မြစ်ကြီးနားမှာ ပိုင်ရှင်မဲ့အလောင်း ၆ လောင်းတွေ့ရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလအတွင်း ၁၀ ရက်ကျော်အတွင်း ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်း ၆ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
တွေ့ရှိခဲ့တဲ့ ရုပ်အလောင်း ၆ လောင်းလုံးဟာ ဒီနိုဝင်ဘာလအတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ဆုံးအနေနဲ့ ဒီနေ့ နိုဝင်ဘာ ၁၂ ရက် ဒီကနေ့မှာ ရွှေညောင်ပင်ရပ်ကွက် မီးကင်းတဲအနီးမှာ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီမတိုင်ခင် နိုဝင်ဘာ ၁၁ ရက်မှာ ကချင်စုရပ်ကွက် မြစ်ဆိပ်ကမ်းအနီး မျှောပါလာတဲ့ ရုပ်အလောင်းတစ်လောင်း၊ ရွှေညောင်ပင်ရပ်ကွက်က ခြံအလွတ်တစ်ခုမှာ ရုပ်အလောင်းတစ်လောင်းအပြင် နိုဝင်ဘာ ၁၀ ရက်မှာ လယ်ကုန်းအောင်တော်မူဘုန်းကြီးကျောင်းဈေးအနီးမှာ ရုပ်အလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၃ ရက်မှာ မြစ်ဖျားဧရာကားကြီးကွင်းအတွင်းမှာ ရုပ်အလောင်းတစ်လောင်းနဲ့ နိုဝင်ဘာ ၁ ရက်မှာ ရမ်ပူရပ်ကွက် ဆုထူးပန်ဘုန်းကြီးကျောင်းလမ်းအနီးမှာ ရုပ်အလောင်းတစ်လောင်းတို့ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ခုလို မြစ်ကြီးနားမြို့မှာ စစ်ဘေးရှောင်တွေ ပိုမိုများပြားလာပြီး အဆင်ပြေသလို နေထိုင်စားသောက်နေရတဲ့ အခြေအနေတွေကြောင့် ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ တွေ့ရှိလာရတာလည်း ဖြစ်နိုင်တယ်လို့ မြို့ခံအမျိုးသားတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
“လယ်ကုန်း၊ ဇီးလွန်လိုမျိုး ရွာအစွန်၊ မြစ်ဘေးနားတွေမှာ ရွက်ဖျင်တဲတွေဆောက်ပြီး အဆင်ပြေသလို နေကြတာပေါ့။ ပြီးတော့ တစ်ခါတလေ ရွှေကျင်ပြီး ရသလောက်နဲ့ စားသောက်ကြတော့ ခက်ခဲပြီး သေချာမစားသောက်ရလို့ သေသွားတဲ့သူတွေ များမယ်ထင်တယ်” လို့ သူက ပြောပါတယ်။
မြို့ခံတွေရဲ့ ပြောပြချက်အရ တွေ့ရှိတဲ့ ရုပ်အလောင်းတွေထဲမှာ မူးယစ်ဆေးစွဲသူတွေနဲ့ အာဟာရချို့တဲ့ပြီး သေဆုံးသူတွေ ပါဝင်သလို တချို့အလောင်းတွေမှာ သတ်ဖြတ်ခံထားရတဲ့ လက္ခဏာတွေလည်း တွေ့ရတတ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာလည်း မြစ်ကြီးနားမြို့မှာ ပိုင်ရှင်မဲ့ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လအတွင်းမှာလည်း ၆ လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တွေ့ရှိတဲ့ ရုပ်အလောင်းတွေထဲက တချို့ကိုသာ မိသားစုဝင်တွေက လာရောက်အတည်ပြုနိုင်ပြီး ကျန်အလောင်းတွေကိုတော့ ပိုင်ရှင်ရှာမတွေ့တာကြောင့် ပိုင်ရှင်မဲ့အနေနဲ့ သင်္ဂြိုဟ်မြှုပ်နှံရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
ပုံမှန်အားဖြင့် ပိုင်ရှင်မဲ့ရုပ်အလောင်းတွေကို မြစ်ကြီးနားဆေးရုံ ရင်ခွဲရုံမှာ ၃ ရက်ဝန်းကျင်ထားပြီးနောက် ဂျန်မိုင်ကောင်သုသာန်မှာ သင်္ဂြိုဟ်လေ့ရှိတယ်လို့ သိရပါတယ်။
By – Hope




