်ပါဘူး။ တိုက်ပွဲဖြစ်လို့ဆိုရင်တော့ သိတဲ့အတိုင်း လုံခြုံရေးဘက်ကနေကြည့်ပြီးမှ မဖြတ်ခိုင်းတာတွေတော့ရှိကောင်းရှိနိုင်ပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း တိုက်ပွဲတွေရှိရင်တော့ နားလည်ဖို့တော့အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ တိုက်ပွဲ ရှိရင် သွားရေးလာရေးအဆင်မပြေဘူးလေနော်။ ကျနော်တို့ပြည်သူလူထုတွေကို ပိတ်ဆို့မှုတွေလုပ်တာကတော့မရှိပါဘူး။ တိုက်ပွဲတွေ ရှိရင်တော့မတတ်နိုင်ဘူးလေ။ ဒါကလုံခြုံရေးအတွက်။ အဲ့တာကိုတော့ပြည်သူလူထုတွေနားလည်ပေးဖို့ ကျနော် ပြောလိုပါတယ်။

မေး။ လက်ရှိမြေပြင်မှာဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ ဘယ်အဖွဲ့ဘက်ကအသာစီးရနေတယ်လို့ ပြောလို့ရမလဲ။

ဖြေ။ တိုက်ပွဲဆိုတာကတော့ ရှုံးတလှည့်နိုင်တလှည့်တော့ဖြစ်ပါတယ်။မြဲတယ်ဆိုတာတော့မရှိပါဘူး။ အခုလောလောဆယ်ကတော့ ကသာပတ်ဝန်းကျင်မှာလည်း KIA နဲ့ပူးပေါင်းတပ်တွေအားလုံး ပူးပေါင်းပြီးမှတိုက်လို့ တချို့စခန်းတွေသိမ်းနိုင်တာရှိတယ်။ တချို့နေရာတွေကိုသိမ်းနိုင်တာလည်းရှိတယ်။ နောက်တစ်ခုကတော့ စစ်ကော်မရှင်ဘက်ကလည်း မြို့တွင်းမှာတော့ သူတို့ နေလို့ ထိုင်လို့ရတာပေါ့။ဒါပေမဲ့ မြို့ပတ်ဝန်းကျင်မှာ သူတို့သွားရေးလာရေးကတော့ အခက်အခဲတွေအများကြီးရှိတယ်။ အဲ့တာကြောင့် စိုးမိုးရေးပိုင်းကနေပြန်ကြည့်မယ်ဆိုရင် အဲ့ဒီနေရာဒေသတွေအများပိုင်းကတော့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထား တာတွေ့ရပါတယ်။ အဲ့တာကြောင့် ဘယ်ဘက်ကပိုပြီးမှနိုင်တယ်ရှုံးတယ်ဆိုတာကိုတော့ ကျနော်တို့သတင်းဌာနအနေနဲ့တော့ ဆုံးဖြတ်ပေးလို့အဆင်မပြေဘူးနော်။ ပြောချင်တာကတော့ စစ်ကော်မရှင်ဘက်က မြို့တွင်းမှာတော့ရှိပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာ သူတို့သွားရေးလာရေးအခက်အခဲတွေအများကြီးရှိတယ်။ ဒါကြောင့် နယ်မြေဒေသကိုတော့ စိုးမိုးတဲ့နေရာမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေပိုပြီးမှစိုးမိုးနိုင်တာကိုတွေ့ရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button