မော်လူးတိုက်ပွဲမှာ လမ်းပိုင်းဖြတ်တောက်ရေး တိုက်ခိုက်နေဟု KIA ပြော
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဝင်ပေါက် အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်ရဲ့ ယာဉ်တန်းတွေနဲ့ လမ်းပိုင်းသွားလာမှုကိုဖြတ်တောက်နိုင်ဖို့ တိုက်ခိုက်မှုတွေဆက်လုပ်နေ တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ယာဉ်သွားလာမှုရပ်တန့်နေသလို ခရီးသည် တင်ကားတွေနဲ့ ကုန်တင်ကားတွေလည်း လမ်းတစ်လျှောက် ပိတ်မိနေကြပါတယ်။
မော်လူးမြို့အနီး လက်ရှိတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက စစ်တပ်ရဲ့ ယာဉ်တချို့ ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး လမ်းပိုင်းဖြတ်တောက်ရေးအတွက် တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ပြောပါ တယ်။
“အခုက မော်လူးဘက်က တိုက်ပွဲဖြစ်တာမှန်တယ်။ ကျနော်တို့ဘက်ကလည်း လမ်းပိုင်းဖြတ်တောက်ဖို့အတွက်နဲ့ တိုက်ခိုက်တာ တွေ ရှိပါတယ်။ စစ်တပ်ရဲ့ကားတချို့ကိုလည်း တိုက်ခိုက်ဖျက်စီးနိုင်တာတွေရှိတယ်။ ဒါကိုတော့ တောက်လျှောက်လုပ်နေတာ ဖြစ်တယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်တပ်ဟာ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုပြီး ၂၀၂၆ ခုနှစ်အတွင်း ကချင်ပြည်နယ်ဘက်ကို အင်အား ဖြည့်တင်းရေးနဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းပို့ဆောင်ရေးအတွက် ယာဉ်တန်းအကြီးစားတွေ အကြိမ်ကြိမ်ဖြတ်သန်းပို့ဆောင်ခဲ့ပါ တယ်။
ကချင်ပြည်နယ်တစ်ဝှမ်း စစ်အင်အားနဲ့ လက်နက်ရိက္ခာတွေထောက်ပံ့ဖို့အတွက် ပြီးခဲ့တဲ့ မေလ၊ ဇွန်လတွေမှာ ယာဉ်အစီးရေ ရာနဲ့ချီတဲ့စစ်ယာဉ်တန်းတွေ ဒီလမ်းကြောင်းကိုအသုံးပြုဖြတ်သန်းခဲ့သလို စက်တင်ဘာ၊အောက်တိုဘာလ နဲ့ ယခုနိုဝင်ဘာလ အစောပိုင်းတွေမှာလည်း စစ်ယာဉ်တန်းတွေ ဆက်တိုက်ကချင်ပြည်နယ်ကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

KIA နဲ့တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဒီအခြေနေတွေအတွက် လမ်းပိုင်းဖြတ်တောက်ရေး တိုက်ခိုက်မှုတွေအပြင် မော်လူးမြို့အနီးက စစ်တပ်ရဲ့ရှေ့တန်းစခန်းတချို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
နိုဝင်ဘာ ၇ ရက်နေ့မှာ မော်လူးမြို့အနီး စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ်ကျေးရွာတွေမှာရှိတဲ့ စစ်တပ်စခန်းတချို့ကို တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ နန့်စီးအောင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ ကတော့ မမှန်ကန်ဘဲ အဲဒီဂိတ်အနီးမှာ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက KNG ကို ပြောပါတယ်။
နန့်စီးအောင်ဂိတ်အပြင် မော်လူးမြို့ပေါ်နဲ့ အနီးဝန်းကျင်နေရာတွေမှာလည်း ဒရုန်းတိုက်ခိုက်မှုတွေရှိနေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို နေ့ရောညပါ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဲဒီလို နှစ်ဖက်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်ပျက်စီးတာနဲ့ အရပ်သားသေဆုံးမှုတွေရှိနေတယ်လို့ သိရပေမဲ့ အသေးစိတ်အခြေအနေကိုတော့ KNG က အတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
မော်လူးမြို့အနီး တိုက်ပွဲတွေကြောင့် မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ယာဉ်သွားလာခွင့်လည်း ဆက်လက်ပိတ်ဆို့နေပါတယ်။
ခရီးသည်တချို့ဟာ ကသာမြို့အထိသာ ကားနဲ့သွားလာနိုင်ပြီး အဲဒီကနေတစ်ဆင့် ဆိုင်ကယ်ကယ်ရီတွေ ငှားရမ်းကာ ခရီးဆက်နေကြရတယ်လို့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။
“လောလောဆယ်တော့ ပုံမှန်အတိုင်းပါပဲ။ ပိတ်နေတဲ့အတိုင်းပဲ ပိတ်နေတာ။ ထပ်တော့ထူးခြားမလာဘူးပေါ့။ ခရီးသည်တွေက ဘယ်လိုသွားနေကြလဲဆိုတော့ တချို့က ပိတ်တဲ့နေရာ ကသာအထိပဲရတာပေါ့။ မန္တလေးကနေလာမယ်ဆိုရင်ပေါ့ဗျာ။ အဲ့တော့ ကသာကနေပြီးတော့ ဆိုင်ကယ်လမ်းတွေရှိတယ်။ ရောက်ချင်တဲ့သူတွေကတော့ ဆိုင်ကယ်ကယ်ရီတွေနဲ့ ငှားသွားကြတယ် ပေါ့ဗျာ။ ဈေးနှုန်းကတော့ ဆိုင်ကယ်တစ်စီးကို နှစ်သိန်းခွဲ၊ သုံးသိန်းရှိတယ်ပြောတယ်”
လို့ ကားသမားတစ်ဦးက ပြောပါတယ်။
စစ်တပ်ယာဉ်တန်းတွေ ဖြတ်သန်းလာတဲ့ နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းကစပြီး လမ်းပိုင်းပိတ်ဆို့မှု စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါ တယ်။ နိုဝင်ဘာ ၅ ရက်နေ့မှာလည်း မော်လူးမြို့အနီး တိုက်ပွဲတွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားလာတာကြောင့် ခရီးသည် တင်ကားတွေနဲ့ ကုန်တင်ကားတွေ လမ်းတစ်လျှောက်ပိတ်မိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို တက်လာတဲ့ ကားတွေကို ကသာမြို့မှာ ရပ်နားထားရပြီး မြစ်ကြီးနားဘက်က နေ မန္တလေးဘက်ကို ဆင်းလာတဲ့ကားတွေကိုတော့ နန့်စီးအောင်နဲ့ ပေကုန်းကျေးရွာဘက်မှာ ရပ်တန့်ထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေး–မြစ်ကြီးနားလမ်းမကြီးရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် လမ်းကြောင်းတွေပါ ပိတ်ဆို့နေတဲ့အတွက် ခရီးသည် တွေအနေနဲ့ ခရီးဆုံးအထိ ဆက်လက်သွားလာနိုင်တဲ့ လမ်းကြောင်းမရှိသေးဘူးလို့ အဲဒီကားသမားက ဆက်ပြောပါတယ်။
မော်လူးမြို့နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ခရီးသွားကားတွေ ပိတ်မိနေတဲ့အတွက် အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ခရီးသွားပြည်သူတွေကို ဘေးလွတ်ရာကျေးရွာတွေဆီ အမြန်ဆုံးရွှေ့ပြောင်းကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မော်လူးအနီး လမ်းပိုင်းဖြတ်တောက်ရေး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင် နေ သလို စစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး အရပ်သားထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
By – အမိုး




