အင်းတော်တိုက်ပွဲမှာ တပ်မ ၃၃ စစ်ကြောင်းမှ ၇၀ ကျော်သေဆုံးဟု PDF မန္တလေးထုတ်ပြန်
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် အင်းတော်မြို့နယ်အတွင်းကို ဝင်ရောက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ၁၀ ရက်အတွင်း ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အဓမ္မစစ်သား စုဆောင်းခံထားရသူတွေအပါအဝင် ၇၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်–မန္တလေး (PDF မန္တလေး) က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၈ ရက်ကနေ ၁၇ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ PDF မန္တလေးရဲ့ အထူးလှုပ်ရှားတပ်မ၊ အမှတ် ၉၉ နည်းဗျူဟာနဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ၁၅ ဦးခန့် ဒဏ်ရာရရှိကာ စစ်သုံ့ပန်း ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အင်းတော်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ အစပိုင်းမှာ အင်အား ၅၀၀ ကျော်ရှိခဲ့ပေမဲ့ မဲဇာမရောက်ခင် လမ်းတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဆုံးရှုံးမှုများခဲ့တယ်လို့ မြေပြင်တိုက်ပွဲ အခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအပြီးမှာ စစ်ကြောင်းနဲ့အတူ ပါလာတဲ့ စစ်သားအလောင်း ၅၀ ကျော်ကို ဒေသခံတွေကတွေ့ရှိခဲ့ပြီး မြေမြှုပ် ပေးခဲ့ရတယ်လို့ သိရပါတယ်။
“သေဆုံးကတော့ မြေပြင်က ရဲဘော်တွေပြောတဲ့ အခြေအနေအရ တွက်ကြည့်လိုက်တာ။ အင်းတော်ကနေ စထွက်တာက ၅၀၀ ကျော်။ ဒါပေမဲ့ မဲဇာမရောက်ခင် သူတို့ဖြတ်တိုက်ခံရတာကြောင့် ပြည်သူတွေ အလောင်းတွေ့ပြီး မြှုပ်ခဲ့တာ အဲ့တာက ၅၀ ကျော်လောက်ရှိတယ်”လို့ မြေပြင်တိုက်ပွဲအခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီနောက် စစ်တပ်စစ်ကြောင်းဟာ ကျောင်းကုန်းနဲ့ ဝန်းသိုဘက်ကို အင်အား ၂၀၀ ဝန်းကျင်စီခွဲပြီး ဆက်လက်ထိုးစစ်ဆင်ခဲ့တယ် လို့ သိရပါတယ်။

ဒါပေမဲ့ ကျောင်းကုန်းဘက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့ တပ်စိတ် ၂ စိတ်ခန့်သာ ကျန်ရှိတဲ့ အခြေအနေဖြစ်လာပြီး ဝန်းသိုမှာရှိတဲ့အထိုင်တပ်တွေနဲ့ဝန်းသိုဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းတွေကိုပါ ပြန်လည် ပေါင်းစည်းပြီး စစ်ကူပို့ဆောင်လာတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
“အဲ့တာနဲ့ သူတို့ အဲ့နောက်ပိုင်း ကျောင်းကုန်းနဲ့ ဝန်းသိုကို စစ်ကြောင်း ၂၀၀ လောက်စီ ခွဲပြီးတော့ တက်သွားကြတယ်။ အခုက ကျောင်းကုန်းမှာ တပ်စိတ် ၂ စိတ်လောက်ပဲကျန်အောင် တိုက်ခိုက်ခံရတော့ ဝန်းသိုအထိုင်တပ်တွေနဲ့ ဝန်းသိုကို ဦးတည်တဲ့ စစ်ကြောင်းပေါင်းပြီးတော့ စစ်ကူပြန်လှည့်လာတယ်။ အဲ့တော့ အဲ့မှာပဲ ဝန်းသိုစစ်ကြောင်းက ၃၀၀ လောက်ဖြစ်သွားတယ်”လို့ သူက ဆက်ပြောပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က အထိနာခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်မှု ၅၂ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၅၈ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၆၉ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ PDF မန္တလေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေအတွင်း PDF မန္တလေးဘက်က ရဲဘော် ၆ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့သလို စစ်တပ်ဆီက RPG တစ်လက်အပါအဝင် လက်နက်ငယ်တွေနဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
လက်ရှိမှာ ဝန်းသိုဘက်ကို ပြန်လည်စုစည်းရောက်ရှိလာတဲ့ စစ်ကြောင်းဟာ အင်အား ၃၀၀ ဝန်းကျင်ရှိပြီး နိုဝင်ဘာအစောပိုင်း ကတည်းကစလို့ ဝန်းသိုမြို့နယ်ကနေ ရွှေဘို–မြစ်ကြီးနားလမ်းမကြီးအတိုင်း ကောလင်းနယ်ထဲကကျေးရွာတွေကို ဝင်ရောက် စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အင်းတော်မြို့နယ်အတွင်း တိုက်ပွဲတွေအပြင် လက်ရှိရွှေဘို–မြစ်ကြီးနား ဧရာဝတီမြစ်အနောက်ဘက် လမ်းပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းတွေထဲ အဓမ္မစုဆောင်းခံထားရတဲ့ ပြည်သူ့စစ်မှုထမ်းတွေအများဆုံးပါဝင်နေပြီး တိုက်ပွဲအတွင်း သေဆုံးသူတွေထဲမှာ အဲဒီပြည်သူ့စစ်မှုထမ်းတွေလည်း ပါဝင်တယ်လို့ PDF မန္တလေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ် ၂၇ ခု ဖွင့်လှစ်ခဲ့ပြီး လူငယ် ၁၃၅,၀၈၀ ခန့်ကို စုဆောင်းခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
By – အမိုး



