ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်မတော်တဆမှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
ဖြစ်စဉ်ကတော့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ အောင်နန်းရပ်ကွက်၊ တိုင်းကျော်ဆီပန့်အိမ်ဆိုင်အနီး ဖြစ်ပွားခဲ့တာပါ။
သားအမိနှစ်ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို နောက်ကနေ ကောင်လေးတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ချိတ်မိခဲ့ပြီး သားအမိနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်လဲကျသွားခဲ့တာ ဖြစ်ပါတယ်။
ဆိုင်ကယ်လဲကျသွားချိန်မှာ သမီးဖြစ်သူက ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပေမယ့် နောက်ကနေ လိုက်စီးလာတဲ့ အမေဖြစ်သူကတော့ ဆိုင်ကယ်ဦးထုပ် မဆောင်းထားတာကြောင့် လမ်းပေါ်လှန်ကျပြီး ဦးခေါင်းနဲ့ ကတ္တရာလမ်းကို ဆောင့်မိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
“ဆိုင်ကယ်ချင်း ချိတ်မိပြီး အန်တီကြီးက နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတာ။ အခုနောက်ပိုင်း လူတွေက သူထက်ငါ အပြိုင်မောင်းနေကြတော့ ပိုအန္တရာယ်များတယ်။ လူငယ်တွေသာမက ကလေးတွေကိုပါ ဆိုင်ကယ်မောင်းခိုင်းနေကြတော့ စိုးရိမ်စရာကောင်းတယ်”လို့ သူက ဆိုပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ ရမ်ပူရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး ဒီနေ့မှာပဲ နာရေးကိစ္စတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဆိုင်ကယ်ချင်း ချိတ်မိခဲ့တဲ့ ကောင်လေးဘက်ကလည်း နာရေးအတွက် လိုအပ်တဲ့ အကူအညီတွေ ပြန်လည်ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မတော်တဆမှုတွေ ဖြစ်ပွားတဲ့အခါ ဆိုင်ကယ်ဦးထုပ် သေချာမဆောင်းကြတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့ ဖြစ်စဉ်တွေ ပိုများလာတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကလည်း ဆိုင်ကယ်ဦးထုပ် မဆောင်းထားတဲ့ မိန်းကလေးနှစ်ဦး ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာကြောင့် ဧပြီလအတွင်းမှာပဲ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ်လအတွင်း ယာဉ်မတော်တဆမှု ၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီလမှာတော့ တစ်လအတွင်း ယာဉ်မတော်တဆမှု ၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် သေဆုံးသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါပေမယ့် ဇန်နဝါရီလအတွင်းမှာတော့ ယာဉ်မတော်တဆမှု ၃၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့ ယာဉ်မတော်တဆမှု အများစုဟာ အရက်သေစာ သောက်စားပြီး မောင်းနှင်တာ၊ လမ်းစည်းကမ်း မလိုက်နာတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ညအချိန်တွေမှာ ယာဉ်မတော်တဆမှု ပိုမိုဖြစ်ပွားလေ့ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အမျိုးသားတွေက အများဆုံး ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
By – Hope




