ရွှေကူ–ကသာအစပ် တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေ

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ရွှေကူမြို့နယ်ဘက်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်နီးပါးရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

လက်ရှိမှာ ရွှေကူမြို့နယ်ထဲက စကားကုန်း၊ သာယာကုန်းကျေးရွာဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က Y-12 လေယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရွှေကူဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

ရွှေကူမှာက နေ့တိုင်း တိုက်ပွဲရှိတယ်။ နေ့တိုင်း လေကြောင်းလာကျဲတယ်။ Y-12 ရော ဂျက်ဖိုက်တာရော လာပစ်တယ်။ မနေ့က တိုက်ပွဲဖြစ်တာက စကားကုန်း၊ သာယာကုန်းဘက်။ ကားလမ်းတွေလည်း ပိတ်ထားတယ်။ ဒီနေ့နဲ့ဆို ရက်ရှိပြီ
လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အဲဒီလမ်းပိုင်းတစ်လျှောက် ယာဉ်သွားလာရေးလည်း ထိခိုက်နေပြီး လမ်းအချို့ကို အသုံးပြုလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကသာဘက်မှာလည်း တိုက်ပွဲတွေရှိနေပေမယ့် မြို့ထဲမှာမဟုတ်ဘဲ မြို့ပတ်ဝန်းကျင် တောတောင်ဘက်တွေမှာ ဖြစ်နေတာလို့ ကသာမြို့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကသာတော့ တိုက်ပွဲနည်းနည်းဖြစ်တာတော့ ဟုတ်တယ်။ ကသာမြို့ထဲတော့ မဟုတ်ဘူး။ ကသာနားပတ်ချာလည် တောနားလေးတွေမှာ ဖြစ်နေတာ လို့ သူက ဆိုပါတယ်။

ရွှေကူနဲ့ ကသာအစပ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် မြစ်ကြီးနားမန္တလေး ပြည်ထောင်စုလမ်းမကြီးနဲ့ ဆက်စပ် လမ်းပိုင်းတွေမှာလည်း သွားလာရေးအခြေအနေ မတည်ငြိမ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

PSA

ဒါ့အပြင် ရွှေကူမြို့နယ်ထဲက တော်လှန်ကျေးရွာ၊ လေးလမ်းဆုံနဲ့ ကိုင်းကျေးရွာတစ်ဝိုက်မှာလည်း အရင်ရက်တွေလိုပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ရွှေကူမြို့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရွှေကူဘက်မှာလည်း အရင်လိုပါပဲ။ မိန်းလမ်းမတစ်ကြောမှာရှိတဲ့ စစ်တပ်စစ်ကြောင်းကို ခါးဖြတ်ပြီး တိုက်နေတာ။ နေ့စဉ်လိုလိုတော့ တိုက်ပွဲတွေရှိနေပါတယ်လို့ သူက ပြောပါတယ်။

သူ့ရဲ့ ပြောဆိုချက်အရ ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီစစ်ကြောင်းတွေကို လမ်းတစ်လျှောက် ကြားဖြတ် တိုက်ခိုက်တာတွေ ဆက်လုပ်နေတဲ့အတွက် ရွှေကူမြို့နယ်အတွင်း နေရာအနှံ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေတာလို့ သိရပါတယ်။

လက်ရှိမှာ ရွှေကူကသာအစပ်တစ်လျှောက် စစ်ရေးတင်းမာမှုက ဆက်ရှိနေဆဲဖြစ်ပြီး မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒေသခံတွေအနေနဲ့လည်း သွားလာရေးနဲ့ နေထိုင်ရေးမှာ အခက်အခဲတွေ ဆက်လက်ကြုံနေရတယ်လို့ သိရပါတယ်။

ရွှေကူမြို့နယ်နဲ့ ကသာမြို့နယ်အစပ်ဒေသဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ စစ်ရေးအရ အရေးပါတဲ့ နယ်မြေတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

အထူးသဖြင့် ၂၀၂၅ ခုနှစ်နှောင်းပိုင်းကစပြီး ရွှေကူမြို့နယ်အတွင်းရှိ တော်လှန်ကျေးရွာ၊ လေးလမ်းဆုံ၊ ကိုင်းကျေးရွာ၊ စကားကုန်းနဲ့ သာယာကုန်းတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီစစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာနဲ့ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တုံ့ပြန်တိုက်ခိုက်တာတွေ ဆက်တိုက်ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button