ဗန်းမော်စစ်ရေးအခြေအနေ KIO ဘာပြောလဲ

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကြောင်းတွေနဲ့ စစ်မျက်နှာအများအပြားကနေ စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့အတွက် ဒီရက်ပိုင်း နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်လို့ KIO က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နန့်ဖာနဲ့ ခလရ ၄၇ အနီးက ကုန်းမဟတ်၊ ဟန်းတဲ၊ ဆင်ကုန်းနဲ့ မိုးမောက်သွားတဲ့လမ်း ၃ မိုင်နေရာအထိ စစ်ကြောင်းတွေဖြန့်ပြီး မြေပြင်ကနေ ထိုးစစ်ဆင်နေတာကြောင့် KIA ပူးပေါင်းတပ်တွေဘက်က ခုခံတိုက်ပွဲတွေ ဖော်ဆောင်နေရတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ဗန်းမော်တိုက်ပွဲက စစ်သင်္ဘောတချို့ ရောက်သွားလို့ထင်တယ်။ နေရာအများအပြားကို စစ်ကြောင်းထိုးတိုက်ခိုက်လာတယ်။ ကြည့်ရတာ ဗန်းမော်မြို့တွင်းအားလုံးကို ပြန်ထိန်းလိုက်နိုင်အောင်လို့ထင်တယ်။ ကျနော်တို့ဘက်ကတော့ နေ့တိုင်းလိုလို ခုခံတိုက်ပွဲတွေ ဆင်နွှဲနေရပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ရှိပြီး ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းလမ်းတွေ ဆုံတဲ့ သယ်ယူပို့ဆောင်ရေးအချက်အချာမြို့ ဖြစ်ပါတယ်။ 

အထူးသဖြင့် ဗန်းမော်ကနေ တရုတ်နယ်စပ်ဘက်ကို ဆက်သွယ်တဲ့ လမ်းကြောင်းတွေရှိတာကြောင့် မြို့ကို ထိန်းချုပ်နိုင်မှုဟာ ကချင်ပြည်နယ်အတွင်း တပ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သယ်ယူပို့ဆောင်ရေးအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေအတွက်ပါ အရေးပါတဲ့အချက် ဖြစ်ပါတယ်။

ဒါကြောင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ရေးအပြင် ကချင်ပြည်နယ်အရှေ့ပိုင်းမှာ စစ်ရေးနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့အဓိကတိုက်ပွဲတစ်ခု ဖြစ်လာပါတယ်။ 

KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ ဗန်းမော်ကို စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့ပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေကို တဖြည်းဖြည်း သိမ်းပိုက်လာခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၂၅ ရက်ကလည်း နန့်ဖာဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့ကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်မှာ စက်တင်ဘာလဆန်းပိုင်းအတွင်း စစ်လက်နက်နဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်သင်္ဘောတချို့ ရောက်ရှိပြီးနောက် စစ်ကောင်စီတပ်တွေက KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို မြေပြင်စစ်ကြောင်းတွေနဲ့ ပြန်လည်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ KIO က ပြောပါတယ်။

စစ်သင်္ဘောတချို့ ဗန်းမော်ကို ရောက်ရှိပြီးနောက် စက်တင်ဘာ ၁၀ ရက်ကျော်မှာလည်း စစ်ကောင်စီတပ်တွေဟာ ကောင့်ဂျာယန်ဘက်ကို ရေကြောင်းကနေ စက်လှေတွေနဲ့ ဝင်ရောက်လာခဲ့ရာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းပိတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းတစ်ခုလုံး အထိနာခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လအတွင်း မန္တလေးကနေ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်ဟာ ကသာနဲ့ ရွှေကူမြို့နယ်အတွင်း မြစ်ကမ်းတစ်လျှောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရပေမယ့် စစ်သင်္ဘော ၇ စီးခန့်က ဗန်းမော်မြို့ထဲကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီစစ်သင်္ဘောအုပ်ဟာ စစ်လက်နက်နဲ့ ရိက္ခာတွေ တင်ဆောင်လာပြီး ဩဂုတ် ၁ ရက်မှာ ဗန်းမော်ကို ရောက်ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကြောင်းတွေကို စစ်မျက်နှာအများအပြားမှာ ဖြန့်ပြီး ထိုးစစ်ဆင်လာတာကြောင့် ဗန်းမော်မြို့နဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေတယ်လို့ KIO က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာကတည်းက စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ အခုဆိုရင် နှစ်နှစ်နီးပါး ကြာလာပြီဖြစ်ပေမယ့် နှစ်ဖက်စလုံးက မြို့နဲ့ ပတ်ဝန်းကျင်က အရေးပါတဲ့နေရာတွေကို ထိန်းချုပ်နိုင်ရေး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button