မိုးမိတ်အနီး စစ်ရေးတင်းမာနေ လမ်းပိုင်းနှစ်ခု KIA ယာယီပိတ်ထား

ရှမ်းမြောက် မိုးမိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် လမ်းပိုင်း နှစ်ခုကို ယာယီပိတ်ထားတယ်လို့ KIA တပ်ရင်း ၃၄ က ထုတ်ပြန်ထားပါတယ်။

မိုးမိတ်မြို့အနီး အထက်ရောင်နီနဲ့ အောက်ရောင်နီကျေးရွာကြားမှာ ဩဂုတ် ၁၁ ရက်နဲ့ ၁၂ ရက် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။

နှစ်ရက်ကြာ မြေပြင်တိုက်ပွဲတွေအပြီး ဩဂုတ် ၁၇ ရက်အထိ မြေပြင်မှာ တိုက်ပွဲပြင်းထန်တာမျိုး မရှိသေးပေမယ့် စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ်မှုတွေ ဆက်လုပ်နေတာကြောင့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် မန်တုံမိုးမိတ်နဲ့ မိုးမိတ်မြစ်ဆုံ လမ်းပိုင်းတွေကို ဩဂုတ် ၁၅ ရက်ကစပြီးပိတ်လိုက်ပြီလို့  KIO ဘက်က ပြောပါတယ်။

မြေပြင်မှာက တိုက်ပွဲအရမ်းဖြစ်တာ မရှိသေးပေမယ့် စစ်တပ်ဘက်က လေယာဉ်နဲ့ Helicopter တွေနဲ့ လာပစ်တာရှိတယ်။ စစ်တပ်ရဲ့ ထိုးစစ်အင်အားတွေလည်း ပြန်ဆုတ်ခွာတာမျိုး မရှိသေးတာကြောင့် ဆက်ပြီး သတိထားရဦးမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အတွက် အဲဒီလမ်းဘက်ကို သွားလာရေးမပြုလုပ်ဖို့ လမ်းကို ဒီနေ့ထိ ပိတ်ထားဆဲဖြစ်တယ် လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြိီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ စစ်အင်အား ၁၅၀ ခန့်နဲ့ မိုးမိတ်မြို့ကနေ မြစ်ဆုံမဘိမ်းဘက်ကို ထိုးစစ်ဆင်လာတာကြောင့် KIA နဲ့ ပူးပေါင်းတပ်တွေက တားဆီးတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဩဂုတ် ၁၂ ရက် မနက်ပိုင်းမှာ မိုးမိတ်မြို့အနီးကို စစ်ကောင်စီတပ်က ဟက်စကီး ၃ ကြိမ်နဲ့ ဂျက်ဖိုက်တာ ၂ ကြိမ် အသုံးပြုပြီး လာရောက်ပစ်ခတ်ခဲ့သလို ဩဂုတ် ၁၄ ရက် နေ့လယ်ပိုင်းမှာလည်း မြစ်ဆုံကျေးရွာ တံတားအနီးကို လေယာဉ် ၄ စီးနဲ့ ပျံဝဲပြီး ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လမ်းကြောင်းရှင်းလင်းရေးနဲ့ ကင်းထောက်ရေးအတွက် Y-12 လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုနဲ့ ဒေသခံပြည်သူတွေရဲ့ ထိခိုက်မှုအခြေအနေကိုတော့ လက်ရှိမှာ အသေးစိတ် မသိရသေးပါဘူး။

လက်ရှိ KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နဲ့ ရွှေလီမြစ်ဝှမ်းတစ်လျှောက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ဒေသခံတွေ သတိထားနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းတွေက ဆုတ်ခွာသွားတာမရှိသေးဘဲ KIA KPDF ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်စောင့်ကြည့်နေတဲ့ အခြေအနေရှိနေပါတယ်။

မိုးမိတ်ဘက်က စစ်ရေးလှုပ်ရှားမှုဟာ ဗန်းမော်ဘက်ကို ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာတစ်ခု ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပါတယ်။

ငါးအိုးရွှေကူဘက်မှာ စစ်တပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးလာတယ်၊ ဗန်းမော်ဘက်ကို ချီတက်ဖို့ ကြိုးစားနေကြတယ်။ ဒါပေမယ့် ဒီနေ့ချိန်ထိ အဲဒီဘက်ကို ထိုးတက်လာနိုင်တာ၊ ရောက်ရှိလာနိုင်တာမျိုး မရှိတာကြောင့် မိုးမိတ်ဘက်မှာ လမ်းကြောင်းလွဲတဲ့သဘောလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဲဒီဘက်ကနေ မဘိမ်းကိုရောက်ပြီး ဒီဘက်ကို ထိုးဖောက်နိုင်ဖို့ သူတို့ရဲ့ ဗျူဟာလားဆိုတာ အခြေအနေကိုကြည့်ပြီး သုံးသပ်ရတယ် လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မိုးမိတ်မြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တည်ရှိပြီး မိုးကုတ်၊ မဘိမ်း၊ မြစ်ဆုံနဲ့ ဗန်းမော်ဘက်ကို ဆက်သွယ်သွားလာနိုင်တဲ့ လမ်းကြောင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

အထူးသဖြင့် မိုးမိတ်မိုးကုတ်လမ်းဟာ ရှမ်းမြောက်ကနေ မန္တလေးဘက်ကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်သလို စစ်ရေးအရလည်း အရေးပါတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

လက်ရှိ မိုးမိတ်မြို့အနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ ဆုတ်ခွာသွားတာမရှိသေးဘဲ KIA KPDF ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်စောင့်ကြည့်နေတဲ့ အခြေအနေရှိနေပါတယ်။

လေကြောင်းအန္တရာယ်ကြောင့် KIA တပ်ရင်း ၃၄ က မန်တုံမိုးမိတ်နဲ့ မိုးမိတ်မြစ်ဆုံ လမ်းပိုင်းတွေကို ယာယီပိတ်ထားပြီး ပြည်သူတွေအနေနဲ့ အဲဒီလမ်းကြောင်းတွေကို မသွားလာကြဖို့ သတိပေးထားပါတယ်။

မိုးမိတ်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပေမယ့် ဇန်နဝါရီ ၂၇ ရက်မှာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ၂၀၂၅ ခုနှစ်အတွင်း TNLA က ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ကို တရုတ်ကြားဝင်မှုနဲ့ ရရှိခဲ့တဲ့ အပစ်ရပ်သဘောတူညီချက်အရ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ပြီး ၂၀၂၅ နိုဝင်ဘာကုန်မှာ စစ်ကောင်စီတပ်တွေ မြို့တွင်း ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

လက်ရှိမှာတော့ မြို့တွင်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့ပြင်နဲ့ မိုးမိတ်မဘိမ်း၊ မြစ်ဆုံဘက်တွေမှာ KIA KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button