အရပ်သားတစ်ဦးကို ရိုက်နှက်ခဲ့တဲ့ KIA နဲ့ MNDAA တပ်သား ၂ ဦး အရေးယူခံရ
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်နိမ်းကျေးရွာမှာ ဖုန်းပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဒေသခံအမျိုးသားတစ်ဦးကို ရိုက်နှက်ခဲ့တဲ့ KIA တပ်သားနဲ့ ကိုးကန့် MNDAA တပ်သား ၂ ဦးကို သက်ဆိုင်ရာအဖွဲ့တွေက အရေးယူထားပြီး ထိခိုက်နစ်နာသူအတွက် ဆေးကုသစရိတ်နဲ့ နစ်နာကြေးပေးဖို့ သဘောတူထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ရိုက်နှက်ခံရတဲ့ မန်နိမ်းရွာခံ အမျိုးသား ဦးအိုက်တုံရဲ့ ဆေးကုသစရိတ်အားလုံးကို ကိုးကန့်ဘက်က ကူညီပေးထားသလို ဆန် ၅ အိတ်နဲ့ နစ်နာကြေးငွေ ကျပ်သိန်း ၂၀ ပေးအပ်ဖို့ သဘောတူထားတယ်လို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိရှိသူ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။
“ကိုးကန့်ဘက်ကနေလည်း ဆေးကုသစရိတ်အားလုံး ကူညီပေးပြီး ဆန် ၅ အိတ်၊ နစ်နာကြေးက သိန်း ၂၀၊ တချို့က သိန်း ၅၀ လည်းပြောတယ်။ သေချာတော့ မသိဘူး။ ပြီးခဲ့တဲ့ရက်က KIO မုံးကိုးခရိုင်ကော်မတီအဖွဲ့နဲ့ လာရောက်ဖြေရှင်းကြချိန်မှာ သဘောတူညီမှုတွေ ယူထားတယ်။ KIO ဘက်ကလည်း လျော်ကြေးငွေပေးသွားမယ်၊ ရိုက်နှက်သူနဲ့ ရိုက်နှက်ခံရသူ ကာယကံရှင်တွေကို စစ်ဆေးဖို့လည်း သဘောတူထားပြီ။ အခုတော့ ရိုက်နှက်ခဲ့သူ KIA တပ်သားကို ခြောက်ပေါက်ထဲ ထည့်ထားတယ်”လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။
ဒီပြဿနာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်မှာ နမ့်ဖတ်ကာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ မုံးကိုးခရိုင် KIO ကော်မတီအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ တွေ့ဆုံဖြေရှင်းခဲ့ကြတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ကိုးကန့်တပ်သားတစ်ဦးဟာ လွန်ခဲ့တဲ့တစ်လလောက်က သူ့ရဲ့ဖုန်းကို မန်နိမ်းရွာက အိမ်တစ်အိမ်မှာ အားသွင်းထားခဲ့ပြီး တစ်လအကြာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာ အဲဒီရွာကို ပြန်ရောက်လာခဲ့တာပါ။
အဲဒီအချိန်မှာ ဖုန်းအားသွင်းထားခဲ့တဲ့အိမ်ကို သေချာမမှတ်မိတာကြောင့် အိမ်တစ်အိမ်ကို ဝင်ရောက်စစ်ဆေးမေးမြန်းရာကနေ ပြဿနာစတင်ခဲ့တာလို့ သိရပါတယ်။
အဲဒီကိုးကန့်တပ်သားဟာ သူ့ရဲ့ယောက်ဖတော်စပ်သူ KIA တပ်သားကိုပါ ခေါ်လာပြီး အိမ်ရှင်အမျိုးသား ဦးအိုက်တုံကို ဖုန်းပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး စွပ်စွဲမေးမြန်းခဲ့ပါတယ်။

အဲဒီနောက် KIA တပ်သားက ကိုင်ထားတဲ့တုတ်နဲ့ ဦးအိုက်တုံကို ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။
ဦးအိုက်တုံ ရိုက်နှက်ခံရချိန်မှာ ကလေးချီထားတဲ့ သူ့ရဲ့ဇနီးလည်း ဘေးနားမှာ ရှိနေပြီး ရိုက်နှက်တာကို တားမြစ်ပြောဆိုခဲ့ရာ ဇနီးဖြစ်သူကိုပါ ရိုက်နှက်ဖို့ လက်ရွယ်ခဲ့တာကို ဗီဒီယိုမှတ်တမ်းမှာ တွေ့ရပါတယ်။
ရိုက်နှက်ခံရတဲ့ ဦးအိုက်တုံဟာ လက်ရှိ သိန္နီဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး လည်ပင်းဂုတ်ရိုး နှစ်ချောင်း ထိခိုက်ထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒဏ်ရာအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဦးအိုက်တုံကို ရိုက်နှက်ခဲ့တဲ့ KIA တပ်သားဟာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သူ့ရဲ့နေရပ်ဖြစ်တဲ့ မုံးကိုးဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပေမယ့် သက်ဆိုင်ရာက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ရိုက်နှက်မှုမှာ ပါဝင်ခဲ့တဲ့ KIA တပ်သားနဲ့ ကိုးကန့် MNDAA တပ်သား ၂ ဦးလုံးကို အရေးယူထားတယ်လို့ သိရပါတယ်။
ရိုက်နှက်မှုကျူးလွန်တဲ့ KIA တပ်သားဟာ မုံးကိုးခရိုင်အတွင်း တာဝန်ထမ်းဆောင်သူဖြစ်တာကြောင့် မုံးကိုးခရိုင် KIO တာဝန်ရှိသူတွေက လာရောက်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်တွေ့ဆုံချိန်မှာတော့ အဓိကအချက် ၃ ချက်ကို သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီသဘောတူညီချက်တွေမှာ ရိုက်နှက်သူနဲ့ ရိုက်နှက်ခံရသူ ကာယကံရှင်တွေကို စစ်ဆေးဖြေရှင်းသွားဖို့၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက ကျေးရွာအတွင်း ဝင်ရောက်မယ်ဆိုရင် ရွာလူကြီးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အရင်ဆုံးအကြောင်းကြားပြီးမှ ယူနီဖောင်းဝတ်ဆင်ကာ ဝင်ရောက်ဖို့နဲ့ ထိခိုက်နစ်နာသူအတွက် နစ်နာကြေးပေးအပ်ဖို့တို့ ပါဝင်တယ်လို့ သိရပါတယ်။
“ခုလောလောဆယ်က ပြဿနာက ဖြေရှင်းပြီးစီးတဲ့အခြေအနေတော့ မဟုတ်သေးဘူး။ ဒါကြောင့်လည်း ရိုက်နှက်မှုကျူးလွန်သူ တပ်သားကို ခြောက်ပေါက်မှာ ထည့်ထားဆဲ။ KIO လည်း KIO ရဲ့လူဘက်က တာဝန်ယူဖြေရှင်းတယ်၊ ကိုးကန့်ဘက်ကလည်း ကိုးကန့်ဘက်က ဖြေရှင်းတယ်။ နှစ်ဖွဲ့လုံး ကိုယ့်လူကိုယ်တာဝန်ယူဖြေရှင်းနေတာဖြစ်တယ်။ ထိခိုက်နစ်နာသူလည်း သိန္နီမှာ ဆေးကုသခံယူနေဆဲ၊ ဆေးရုံမဆင်းသေးဘူး။ ဒေသခံတွေရဲ့အမြင်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ကိုယ်လုပ်ဆောင်သမျှမှာ ပြည်သူကို လေးစားသမှုနဲ့ တန်ဖိုးထားစေချင်တယ်။ ပြည်သူနဲ့ တိုက်ရိုက်ပြဿနာတွေဖြစ်ပြီဆိုရင်လည်း ဒီလိုပြဿနာတွေကို ရုံးမှာတိုက်ရိုက်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးစေချင်တယ်” လို့ နောက်ထပ် နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေကြား နေထိုင်သွားလာနေရတဲ့ ရှမ်းမြောက်ဒေသခံတွေဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူကြား ပြဿနာတွေဖြစ်ပွားလာရင် တာဝန်ရှိသူတွေက ပွင့်လင်းမြင်သာစွာနဲ့ စနစ်တကျ ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒီဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၀ ရက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ က အမှုထမ်းအရာရှိနဲ့ တပ်သားအားလုံး လိုက်နာဖို့ သတိပေးညွှန်ကြားစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီညွှန်ကြားစာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ အမှုထမ်းအရာရှိကြီးငယ်အားလုံးအနေနဲ့ အရက်သေစာသောက်စားမူးယစ်ပြီး ပြည်သူတွေကို ကြမ်းကြုတ်တဲ့အပြုအမူတွေနဲ့ ခြိမ်းခြောက်တာ၊ အငြင်းပွားရန်ဖြစ်တာနဲ့ KIO ရဲ့မူဝါဒကို
ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ မဖြစ်ပွားအောင် အထက်အရာရှိတွေနဲ့ တာဝန်ရှိသူတွေက အဆင့်ဆင့် ကြပ်မတ်ထိန်းချုပ်ဖို့ ပြင်းထန်စွာ သတိပေးထားပါတယ်။
ဒါ့အပြင် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တပ်သားစုဆောင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာလည်း ဘာသာရေးနဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံတွေဖြစ်တဲ့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေနဲ့ ပွဲလမ်းသဘင်တွေ ကျင်းပနေချိန်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်တာမျိုး မဖြစ်အောင် တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်ဖို့ KIA တပ်မဟာ ၉ က ညွှန်ကြားထားပါတယ်။
By – ဂျာဘောက်ရာ



