မိုးမိတ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေ

မိုးမိတ်တိုက်ပွဲကြား ပိတ်မိမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးပမ်းခဲ့တဲ့ ဒေသခံရွာသားတွေကို စစ်ကောင်စီတပ်သားတွေက ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုကာ ပိတ်လှောင်ထားတယ်လို့ ရှမ်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (SHRF) က ထုတ်ပြန်ထားပါတယ်။

SHRF ရဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ မိုးမိတ်မြို့ကနေ မြစ်ဆုံရွာ–မဘိမ်းဘက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ထိုးစစ်မအောင်မြင်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး မိုးမိတ်မြို့မြောက်ဘက် ၇ မိုင်၊ ၅ မိုင်နဲ့ ၄ မိုင်ရွာတွေမှာ တပ်စွဲကာ ဒေသခံတွေကို အဝင်အထွက် ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းတွေ ၅ မိုင်အထိ ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး လက်ရှိမှာ ၃ မိုင်ကနေ ၅ မိုင်ဝန်းကျင်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“မိုးမိတ်မြို့ကနေ မြစ်ဆုံ–မဘိမ်းသွားလမ်းဘက် စစ်တပ်တွေ ၅ မိုင်အထိ ပြန်ထိုးလာတာကြောင့် တိုက်ပွဲပြန်ဖြစ်နေတယ်” လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ခုလို ရွာထဲတပ်စွဲထားချိန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျောက်တောင်ရွာဒေသခံတွေရဲ့ နေအိမ်တွေထဲက ဆန်၊ စားနပ်ရိက္ခာနဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း လုယက်ယူဆောင်သွားခဲ့တယ်လို့ SHRF က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ၄ မိုင်နဲ့ ၅ မိုင်ကျေးရွာတွေကနေ ထပ်မံဆုတ်ခွာခဲ့ရပြီး မိုးမိတ်မြို့နဲ့ ၂ မိုင်ကနေ ၃ မိုင်ဝန်းကျင်အကွာမှာ ဆက်လက်နေရာယူထားကာ ဒေသခံတွေကို ပိတ်ဆို့ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ၄  မိုင်နဲ့ ၅ မိုင်ကျေးရွာက ဒေသခံတွေဟာလည်း လက်ရှိအချိန်ထိ ပိတ်မိနေဆဲဖြစ်တယ်လို့ SHRF က ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိုးမိတ်မြို့ပေါ်က ဒေသခံတွေကို မြို့ကနေ ထွက်မပြေးဖို့ သတိပေးထားပြီး မြို့အဝင်အထွက် ကန့်သတ်ကာ စစ်ဘေးရှောင်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က မိုးမိတ်မြို့အနောက်ဘက် ဘော်ဒေး–မန္တလေးသွားလမ်းပေါ်က စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း ၃ ခုကို ကျောင်းသားတပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“ဘော်ဒေးကနေ မန္တလေးဘက်ဆင်းတဲ့ လမ်းမပေါ်က စစ်တပ်တွေ တပ်စွဲထားတဲ့ နေရာတွေကို ကျောင်းသားတပ်တွေ၊ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တာ ဟုတ်တယ်။ ပြီးခဲ့တဲ့အပတ်က ဟုတ်တယ်”လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မိုးမိတ်မြို့အနောက်ဘက်နဲ့ မြောက်ဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကျောင်းသားတပ် ABSDF၊ KPDF နဲ့ KIA ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။

တိုက်ပွဲအတွင်း မြေပြင်ထိုးစစ်မှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ ရှိနေတယ်လို့ SHRF က ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် မိုးမိတ်မြို့မြောက်ဘက် ၇ မိုင်အကွာ ကျောက်တောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီလေယာဉ်တွေက ကျောက်တောင်ရွာကို အကြိမ်ကြိမ်ဗုံးကြဲခဲ့တာကြောင့် နေအိမ်အနည်းဆုံး ၅ လုံး ပျက်စီးခဲ့ရပြီး အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့မှာလည်း ကျောက်တောင်ရွာကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း ကျောက်တောင်ရွာအနီး တောင်ယာတဲမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ၃  ရက်အတွင်း ကျောက်တောင်ရွာကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ SHRF က ထုတ်ပြန်ထားပါတယ်။

လက်ရှိ မိုးမိတ်မြို့ပြင် ၄ မိုင်နဲ့ ၅ မိုင်ကျေးရွာတွေမှာ ပိတ်မိနေတဲ့ ဒေသခံတွေရဲ့ ဘေးကင်းလုံခြုံရေး၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအခြေအနေတွေဟာ စိုးရိမ်စရာဖြစ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button