တိုက်ပွဲကြောင့် အစားအသောက်နဲ့ ဆေးဝါးရရှိဖို့ ပိုခက်ခဲလာ
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွင်း လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် ကျေးရွာတွေမှာ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းတွေ ရရှိဖို့ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကူ–ငအိုးလမ်းပိုင်း၊ ရွှေကူ–ဗန်းမော်လမ်းပိုင်းနဲ့ မြို့နယ်အတွင်းက တော်လှန်၊ ကိုင်း၊ လေးလမ်းဆုံနဲ့ ငဘတ်ကြီး စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေတာ သုံးလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် လမ်းပိုင်းအများစုကို ပိတ်ထားပြီး အောက်လေးလမ်းဆုံဘက်မှာတော့ လမ်းကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေတဲ့အတွက် ကျေးရွာနေပြည်သူတွေဟာ လမ်းဖွင့်တဲ့အချိန်ကို စောင့်ပြီး အခြေခံစားသောက်ကုန်တွေ ဝယ်ယူစုဆောင်းနေရတယ်လို့ ဆိုပါတယ်။
“လမ်းက အောက်လေးလမ်းဆုံကနေ ဖွင့်လိုက်ပိတ်လိုက်ပဲ။ ကျန်တဲ့လမ်းတွေပိတ်ထားတယ်၊ အဝင်မခံဘူး။ လမ်းဖွင့်ပေးတဲ့အချိန်ပဲ ဆန်၊ ဆီ၊ ဆားတွေ ဝယ်စုရတာ။ ကုန်စိမ်းတွေတော့ ခက်ခဲတယ်။ ကုန်ဈေးကတော့ အဆမတန်ပဲ တက်တယ်” လို့ ဒေသခံအမျိိုးသားတစ်ဦးက ပြောပါတယ်။
အထူးသဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ခက်ခဲလာတာကြောင့် ဆန်၊ ဆီ၊ ဆားနဲ့ ကုန်စိမ်းလို အခြေခံစားသောက်ကုန်တွေ ဝယ်ယူရရှိဖို့ ခက်ခဲလာသလို ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် ဆေးဝါးသယ်ယူဖို့လည်း အခက်အခဲရှိနေပြီး ကျေးရွာတွေမှာ ဆေးဝါးလိုအပ်တဲ့သူတွေအတွက် မြို့ပေါ်ကို သွားရောက်ဝယ်ယူဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို လေကြောင်းနဲ့ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးအပြင် ပြည်သူတွေရဲ့ သွားလာရေးလုံခြုံမှုလည်း ထိခိုက်နေပါတယ်။
“တော်လှန်ရွာနဲ့ ကိုင်းရွာဘက်တွေ နေ့တိုင်းကျဲတယ်။ တိုက်ပွဲမဖြစ်တဲ့ အောက်ဘက်က ဝင်ဝ၊ နတ်လန်ဘက်လည်း နေ့တိုင်းနီးပါးကျဲတယ်။ အိမ်တွေပျက်စီးတယ်၊ တော်လှန်ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်။ ကျွဲ၊ နွားတွေသေတယ်၊ ကျန်ခဲ့တဲ့ဝက်တွေသေတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ခုလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးနေသလို မွေးမြူရေးတိရစ္ဆာန်တွေပါ သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်အတွင်း KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်ဖို့ ဇွန်လဆန်းပိုင်းမှာ စစ်ကြောင်းလေးကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး KIA ပူးပေါင်းတပ်တွေရဲ့ တားဆီးတိုက်ခိုက်မှုကြောင့် ဇွန်လကုန်ပိုင်းမှာ ရွှေကူမြို့ဘက်ကို ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိ ကျေးရွာတွေဘက်ကို စစ်ကြောင်းလှုပ်ရှားမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတဲ့အတွက် တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ရွှေကူမြို့နယ်အတွင်း တိုက်ပွဲ၊ လမ်းပိတ်ဆို့မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတဲ့အတွက် ကျေးရွာနေပြည်သူတွေအနေနဲ့ အစားအသောက်၊ ဆေးဝါးနဲ့ အခြေခံလူသုံးကုန်ပစ္စည်း ရရှိရေး အခက်အခဲတွေ ဆက်လက်ကြုံတွေ့နေရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်ဟာ ကချင်ပြည်နယ်အရှေ့တောင်ပိုင်းမှာ တည်ရှိပြီး ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းကနေ ဗန်းမော်၊ မဘိမ်းနဲ့ ရှမ်းမြောက်ဒေသတွေဘက်ကို ဆက်သွယ်တဲ့ လမ်းကြောင်းပေါ်ရှိ ဒေသတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် ရွှေကူ–ဗန်းမော်နဲ့ ရွှေကူ–ငအိုး လမ်းကြောင်းတွေဟာ ဒေသတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ လူသွားလာရေးအတွက် အရေးပါတဲ့ လမ်းပိုင်းတွေဖြစ်ပါတယ်။
ဒါပမေယ့် လက်ရှိ ရွှေကူမြို့နယ်အတွင်းမှာတိုက်ပွဲနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် ကျေးရွာတွေဘက် အစားအသောက်၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေ ရရှိဖို့ ခက်ခဲလာနေတာကြောင့် ရေရှည်မှာပိုခက်ခဲလာနိုင်တယ်လို့လည်း ပြည်သူတွေက သုံးသပ်နေကြပါတယ်။
By – Zaw Zaw




