ဆယ်ဇင်းဒေသအတွက် အရေးပါတဲ့ ရှမ်းနီ SNA တပ်စခန်းနှစ်ခုကို KIA သိမ်းပိုက်
ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသ တောင်ယာရွှေမှော်အနီးမှာ စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA ပြည်သူ့စစ်တပ်ဖွဲ့ အထိုင်ချထားတဲ့ တပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်မြစ်တွေဆီကနေ သိရပါတယ်။
အဲဒီတပ်စခန်းနှစ်ခုဟာ တောင်ယာရွှေမှော်အထက်က ဒေသခံတွေက “တောင်ယာကုန်း” လို့ခေါ်တဲ့ တောင်ကုန်းပေါ်မှာ တပ်စွဲထားတာဖြစ်ပြီး စစ်ရေးအရ အရေးပါတဲ့နေရာဖြစ်တာကြောင့် KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။
“ဆယ်ဇင်းမှာ တောင်ယာရွှေမှော်ဆိုတာရှိတယ်။ အဲဒီတောင်ယာရွှေမှော်အထက်မှာ တောင်ယာကုန်းဆိုပြီးရှိတယ်။ အဲဒီနေရာမှာ ရှမ်းနီ SNA တပ်တွေရဲ့ တပ်စခန်းတွေရှိတယ်။ အဲဒီစခန်းတွေကို သွားတိုက်ပြီး သိမ်းလိုက်တာဟုတ်တယ်” လို့ သူက ပြောပါတယ်။
KIA သိမ်းပိုက်လိုက်တဲ့ SNA တပ်စခန်းနှစ်ခုဟာ ဟုမ္မလင်းဘက်နဲ့ ဆယ်ဇင်းဘက်မှာရှိတဲ့ စစ်တပ်နဲ့ SNA တပ်ဖွဲ့တွေ ပုံမှန်စစ်ရေးလှုပ်ရှားသွားလာရာ လမ်းကြောင်းအတွက် အထောက်အကူပြုတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီနေရာက ဘာလို့အရေးကြီးလဲဆိုတော့ ဟုမ္မလင်းဘက်က၊ ပြီးရင် ဆယ်ဇင်းဘက်က စစ်တပ်နဲ့ SNA တပ်ဖွဲ့တွေ အတက်အဆင်းလမ်းကြောင်းအတွက်လည်း အရေးကြီးတယ်။ အဲဒီတောင်ကုန်းနေရာနဲ့ ဥရုချောင်းကြားမှာလည်း တိုက်ခိုက်လို့ကောင်းတဲ့နေရာတစ်ခု ဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့် အဲဒီတောင်ကုန်းဟာ ဟုမ္မလင်းနဲ့ ဆယ်ဇင်းအစပ်ဒေသ စစ်ရေးအတွက် အရေးပါတဲ့နေရာတစ်ခုဖြစ်သလို KIA ထိန်းချုပ်ထားတဲ့ ဆယ်ဇင်းဒေသအတွက်လည်း လုံခြုံရေးအရ ပိုအားကောင်းလာစေမယ့် နေရာဖြစ်တယ်လို့ သိရပါတယ်။
KIA သိမ်းပိုက်ရရှိခဲ့တဲ့ SNA တပ်စခန်းနှစ်ခုမှာ စစ်အင်အား ၂၀ နဲ့ ၃၀ ကြားရှိတယ်လို့ သိရပါတယ်။
KIA အနေနဲ့ ဆယ်ဇင်းဒေသမှာ စစ်ရေးဖော်ဆောင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်လောက်ကတည်းက ပြည်သူတွေကို အသိပေးထားပြီး ရွှေလုပ်ငန်းတချို့ကိုလည်း ရပ်နားခိုင်းထားတယ်လို့ ဆယ်ဇင်းဒေသခံတွေက ပြောပါတယ်။
ဆယ်ဇင်းဒေသရဲ့ စစ်ရေးအခြေအနေကို သိကျွမ်းတဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးက “ဟုတ်တယ်။ ဒီရက်ပိုင်း စစ်ရေးဖော်ဆောင်မယ်ဆိုပြီး ရွှေမှော်ထဲက လုပ်ငန်းရှင်တချို့ကို ရပ်နားခိုင်းတာတွေရှိတယ်။ အခုသူတို့ လုပ်ငန်းဝင်ပြီးရင် ပြန်ဝင်ခိုင်းမယ့်သဘောရှိတယ်။ အဲဒါကြောင့် ဒီရက်ပိုင်း စစ်တပ်က လေကြောင်းနဲ့ ဗုံးလာကြဲနေတာဟုတ်တယ်” လို့ ပြောပါတယ်။
ဆယ်ဇင်းဒေသအတွင်း KIA ရဲ့ စစ်ရေးဖော်ဆောင်မှုမှာ တပ်စခန်းတွေ သိမ်းပိုက်တာတွေ ရှိနေတယ်လို့လည်း အဲဒီရွှေလုပ်ငန်းရှင်က ဆက်ပြောပါတယ်။
စစ်ကိုင်း–ကချင်အစပ်ဒေသမှာရှိတဲ့ ဆယ်ဇင်းကျေးရွာကို ၂၀၂၄ ခုနှစ်မှာ KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ စစ်တပ်နဲ့ ရှမ်းနီ SNA ပြည်သူ့စစ်တပ်ဖွဲ့တွေက KIA ထိန်းချုပ်ထားတဲ့ ဆယ်ဇင်းကျေးရွာကို ပြန်လည်ရရှိဖို့ ဟုမ္မလင်းနဲ့ ဆယ်ဇင်းအစပ်ဒေသတွေမှာ တပ်စခန်းတွေတိုးချဲ့ပြီး စစ်ရေးဖော်ဆောင်နေတယ်လို့ ဆယ်ဇင်းဒေသခံတွေက ပြောပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



