နာဂဒေသမှာ ကျောင်း ၄၀ ကျော် မဖွင့်နိုင်သေး၊ ကလေးတွေပညာသင်ယူခွင့် ထိခိုက်နေ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာ စာသင်ကျောင်း အနည်းဆုံး ၄၀ ကျော် လေးနှစ်နီးပါးကြာ မဖွင့်နိုင်သေးတာကြောင့် ကလေးတွေရဲ့ ပညာရေးပြတ်တောက်နေတယ်လို့ နာဂဒေသရဲ့ ပညာရေးအခြေအနေကို လေ့လာထားတဲ့ အရှေ့နာဂအမျိုးသမီးများအသင်း (Eastern Naga Women’s Association – ENWA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ENWA က သုံးလကျော်ကြာ ကောက်ယူထားတဲ့ စစ်တမ်းအရ နန်းယွန်းမြို့နယ်မှာ စာသင်ကျောင်း စုစုပေါင်း ၁၁၀ ရှိပြီး အဲဒီထဲက အနည်းဆုံး ၄၀ ကျော်ဟာ လက်ရှိအချိန်အထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ကျောင်းတွေ မဖွင့်နိုင်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဆရာဆရာမ မရှိတာ၊ ကျောင်းအဆောက်အအုံ မရှိတာ ဒါမှမဟုတ် ပျက်စီးနေတဲ့အပြင် မိသားစုတွေရဲ့ စီးပွားရေးအခက်အခဲတွေ ပါဝင်တယ်လို့ စစ်တမ်းဖြေဆိုသူတွေက ပြောထားပါတယ်။
တစ်ချို့ကျေးရွာတွေမှာတော့ ကျောင်းမဖွင့်နိုင်တာ သုံးနှစ်ကနေ လေးနှစ်နဲ့အထက် ကြာမြင့်နေပြီဖြစ်ပြီး အဲဒီကျေးရွာတွေမှာ အသက် ၁၁ နှစ်ကနေ ၁၈ နှစ်အတွင်း ကျောင်းလုံးဝ မတက်ဖူးသေးတဲ့ ကလေးတွေလည်း ရှိနေတယ်လို့ ENWA ရဲ့ လေ့လာချက်မှာ ဖော်ပြပါတယ်။
ENWA တာဝန်ရှိသူတစ်ဦးက နန်းယွန်းမြို့နယ်ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျောင်းမဖွင့်နိုင်တဲ့ အခြေအနေ အများဆုံးတွေ့ရတဲ့ မြို့နယ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
“ကျမတို့က နန်းယွန်းမြို့နယ်ကိုတော့ အဓိကလုပ်ထားတာ ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဆိုရင် နန်းယွန်းမြို့က အဆိုးဆုံးလို့ ပြောလို့ရတယ်။ ကျောင်းမဖွင့်နိုင်တာတွေနဲ့ ပတ်သက်ပြီး ကြည့်ရင်ပေါ့။ တခြားမြို့နယ်တွေရော အကုန်လုံးခြုံငုံပြီးမှ ကြည့်မယ်ဆိုရင်တော့ ကျောင်းတော့ဖွင့်တယ်။ ဆရာဆရာမ မရှိဘူးပေါ့နော်။ မလုံလောက်ဘူး။”လို့ ပြောပါတယ်။
အထက်ပါတာဝန်ရှိသူရဲ့ပြောဆိုချက်အ၇ နန်းယွန်းမြို့နယ်အပြင် နာဂဒေသတစ်ခုလုံးမှာလည်း ဆရာဆရာမ မလုံလောက်တဲ့ အခြေအနေရှိနေပြီး မူလတန်းကျောင်းတချို့မှာ ဆရာဆရာမ တစ်ဦး၊ နှစ်ဦးနဲ့သာ သင်ကြားနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖတ်စာအုပ်တွေကိုလည်း လုံလောက်အောင် မရရှိတာကြောင့် တချို့နေရာတွေမှာ စာအုပ်တွေကို ကိုယ်တိုင် ပရင့်ထုတ်ပြီး ဖတ်စာအုပ်အဖြစ် အသုံးပြုနေရတယ်လို့ ENWA တာဝန်ရှိသူက ပြောပါတယ်။
“နာဂဒေသတစ်ခုလုံးကို ဆရာဆရာမ လုံလောက်မှု လုံးဝမရှိဘူး။ ဖတ်စာအုပ်တွေလည်း လုံလုံလောက်လောက် လုံးဝမရှိတဲ့ အခြေအနေရှိတယ်။ တချို့ဆို ပရင့်ထုတ်ပြီးတော့မှ ဖတ်စာအုပ်အနေနဲ့ သုံးနေရတာတွေရှိတယ်။”လို့ ပြောပါတယ်။
ကျောင်းမဖွင့်နိုင်တဲ့ နေရာတွေမှာ အစားထိုးပညာရေးအစီအစဉ်တွေ မလုံလောက်သလို အွန်လိုင်းကနေ သင်ကြားနိုင်တဲ့ အခြေအနေလည်း မရှိသလောက်ဖြစ်နေတယ်လို့ ENWA ရဲ့ လေ့လာချက်မှာ တွေ့ရပါတယ်။
ခုလို ပညာရေးပြတ်တောက်မှုကြောင့် ကလေးတွေ စာမဖတ်တတ်၊ စာမရေးတတ်ဖြစ်လာတာ၊ ပညာရေးနောက်ကျတာတွေအပြင် ကလေးအလုပ်သမား ဖြစ်လာတာ၊ အရွယ်မတိုင်ခင် အိမ်ထောင်ကျတာ၊ မူးယစ်ဆေးဝါး သုံးစွဲလာတာနဲ့ လက်နက်ကိုင်အဖွဲ့တွေထဲ ဝင်ရောက်သွားတာတွေ ရှိလာနိုင်တယ်လို့ စစ်တမ်းဖြေဆိုသူတွေက ဖော်ပြထားပါတယ်။
ENWA တာဝန်ရှိသူကတော့ ကလေးတွေအတွက် အဓိကလိုအပ်တာဟာ ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး၊ ဆရာဆရာမ လုံလောက်စွာ ခန့်အပ်ပေးရေးနဲ့ ဖတ်စာအုပ်အပါအဝင် သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးရေးဖြစ်တယ်လို့ ပြောပါတယ်။
“အဓိကတော့ ပထမဦးဆုံး ကလေးတွေအတွက် လုပ်ပေးရမယ်ဆိုရင်တော့ ကျောင်းတွေ ပြန်ဖွင့်ပေးဖို့နဲ့ ဆရာဆရာမတွေ လုံလုံလောက်လောက် ခန့်အပ်ပေးဖို့၊ ပို့ပေးဖို့ အဓိက အဲ့တာလိုအပ်မယ်။ သင်ထောက်ကူပစ္စည်းဖြစ်တဲ့ ဖတ်စာအုပ်တွေကို အလုံအလောက် ထောက်ပံ့ပေးဖို့ လိုအပ်မယ်ပေါ့လေ။”ENWA တာဝန်ရှိသူ ဆက်ပြောပါတယ်။
နန်းယွန်းမြို့နယ်မှာ စာသင်ကျောင်း ၄၀ ကျော် မဖွင့်နိုင်သေးတဲ့အပြင် နာဂဒေသတစ်ခုလုံးမှာလည်း ဆရာဆရာမနဲ့ သင်ထောက်ကူပစ္စည်း မလုံလောက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ENWA ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်လည်း ပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ ကလေးတွေရဲ့ ပညာသင်ယူခွင့် ထိခိုက်နေဆဲဖြစ်ပြီး UNICEF ရဲ့ အချက်အလက်အရ ကလေး ၃ ဒသမ ၅ သန်းဝန်းကျင်ဟာ ကျောင်းပြင်ပရောက်နေပါတယ်။
ဒါ့အပြင် စာသင်ကျောင်းတွေ ပျက်စီးတာ၊ ပိတ်ထားရတာနဲ့ ဆရာဆရာမ မလုံလောက်တာတွေကြောင့်လည်း ကလေးတွေရဲ့ ပညာသင်ယူမှု ဆက်လက်လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ UNICEF က ဖော်ပြထားပါတယ်။
By – အမိုး




