ဖားကန့် စုပေါင်းရုံးဘာကြောင့် ဒရုန်းပစ်ခတ်ခံရသလဲ။
ဖားကန့်မြို့ရဲ့ အထွေထွေအုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ဖို့ စုပေါင်းရုံးမှာ စစ်အစိုးရအဖွဲ့ အစည်းအဝေးခေါ်လုပ်နေစဉ် ဒရုန်းပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာ စျေးသည်တစ်ဦးနဲ့ ကချင်လုပ်ငန်းရှင်တစ်ဦးသေဆုံးမှုရှိခဲ့ပါတယ်။
အုပ်ချုပ်ရေးအလုံးစုံလည်ပတ်နိုင်ဖို့နဲ့ အဓိကအားဖြင့် ဖားကန့်လမ်းပြုပြင်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်ကုမ္ပဏီတာဝန်ရှိသူများနဲ့ ရပ်မိရပ်ဖတစ်ချို့ပါဝင်ပြီး အောက်တိုဘာလ ၇ ရက်နေ့ စုပေါင်းရုံးမှာ အစည်းအဝေးလုပ်နေကြတယ်လို့ သိရပါတယ်။
အစည်းအဝေးခေါ်လုပ်နေတဲ့ အချိန်အတွင်းမှာပဲ ဒရုန်းနှစ်စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာကြောင့် ၅ ဦးထက်နည်း ထိခိုက်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “စုပေါင်းရုံးခန်းမထဲမှာ ထိမှန်တာတော့မဟုတ်ဘူး။ ခန်းမအရှေ့မှာလို့ ပြောရမယ်ထင်တယ် အပြင်ခဏထွက်နေကြတဲ့သူတွေ ထိသွားတာ။ တကယ်လို့ အထဲမှာသာ ထိမှန်လို့ကတော့ အများကြီးထိသွားမယ်ထင်တယ်”လို့ပြောပါတယ်။
ဒရုန်းထိမှန်မှုကြောင့် KNDPC ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ တာဝန်ခံ ဦးဒရွန်းဇော်အောင် (ဦးဇော်အောင်)နဲ့ စျေးသည်တစ်ဦးက ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ တက်ရောက်ပါဝင်ခဲ့တဲ့ နောက်ထပ် ၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေပြောပြပါတယ်။
ဖားကန့်ဒေသခံတွေရဲ့ ပြောပြချက်အရ အောက်တိုဘာလ ၄ ရက်နေ့မှာ ဖားကန့်လမ်းပြုပြင်ရေးနှင့်ပတ်သက်ပြီး ဖားကန့် တပ်မမှူးက လုပ်ငန်းရှင်းကုမ္ပဏီများ၊ ရပ်မိရပ်ဖများကို ခေါ်ယူပြီး လမ်းပြုပြင်ဖို့ညှိနှိုင်းပြောဆိုမှုရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာတော့ စစ်တပ်၊ အုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖနဲ့ လုပ်ငန်းရှင် ကုမ္ပဏီတာဝန်ရှိသူများပါဝင်ပြီး အစည်းအဝေခေါ်လုပ်နေစဉ် တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဖားကန့်ဒေသခံ သတင်းအရင်းအမြစ်တွေပြောပါတယ်။
စစ်တပ်က ဦးဆောင်ပြီး ဖားကန့်လမ်းပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်နေတဲ့အပေါ် KIA ဘက်ကို တစ်စုံတစ်ရာညှိနှိုင်းပြောဆိုခြင်းမရှိတဲ့ အတွက် ပစ်ခတ်ခံရတာဖြစ်နိုင်တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသာတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
“KIA ကို လမ်းပြင်ဖို့သေချာညှိနှိုင်းပြောဆိုတာမရှိလို့ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ မနှစ်က KIA လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာလို့ အစီအစဉ်ပျက်စီးသွားတယ်လို့ ကြားမိပါတယ်။ အခုစစ်တပ်က ပြန်ပြီး ထိန်းချုပ်ထားတဲ့အချိန် လုပ်မယ်ဆိုတော့ လက်မခံနိုင်လို့ လည်းထင်တယ်”လို့သုံးသပ်ပြောဆိုပါတယ်။
ဖားကန့် လမ်းပိုင်းကို KIA ထိန်းချုပ်ထားချိန် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းပြုပြင်ဖို့ ကော်မတီအဆင့်ဖွဲ့ပြီး စီစဉ်ထားပြီဖြစ်ပေမယ့် ဧပြီလထဲမှာ စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စီမံကိန်း ရပ်တန့်လိုက်ရတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်တပ်က ဦးဆောင်ပြီး လုပ်ဆောင်လာတဲ့အပေါ်မှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နှောက်ယှက်လိုက်တာဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံတစ်ချို့ပြောဆိုပါတယ်။
စုပေါင်းရုံးပစ်ခတ်ခံရတဲ့ ဒရုန်းဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းဖြစ်တယ်လို့ ပြောဆိုနေတာနဲ့ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးကို KNG က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိသေးတာဖြစ်ပါတယ်။
ဖားကန့်သွားလမ်း ကားမိုင်းမြို့အဝင်ကနေ မအူပင်၊ နန့်ယား၊ နန့်တိန့် ကျေးရွာလမ်းပိုင်းတစ်လျှောက် ယခုနှစ် မိုးတွင်းကာလအတွင်း ရေကြီးရေလျှံဖြစ်မှုကြောင့် လမ်းပိုင်းပျက်စီးမှု အဆိုးရွားဆုံးကြုံတွေ့နေကြရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကတည်းကနေ ရေကြီးပြီး လမ်းပိုင်းပျက်စီးသွားတဲ့ နေရာတွေမှာ လက်ရှိ အောက်တိုဘာလ အထိ ကုန်ကားတွေ သွားလာလို့မရတော့တဲ့ အခြေအနေအထိ လမ်းဆိုးဆိုးရွားရွား ပျက်စီးနေတာဖြစ်ပါတယ်။
ဒါကြောင့် ဖားကန့် လမ်းပိုင်း အသုံးပြုနေတဲ့ ကားသမားတွေနဲ့ ဖားကန့် ဒေသခံ ပြည်သူတွေက လမ်းပိုင်းအရေးတကြီးပြုပြင်ပေးဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




