ထမံသီ-လေရှီးလမ်းက SNA ဂိတ်ကို နာဂလူထု ကန့်ကွက်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ကြားမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က အကောက်အခွန်နဲ့ စစ်ဆေးရေးဂိတ် ထိုင်ထားတာကို နာဂလူထုက ကန့်ကွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

SNA တပ်ဖွဲ့ဟာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး ထမံသီနဲ့ လေရှီးမြို့ကြား လမ်းပိုင်းမှာ ဂိတ်ထိုင်ထားပြီး နာဂဒေသဘက်ကို သွားလာတဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေကို စစ်ဆေးတာ၊ အခွန်ကောက်ခံတာတွေ လုပ်နေတယ်လို့ လေရှီးမြို့ခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ထိုင်ထားတာကတော့ ထမံသီမှာထိုင်တယ်။ ဒါပေမယ့် အဲ့ဒီတစ်ကြောက နာဂလူမျိုးတွေပဲ ရာခိုင်နှုန်းအားဖြင့် အများပိုင်းနေထိုင်ကြတာ။ ဟုမ္မလင်းထဲမှာဆိုပေမယ့် နာဂရွာတွေပဲ အဲ့ဒီတစ်လျှောက်မှာရှိတယ်။ နောက်ပြီး လေရှီးမြို့ကိုသွားတဲ့လမ်းပေါ်မှာလည်း ဖြစ်နေတော့ နာဂလူထုက လက်မခံကြဘူး။ လက်မခံတာသိသိနဲ့ ဂိတ်ထိုင်ထားတာကြောင့် နာဂလူထုက လုံးဝမကျေနပ်ကြဘူး” လို့ သူက ပြောပါတယ်။

SNA ဂိတ်ဟာ ဟုမ္မလင်းမြို့နယ်အတွင်း ထမံသီကျေးရွာမှာရှိပေမယ့် အဲဒီလမ်းပိုင်းဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ ပန်ဆတ်၊ ဆွမ္မရာနဲ့ လဟယ်ဘက်ကို သွားလာတဲ့ လမ်းပိုင်းဖြစ်တာကြောင့် နာဂပြည်သူတွေက လက်မခံကြဘူးလို့ နောက်ထပ် လေရှီးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

PSA

“ထမံသီကနေ လေရှီးကိုထွက်တဲ့ ကားလမ်းမှာ ထိုင်ထားတာ လက်ခံနိုင်စရာတော့ မရှိဘူး။ ဘာလို့ဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို သွားတဲ့လမ်းကို သူတို့လက်ထဲမှာ ထိန်းချုပ်ထားတာ။ ဒီတိုင်းကြာလာရင် လူမျိုးရေးပြဿနာ ကြီးလာနိုင်တယ်” လို့ သူက ပြောပါတယ်။

အဲဒီဂိတ်မှာ နာဂဒေသဘက်ကို သွားလာတဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေကို စစ်ဆေးတာ၊ အခွန်ကောက်ခံတာတွေ လုပ်နေပြီး အခွန်အဆမတန် ကောက်ခံတာတွေရှိတာကြောင့်လည်း ဒေသခံတွေက ကန့်ကွက်နေတယ်လို့ ဆိုပါတယ်။

“ထွက်လာသမျှကားတွေက နာဂဒေသဘက်သွားတဲ့ မတရားဆက်ကြေးကောက်တယ်။ ခရီးသည်တွေကိုလည်း အရမ်းစစ်တယ်။ အခြေအနေမကောင်းရင် ဖုန်းတွေအထိ စစ်တယ်။ ဒါက နာဂလူထုအတွက် ဝန်ထုပ်ဝန်ပိုးလို ဖြစ်နေတယ်။ နောက်ပြီး လုံခြုံရေးကိုလည်း ခြိမ်းခြောက်တာပဲ” လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ အထက်ပါ SNA ဂိတ်နဲ့ပတ်သက်ပြီး နာဂလူထုအကြား Social Media အသုံးပြုသူတွေကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီဂိတ်ဟာ ဟုမ္မလင်းမြို့ကနေ မိုင် ၄၀ ကျော်အကွာမှာရှိတဲ့ ထမံသီကျေးရွာကနေ အထက်ဘက် ၄ မိုင်ခန့်အကွာမှာ ထိုင်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ထမံသီကျေးရွာရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ လေရှီး၊ ဆွမ္မရာနဲ့ လဟယ်မြို့နယ်တွေမှာတော့ နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ NSCN-K(YA)၊ NSCN-K(AM)၊ ENDA နဲ့ NNC တို့ အများအပြားရှိနေပါတယ်။

ဒါပေမယ့် ဒီဂိတ်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ SNA နဲ့ ဆွေးနွေးတာ၊ ကန့်ကွက်စာထုတ်တာ တစ်စုံတစ်ရာ မရှိကြဘူးလို့ ဒေသခံတွေပြောပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button