ကချင်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ အကြမ်းဖက်မှုများလာ

ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တစ်ချို့မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေဟာ အကြမ်းဖက်မှုနဲ့ ခိုးဆိုးလုယက်မှုတွေ ကျူးလွန်တာ ပိုမိုတွေ့လာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ခုလို လူငယ်တွေကြား အကြမ်းဖက်မှုနဲ့ ပြစ်မှုကျူးလွန်မှုတွေ ပိုမိုတွေ့လာရတာဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးလာမှုနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် လူငယ်တစ်ချို့ ငွေကြေးကို အလွယ်တကူ ရှာဖွေလိုစိတ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေထဲ ပါဝင်လာတာ ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး ဓားပြတိုက်တာတွေ၊ ခိုးတာတွေ များလာရတဲ့ အရင်းမြစ်က လူငယ်တွေ အသောက်အစားတွေ စုံလာတာ၊ လောင်းကစား၊ အွန်လိုင်းဂိမ်း၊ စလော့ဂိမ်းတွေ ဆော့လာတာတွေလည်း ပါတယ်။ ပိုက်ဆံသုံးချင်ပေမယ့် ရှာဖို့အခက်အခဲရှိတော့ အလွယ်တကူ ရှာချင်လာတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း မြစ်ကြီးနားနဲ့ မိုးကောင်းမြို့တွေမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ ပါဝင်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ် သုံးခုထက်မနည်း ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေက ဩဂုတ်လ  ရက်နေ့ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းဆင်းချိန် ဆိုင်ကယ်အတူစီးလာတဲ့ ကျောင်းသားနှစ်ဦးအနက် နောက်ကလိုက်စီးလာတဲ့ ကျောင်းသားက ရှေ့ကဆိုင်ကယ်မောင်းနေတဲ့ ကျောင်းသားကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့ပါတယ်။

ဓားထိုးခံရတဲ့ ကျောင်းသားမှာ ဒဏ်ရာရရှိခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘဲ ကျူးလွန်သူ ကျောင်းသားကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အလားတူ ဇူလိုင်လ ၁၁ ရက်နေ့   နာရီကျော်အချိန်က မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာလည်း အသက် ၁၅ နှစ်ဝန်းကျင် လူငယ်တစ်ဦးကို အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်အရွယ် သူငယ်ချင်းနှစ်ဦးက လူပြတ်တဲ့နေရာကို ခေါ်ဆောင်သွားပြီး လည်ပင်းညှစ်ကာ ဖုန်းလုယူခဲ့ပါတယ်။

လည်ပင်းညှစ်ခံရသူက ပြန်လည်သတိရလာပြီး မိဘတွေကို အကြောင်းကြားခဲ့တာကြောင့် ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ရန်ငြိုးထားမှာကို စိုးရိမ်တဲ့အတွက် ခံရသူဘက်က ပြန်လည်ကျေအေးပေးခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ ဇူလိုင်လ  ရက်နေ့က မိုးကောင်းမြို့ ရွာသစ်မှာ ဖြစ်ပွားခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ဦးက ညသန်းခေါင်အချိန် အိမ်ပြန်လာစဉ် ဆေးကြောင်နေတဲ့အခြေအနေမှာ အဖွားဖြစ်သူကို တောရှင်းဓားမလို့ ယူဆရတဲ့ လက်နက်နဲ့ ဦးခေါင်းကို အကြိမ်ရေများစွာ ခုတ်ခဲ့ပါတယ်။

အဖွားဖြစ်သူမှာ ဒဏ်ရာပြင်းထန်ခဲ့ပေမယ့် အချိန်မီ ဆေးကုသနိုင်ခဲ့တာကြောင့် အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် လက်ရှိကာလအတွင်း အသက်မပြည့်သေးတဲ့ လူငယ်တွေ ပါဝင်တဲ့ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်တွေ ပိုမိုတွေ့လာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ခုလို ခိုးဆိုးလုယက်မှုနဲ့ အကြမ်းဖက်မှုတွေမှာ အရင်က အသက် ၁၈ နှစ်ကျော် လူငယ်တွေနဲ့ လူလတ်ပိုင်းတွေ ပါဝင်မှုများခဲ့ပေမယ့် လက်ရှိကာလမှာတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေပါ ပါဝင်လာတာကို ပိုမိုတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကောင်းမြို့လူငယ်အမျိုးသမီးတစ်ဦးက “မိဘတွေအနေနဲ့လည်း သားသမီးတွေရဲ့ အပေါင်းအသင်း၊ နေထိုင်မှုပုံစံတွေကို ပိုဂရုစိုက်ဖို့လိုသလို လူငယ်တွေအတွက်လည်း အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ ပိုမိုရရှိဖို့ လိုအပ်တယ်။အထူးသဖြင့်တော့ မိဘတွေရဲ့ဆိုဆုံးမမှုတွေက အရမ်းကိုအရေးကြီးသလို၊ပတ်ဝန်းကျင်ကလည်းအရေးကြီးပါတယ်။ ခုသတင်းတွေမှာတွေ့လာရတာက ဆယ်ကျော်သက်လူငယ်တွေ တကယ်မတွေးရဲစရာအကြမ်းဖက်မှုတွေမှာပါလာနေတာ စိတ်မကောင်းစရာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်နေတဲ့ ခိုးဆိုးလုယက်မှုနဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အတွက် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းလိုပေမယ့် အခက်အခဲတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မြစ်ကြီးနားမြို့ခံတစ်ဦးက “အရင်တုန်းကလို မီးကင်းပုံစံမျိုး ရပ်ကွက်အလိုက် လူကြီးလူငယ်တွေ စုပြီး ညဘက်လုံခြုံရေးယူပေးရင် ကောင်းမယ်လို့ မြင်တယ်။ ဒါပေမယ့် အခုက ညမထွက်ရအမိန့်တွေနဲ့ ကန့်သတ်ချက်တွေကြောင့် အခက်အခဲတွေ ရှိနေတယ်” လို့ ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနား၊ မိုးကောင်းနဲ့ မိုးညှင်းမြို့တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပိုမိုပေါ်ပေါက်လာသလို လောင်းကစားဝိုင်း ၄၀ ထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို လူမှုရေးပြဿနာတွေ တိုးလာနေချိန်မှာ တစ်ဖက်ကလည်း ဘာသာရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေကို အဓိက ရင်ဆိုင်နေရတာကြောင့် လူငယ်တွေ ပါဝင်လာတဲ့ အကြမ်းဖက်မှုနဲ့ လူမှုရေးပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းဖို့ ပိုမိုခက်ခဲလာနေတယ်လို့ သိရပါတယ်။

သို့သော် လက်ရှိ လူမှုရေးအခက်အခဲတွေကြားမှာ လူငယ်တွေ ပါဝင်လာတဲ့ ခိုးဆိုးလုယက်မှုနဲ့ အကြမ်းဖက်မှုတွေကို လျစ်လျူရှုထားလို့ မရကြောင်း ဒေသခံတွေက ထောက်ပြပါတယ်။ 

အထူးသဖြင့် အသက်မပြည့်သေးတဲ့ လူငယ်တွေ ပါဝင်လာမှုဟာ အနာဂတ်လူမှုအသိုင်းအဝိုင်းအတွက် စိုးရိမ်စရာဖြစ်တာကြောင့် မိသားစု၊ ရပ်ရွာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကြိုတင်ကာကွယ်မှုနဲ့ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အလေးထားလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

By – Hope

Show More

Leave a Reply

Back to top button