မိုးညှင်း
-
Jul- 2024 -18 Julyသတင်း
နန့်မွန်းမြို့မှာ လူငယ် ၅၀ ထက်မနည်းဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြိို့ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစ SNA နဲ့ စစ်ကောင်စီစစ်သားတွေဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ စစ်ဆေးရေးဂိတ်အထိုင်ချပြီး တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “နန့်မွန်းမြို့ထဲမှာကို ဂိတ်က နေရာ ၄ နေရာရှိတယ် အစစ်အဆေးများတယ်ဂိတ်အသစ်ထိုင်တဲ့ဟာတွေပဲ လူငယ်တွေကိုဆိုရင်သိပ်မသွားခိုင်းတော့ဘူး ဖမ်းတယ်။ လူငယ်ပိုင်းတွေကိုဖမ်းတာ ပြည်သူ့စစ်အတွက်ဖမ်းနေတာ ကချင်ကလေးတွေကိုမဖမ်းဘူးရှမ်းတွေကိုပဲဖမ်းတာ စုဆောင်းရေးပါ့ ဘာအကြောင်းပြချက်မှမရှိပဲဒီတိုင်းဖမ်းသွားတာ”လို့ ပြောပါတယ်။ လက်ရှိ နန့်မွန်းမြို့ထဲ SNA နဲ့စစ်ကောင်စီတပ်တွေရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေဟာ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာနဲ့နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာစုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာကြောင့် လူငယ် ၅၀ ဦးထက််မနည်းဖမ်းဆီးခံထားရပြီလို့ဒေသခံတွေကဆိုပါတယ်။ “အသက် ၂၀ ကျော်လူငယ်တွေဆိုဖမ်းတယ် အများကြီးဖမ်းသွားပြီကောမနည်းတော့ဘူး စျေးသွားစျေးလာကစစစ်ဆေးတာတွေလုပ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ မနေ့ကအထိဖမ်းဆီးခံရတဲ့လူငယ် ၅၀ ဦးခန့်ရှိပြီလို့သိရပြီး အဲ့ဒီလူငယ်တွေကို ငွေနဲ့ပြန်ရွေးထုတ်ခွင့်မပေးသလို လတ်တလောမိဘတွေနဲ့လည်းတွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။ အထက်ဖော်ပြပါစစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကိုဖမ်းဆီးတာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာတဲ့သူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့် ဒီရက်ပိုင်းနန့်မွန်းမြိို့ထဲမှာ အသွားအလာလည်းပါးနေတယ်လို့သိရပါတယ်။ နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံလောက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်က KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက ကြိုတင်တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီးဒေသထဲက ဝှေလုံ ၊ချောင်းဝ၊ညောင်ပင် တပ်စခန်းတွေသိမ်းပိုက်ခံရပြီးနောက် ဇွန်လ တတိယပတ်ကတည်းကနေ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Jun- 2024 -28 Juneသတင်း
စစ်ရေးတင်းမာနေတဲ့ အင်းတော်ကြီးဒေသထဲမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထား
စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့သိရပါတယ်။ KIA၊ KPDF ပူးပေါင်းတပ်တွေက အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းမှာရှိတဲ့ ဝှေလုံစစ်ကောင်စီတပ်စခန်း၊ ညောင်ပင်တပ်စခန်းနဲ့ အင်းတော်ကြီးအနောက်ဘက် က ချောင်းဝစစ်ကောင်စီတပ်စခန်းကုန်းသုံးခုကို ထိုးစစ်စတင်လိုက်တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အင်းတော်ကြီးဒေသထဲက ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့ အသက် ၄၀ ကျော်အရွယ် အင်းတော်ဒေသခံတစ်ဦးကKNGကိုပြောပါတယ်။ “အကုန်လုံးပိတ်ထားပြီ ပိတ်ထားတာ လေးရက်လောက်ရှိပြီ မဖွင့်ရဲကြဘူးလေ ကျောင်းပေါင်း ၃၀ ကျော်တယ်လောက်ရှိမှာပေါ့ အထက်တန်းကျောင်းတောင် ၅ ကျောင်း၊ ၆ ကျောင်းလောက်ပါတယ်”လို့ သူကပြောပါတယ်။ လက်ရှိ စစ်ရေးခြေနေကြောင့် ပိတ်ထားရတဲ့ကျောင်းတွေထဲမှာ မိုင်းနောင်၊ လုံးတုံ၊ နန့်မွန်း၊ ချောင်းဝ၊ လုံးစခန်း၊ ညောင်ပင် စတဲ့အထက်တန်းကျောင်းတွေအပြင် အင်းတော်–ဝှေခါကားလမ်းပိုင်းက ရွာတွေနဲ့အင်းတော်ကြီးကန်အနောက်ဘက်ပိုင်းကကျေးရွာစာသင်ကျောင်းတွေအားလုံးပိတ်ထားရတာကြောင့် စုစုပေါင်းကျောင်းပေါင်း ၃၅ ကျောင်းအထက်ရှိတယ်လို့သိရပါတယ်။ အင်းတော်ကြီးဒေသမှာ အခြေခံးပညာကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ နောက်ပိုင်း စကပြီးပိတ်ထားရကြတယ်လို့သိရပြီး ခုလိုစစ်ရေးတင်းမာနေတာကြောင့် ကျေးရွာအများက ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ “လောလောဆယ်က နန့်မွန်းကနည်းနည်းတင်းမာသလိုဖြစ်နေတာ အခြေအနေက နည်းနည်းမလှဘူး ပြောင်းခိုင်းတာတော့မရှိပါဘူးကြောက်လို့ပြောင်းကြတာတော့ရှိတယ် သူတို့(စစ်ကောင်စီစစ်သား)တွေရှိတဲ့အခါကြတော့ပြောင်းကြတာပေါ့ ရွာအတိအကျတော့မသိဘူးအင်းအနောက်ဘက်ကတော့ ရွာ၂၀ ကျော်လောက်ရှိမယ် ရွာလုံးကျွတ်တိမ်းတာမျိုးတော့မဟုတ်ဘူး”လို့သူကပြောပါတယ်။ အင်းတော်ကြီးဒေသထဲက နန့်မွန်း၊ လုံးတုံ၊ ချောင်းဝ၊ဝှေလုံ၊…
Read More » -
26 Juneသတင်း
နန့်မွန်းမြို့မှာ စစ်တပ်က ကချင်ဘုရားကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲထားပြီး ဖမ်းဆီးတာတွေလုပ်နေ
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူအများပိုင်း ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေထိုင်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အင်တော်ကြီးဒေသ ချေင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် စစ်တပ်စခန်းတွေကို KIA ပူပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ပြီး စစ်တပ်ဘက်ကနေလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာလုပ်ဆောင်နေတဲ့အတွက် နန့်မွန်းဒေသခံပြည်သူတွေက ဇွန်လ ၂၅ ရက်နေ့ မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်ထားကြတယ်လို့ ဒေသခံတွေပြောပါတယ်။ နန့်မွန်းဒေသခံတွေ တိမ်းရှောင်သွားပြီးနောက် စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်တောင်ကနေ ဆင်းလာပြီးတော့ ဘုရားကျောင်းဝင်ထဲမှာ ဝင်ရောက်နေထိုင်ပြီး ဘုရားကျောင်းမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို ဝင်ရောက်မွှေနှောက်တာ၊မြို့တွင်းကျန်ရှိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ နန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဘုရားကျောင်းတွေမှာက ခတ်ထားတဲ့ သော့တွေရိုက်ထုတ်လိုက်ပြီး မနေ့ညကနေ ရှိနေကြတယ်။ ဘုရားကျောင်းထဲမှာ အသုံးပြုတဲ့ စက်တွေကို ဖွင့်ပြီး သီချင်းတွေအော်ဆိုနေကြတယ်။ ပြီးရင်လူမရှိတဲ့ အိမ်တွေမှာဝင်ပြီး နေကြတယ်။ ဒီလိုလုပ်တာက ကာဗာယူတယ်လို့ပဲမြင်ပါတယ်။ တိမ်းရှောင်တဲ့ သူတွေလည်း အကုန်တော့မဟုတ်ဘူး။ တစ်ချို့အိမ်ထောင်စုတွေလည်းရှိနေသေးတယ်။ အဲဒီသူတွေလည်း မနေ့က ဖမ်းဆီးတာတွေလုပ်တယ်။ ဖမ်းဆီးခံရတဲ့ သူတွေကိုတော့ မနေ့ည ပြန်လွတ်ပေးလိုက်တယ်လို့တော့ကြားတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်းမြို့တွင်းရပ်ကွက်တွေထဲက ကချင်ပြည်သူတွေအများဆုံးနေထိုင်တဲ့ ရပ်ကွက်မှာ အခုလို ဝင်ရောက်တပ်စွဲထားပြီး နေအိမ်တွေကို မွှေနှောက်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေထဲမှာ နန့်မွန်းဒေသခံပြည်သူတွေအပါ လုံးတုံဒေသခံပြည်သူတွေလည်း ယာယီတိမ်းရှောင်နေကြပြီလို့သိရပါတယ်။ အခုလို အင်းတော်ကြီးတဝိုက်မှာ ရှိကြတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချောင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်စခန်းတွေကို လက်လွတ်လိုက်ရတာကြောင့် တိုက်ပွဲက နန့်မွန်းနဲ့ လုံးတုံ၊ မမုံကိုင်၊ နေရာဘက်ကို ပြန်လည်ဦးလာနေတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဒါကြောင့် နန့်မွန်၊ လုံးတုံ စတဲ့ ဒေသခံပြည်သူတွေက မြို့နဲ့ နီးတဲ့ တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ နန့်မွန်းဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုဆက်ပြောပါတယ်။ “၂၄ ရက်နေ့ညကနေ လက်နက်ကြီးတွေ ပစ်တော့ ကျမတို့နဲ့ အရမ်းနီးကပ်လာတယ်။ အဲဒါကြောင့် ပြင်ဆင်စရာပြင်ပြီးတော့ လုံခြုံတယ်လို့ ထင်တဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်လာကြတာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ တိုက်ပွဲရှောင် နန့်မွန်၊ လုံးတုံ၊ မမုံကိုင် စတဲ့ ဒေသခံပြည်သူတွေ မိုးညှင်း၊ ဟိုပင်မြို့ပေါ်ဘက်ကိုလည်း ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်တွေ ပြီးခဲ့အပတ် ဇွန်လ ၂၁ ရက်နေ့မှစပြီး ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ By –…
Read More » -
24 Juneသတင်း
အင်းတော်ကြီး နဲ့ ဖားကန့် အစပ်မှာရှိတဲ့ စစ်တပ်စခန်း ၃ နေရာကို KIA သိမ်းပိုက်
မိုးညှင်းမြို့နယ် အင်းတော်ကြီး နဲ့ ဖားကန့် ဝှေခါလမ်းပေါ်က စစ်တပ်ရဲ့ အရေးပါတဲ့ ပြည်သူ့စစ်တပ်စခန်းအပါ ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်တော်ကြီးနဲ့ ဖားကန့်မြို့နယ်စပ်ကြားမှာ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့ စုပေါင်းနေထိုင်ထားတဲ့ ဝှေလုံ၊ ညောင်ပင်၊ ချောင်းဝ စတဲ့ စစ်တပ်စခန်းနေရာတွေကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။ “တပ်စခန်း ၃ ကိုတော့သိမ်းပိုက်ပြီ။ တိုက်ပွဲစဖြစ်တာက စနေ့ဆိုတော့ ၂ ရက်လောက်ကြာသွားတာပေါ့။ အခုကတော့ သိမ်းထားတဲ့နေရာတွေမှာ ရှင်းလင်းရေးတွေလုပ်နေတယ်။ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ နေရာတွေမှာ ပြန်ဖြစ်လာမလား။ အဲဒီတစ်ဝိုက်မှာက တပ်စခန်းတွေက ကျန်ရှိနေသေးတယ်လေ”လို့ပြောပါတယ်။ အဲဒီတပ်စခန်း ၃ နေရာကို ဇွန်လ ၂၂ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခဲ့တာဖြစ်ပြီး ဝှေလုံနဲ့ ညောင်ပင်တပ်စခန်း နှစ်ခုကို ဇွန်လ ၂၃ ရက်နေ့မှာ သိမ်းပိုက်ထားပြီး ချောင်းဝစစ်တပ်စခန်းကိုတော့ ဇွန်လ၂၄ ရက်နေ့ ဒီနေ့မနက်ပိုင်း ၅ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ အဲဒီတပ်စခန်းတွေဟာ အင်းတော်ကြီးဒေသ အနီးတဝိုက်နဲ့ ဖားကန့်ဘက်ကိုသွားတဲ့ လမ်းကြော လုံခြုံရေးရယူထားတဲ့ ရှေ့တန်းတပ်စခန်းတွေဖြစ်ပြီး ညောင်ပင်တပ်စခန်းမှာက စစ်အင်အား ၅၀ ဝန်းကျင်လောက်ရှိပြီးတော့ ချောင်းဝနဲ့ ဝှေလုံ တပ်စခန်း ၂ ခုမှာက အင်အား ၃၀ ဝန်းကျင်စီရှိကြတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂ ရက်အတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာတွေရှိခဲ့သလို လက်နက်ကြီးပစ်ခတ်တာတွေကြောင့် တိုက်ပွဲဖြစ်ပွားတဲ့အနီးတဝိုက်က ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ အင်းတော်ကြီးဒေသ ဖားကန့်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ပွဲထပ်မံဖော်ဆောင်လိုက်တာဟာ ဖားကန့်ဒေသ ဝှေခါလမ်းအဝင်အထွက်ကို KIA တပ်တွေ ထိန်းချုပ်လိုက်ဖို့အတွက်ဖြစ်တယ်လို့ ဖားကန့်ဒေသတစ်ဦးလည်း သုံးသပ်ပြောဆိုထားပါတယ်။ “အခုဖြစ်တဲ့နေရာတွေက ဖားကန့်ကို ဆက်သွယ်ထားတဲ့ ဝှေခါလမ်းပေါ်မှာဖြစ်တယ်။ မိုးညှင်း၊ ဟိုပင်တွေကနေ ဖားကန့်ကို သွားတဲ့ အဝင်အထွက်လမ်းပေါ့။ ပြီးခဲ့တဲ့လတွေမှာလည်း ဖားကန့် ဝှေခါ – တာမခံလမ်းတွေလည်း KIA က ထိန်းချုပ်လိုက်ပြီးဆိုတော့ ဒီလမ်းတွေကို ပြန်ထိန်းချုပ်ဖို့လို့ပဲထင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိ KIA ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လိုက်တဲ့ အင်းတော်ကြီးဒေသတဝိုက် လုံးတုံ၊ နန့်မွန် စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်သေးတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဖားကန့်ဒေသကို သွားတဲ့ လမ်းကြောင်းတွေဖြစ်ကြတဲ့ မြစ်ကြီးနား – ကားမိုင်းလမ်း၊ စစ်ကိုင်းအစပ် ဝှေခါ – တာမခံလမ်းကြောင်းတွေကို KIA တပ်တွေက ၂၀၂၄ နှစ်ဆန်းပိုင်းလောက်ကနေ ထိန်းချုပ်လိုက်တာဖြစ်ပြီး လက်ရှိမှာ မိုးညှင်းမြို့နယ်ထဲက ဝင်တဲ့ လမ်းကြောင်းကိုထိန်းချုပ်ဖို့ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
12 Juneသတင်း
မိုးညှင်းမြို့မှာ ဓါးပြတိုက်လုယက်ခံရမှုများလာ
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဓါးပြတ်ိုက်လုယက်ခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ မိုးညှင်းမြို့ခံတွေကပြောပါတယ်။ ဓါးပြတိုက်လုယက်သူတွေဟာ သေနတ်၊ဓါးနဲ့ထောက်ကာခြိမ်းခြောက်ပြီး ဆိုင်ကယ်၊ကား၊ ဖုန်းနဲ့ လက်ဝတ်လက်စားတွေကအစ လုယက်နေတယ်လို့ မိုးညှင်းဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အဖြစ်များတဲ့နေရာက မိုးညှင်းစုပေါင်းရုံးရှေ့ ကွင်းပြင်ကြီးထဲမှာ နေ့တိုင်းဖြစ်နေတယ်။ ကျနော့်မိတ်ဆွေလုခံရတဲ့သူ စုစုပေါင်း ဆိုင်ကယ် ၆ စီးထိရှိလာပြီ”လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ မိုးညှင်းစုပေါင်းရုံးရှေ့မှာအဖြစ်များပြီး ဓားပြတိုက်ခံရတဲ့အချိန်က ညနေ ၄ နာရီ ၅နာရီဝန်းကျင်မှာတယ်လို့ သူက ဆက်ပြောပါတယ်။ ခုလို မိုးညှင်းမြို့ထဲမှာ ဓါးပြတိုက်လုယက်ခံရတာဟာ မြို့လယ်ခေါင်မှာ စစ်ကောင်စီကတရားဝင်ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေများလာတာကြောင့်ဖြစ်တယ်လို့ ဒေသခံတွက သုံးသပ်နေကြပါတယ်။ “ခုက မြို့ထဲမှာကို လောင်းကစားဝိုင်းတွေက ပိုများလာတာ ဒါကိုစစ်တပ်က တမင်ခွင့်ပြုထားတာလေ။ ခိုးခံရလို့ ဓါးပြတိုက်ခံရလို့ သွားတိုင်လည်း အရေးယူတာလည်း မလုပ်ပေးဘူး။ ပြီးတော့ ခုနောက်ပိုင်းဆို မူးယစ်ဆေးသမားတွေလည်း များလာလို့ ဆိုင်ကယ်ဆိုခနန အခိုးခံရတာတွေများလာပြီ”လို့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ အလားတူဘဲ ဓါးပြတိုက်လုယက်ခံရတာအပြင်၊ နေအိမ်ထဲကနေ ပစ္စည်းခိုးယူခံရတာလည်း များလာနေတယ်လို့ သူကဆက်ပြောပါတယ်။။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဓါးပြတိုက်၊ခိုးဆိုးလုယက်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့ မိုးညှင်းရဲစခန်းကို တိုင်ချက်သွားရောက်ဖွင့်တာမျိုးတွေရှိပေမယ့် စစ်တပ်ဘက်က အင်အားမရှိတဲ့အတွက် ဖမ်းဆီးအရေးယူပေးဖို့ခက်ခဲကြောင်းနဲ့ လုယက်တဲ့တရားခံကို တိတိကျကျသိမှသာ လာရောက်တိုင်တန်းဖို့ကိုလည်း ပြောဆိုထားတယ်လို့ မိုးညှင်းဒေသခံဒေတွေက ပြောပါတယ်။ ခိုးဆိုးလုယက်ဓါးပြတိုက်သူတွေဟာ နိုင်ငံရေးမငြိမ်သက်မှုကိုအခွင့်ကောင်းယူပြီး တစ်ဖက်မှာပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် မသမာတဲ့အဖွဲ့စည်းတစ်ခုခုက လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့လည်းဒေသခံတွေက ဆိုကြပါတယ်။ ဒါကြောင့် သက်ဆိုင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အမြန်ဆုံး ဖမ်းဆီးအရေးယူပေးဖို့ကိုလည်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ By – CJ
Read More » -
May- 2024 -13 Mayသတင်း
ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားမောင်းသမားများ ပြန်လွတ်ခြင်းမရှိသေး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားသမားများ ဒီနေ့ထိလွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က နန်းခွင်တံတားအကျော်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက မြေသယ်ကား ၇ စီးကို အရင်ဆုံးဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်နဲ့ပြန်ရွေးကြဖို့ပြောဆိုခဲ့ပေမယ့် ကားပိုင်ရှင်တွေဘက်က ရွေးနိုင်ခြင်းမရှိခဲ့တာကြောင့် မြေသယ်ယာဉ်အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒါ့အပြင် မေလ ၅ ရက်နေ့မှာလည်း နောက်ထပ်မြေသယ်ကား ၆ စီးကိုထပ်မံဖမ်းဆီးခဲ့ပြီး ဟိုပင်အခြေစိုက် ခလရ ၄၀ တပ်ရင်းမှာ ထိန်းသိမ်းထားကာ မြန်မာကျပ်ငွေ ၅ ထောင်ပေးဖို့ပြောဆိုနေတယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ မြေသယ်ကားကို ဖမ်းဆီးတာတင်မဟုတ်ဘဲ မြေသယ်မောင်းသူတွေကိုလည်း ဖမ်းဆီးထားတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။ “မီးရှို့ခံရတဲ့ ၇ စီးရဲ့နောက် ၆ စီးကိုထပ်ဖမ်းတယ် မိုးညှင်းက တပ်နဲ့ ပြည်သူ့စစ်တပ်တွေဖမ်းမိပြီးတော့ ဟိုပင်က တပ်ရင်း ၄၀ မှာ ထိန်းသိမ်းထားတာ ယာဥ်မောင်းတွေရောဖမ်းထားတာဟုတ်တယ် နှစ်ခေါက်လုံး က ဖမ်းမိတဲ့ ယာဥ်မောင်းတွေကိုဖမ်းထားတာလို့ပြောတယ် ယာဥ်နောက်လိုက်တွေတော့မပါဘူးပြောတယ်”လို့ပြောပါတယ်။ ဖမ်းဆီးထားရတဲ့ ကားသမား ၁၃ ဦးထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေကပြောနေပေမဲ့ ဒီအခြေနေနဲ့ ပတ်သက်လို့ KNG က သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ ခုလို မြေသယ်ကားတွေကိုဖမ်းဆီးတဲ့ထဲ မိုးညှင်းမြို့နယ် ခလရ ၁၅ တပ်ရင်းနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပူးပေါင်းပေါင်းပြီးလုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ဒီအခြေနေနဲ့ပတ်သက်လို့ ဟိုပင် PDF ကတော့ အခုလို ပြောပါတယ်။ “ဖမ်းခံရတဲ့ရက်တွေကတော့မတူဘူး မြေသယ်ကားတွေကြီးပဲ မီးရှို့လိုက်တာလည်းရှိတယ် တပ်ရင်း ၄၀ မှာ ထိန်းသိမ်းထားတာလည်းရှိတယ် အတိအကျတော့မသိဘူး ယာဥ်မောင်းနဲ့နောက်လိုက်တွေလည်းဖမ်းခံရတယ် လူဦးရေအတိအကျတော့မသိဘူး ဖမ်းဆီးခံရတာကတော့သေချာတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ နန်းခွင်တံတားအကျော် လမ်းပိုင်းမှာဂိတ်အထိုင်ချပြီး အရပ်သားတွေကိုဖမ်းဆီးစစ်ဆေးတာတွေ အရင်ကတည်းကလုပ်ခဲ့ပေမဲ့ ဒီနှစ် ဧပြီလလောက်ကစလို့ ဂိတ်အတည်တကျအထိုင်ချတာမျိုးမဟုတ်ဘဲ အင်အားအနည်းငယ်နဲ့လက်နက်တွေကိုင်ပြီး ကားလမ်းမပေါ်ထွက်ကာရှောင်တခင်စစ်ဆေးနေတာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနက ဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါ တယ်။ မိုးညှင်းမြို့ဟာ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာရှိတာဖြစ်ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကနေ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က မကြာခနဆိုသလို လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နန်းခွင်ကျေးရွာမှာလည်း ပြည်သူ့စစ်အဖွဲ့တွေဟာ ဆေးရုံမှာတပ်စွဲထားပြီး လမ်းမပေါ်ထွက်ကာ ကား၊ဆိုင်ကယ်တွေကို အခွန်ကောက်ခံတာတွေလုပ်နေတယ်လို့လည်း နန်းခွင်ဒေသခံတွေကပြောပါတယ်။ By – အမိုး
Read More » -
6 Mayသတင်း
ဖမ်းဆီးထားတဲ့ မြေသယ်ကား ၆ စီးကို ငွေကျပ် သိန်းငါးထောင်နဲ့ရွေးခိုင်းနေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက မြေသယ်ကား ၆ စီးဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်။ ဟိုပင်ပြည်သူ့စစ်ခေါင်းတောင် ဦးငမျိုး(တရုတ်လူမျိုး) ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့နဲ့ စစ်ကောင်စီပူးပေါင်းတပ်က မတ်လ ၅ ရက်ရက်နေ့ ဖားကန့်ဘက်ကိုတက်မယ့် မြေသယ်ကား (၁၀ဘီးကား) ၆ စီးကို ဟိုပင်တိုးဂိတ်အကျော် လမ်းခုလတ်မှာ ဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဖမ်းဆီးခံရတဲ့မြေသယ်ကားပိုင်ရှင်တွေနဲ့နီးစပ်သူတစ်ဦးကKNGကိုပြောပါတယ်။ “တရုတ်ငမျိုးဆိုပြီးလည်းခေါ်ကြတယ်သူ့ကိုဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဟုတ်တယ် သူပဲလုပ်နေတာ ဖမ်းတာက ဟိုပင်တိုးဂတ်အကျော်မှာဖမ်းလိုက်တာ အဲ့ငမျိုးဆိုတဲ့ပြည်သူ့စစ်ခေါင်းဆောင်ကဖမ်းက ၆ စီးစလုံးကိုသိန်းငါးထောင်တောင်းလို့အခုညှိနေကြတယ်”လို့ အထက်ဖော်ပြပါဟိုပင်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မြေသယ်ကား ၆ စီးစလုံးကို လက်ရှိ ဟိုပင် တပ်ရင်း ၄၀ ထဲမှာ ထိန်းသိမ်းထားပြီး စစ်ကောင်စီတပ်နဲ့ ဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဦးငမျိုးတို့တောင်းတဲ့ကျပ်သိန်းငါးထောင်နဲ့ရွေးရင်ပြန်လွတ်ပေးမှာဖြစ်ကြောင်း ကားပိုင်ရှင်တွေကိုပြောဆိုထားတယ်လို့သိရပါတယ်။ “အခုဖမ်းထားတဲ့အဲ့ ၆ စီးလုံးက ၄၀ ထဲမှာ တပ်ရင်း ၄၀ ထဲမှာထားထားတယ်။ အရင်တစ်ခေါက်ကလို တစ်ခါထဲဖမ်းပြီးမှ မီးရှို့တာမျိုးတော့မလုပ်သေးဘူး ဖမ်းပြီးနောက်ရက်မီးရှို့တာအခုတစ်ခေါက်ကလည်း သူပဲလုပ်တာ သူပဲဖမ်းပြီးသူပဲလွတ်တာ အရှေ့၇ စီးကတစ်ခါဖမ်းပြီးမီးရှို့တာ။ အဲ့ကသူမစားရလို့လားမသိဘူး အခုဒီ ၆ စီးကသူကိုယ်တိုင်လုပ်တာ သူကိုယ်တိုင်ပိုက်ဆံပေးမယ့် ကုန်သည်တွေနဲ့လုပ်ပြီးသူကအခုအောက်ခြေနဲ့ ပြန်ညှိပြီးပြန်လွတ်ဖို့လုပ်နေတယ်”လို့ အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း ဖားကန့်ဘက်တက်မယ့် မြေသယ်ကား ၇ စီးကို မိုးညှင်းမြို့နယ်ရှိ နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီတပ်စခန်းဂိတ်မှာ စစ်ကောင်စီတပ်နဲ့ဟိုပင်ပြည်သူ့စစ်ပူးပေါင်းတပ်တွေကဖမ်းဆီးပြီးငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းရာ ပြန်မရွေးနိုင်တာကြောင့်မီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
Apr- 2024 -29 Aprilသတင်း
ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကိုဖမ်းဆီးပြီး စစ်ကောင်စီ မီးရှို့ဖျက်ဆီး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီဂိတ်စခန်းမှာ ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်အခွန်ဆောင်ပြီးရွေးရမယ်လို့ဆိုကာ ငွေမပေးလို့ ကားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ မြေသယ်ကား ၇…
Read More » -
25 Aprilသတင်း
မိုးညှင်း၊ဟိုပင်၊မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ မောင်းတံဂိတ်လုပ်ပြီးငွေကြေးကောက်ခံနေ
ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနကဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ အရပ်ဝတ် ဝတ်ထားတဲ့လူတစ်ချို့နဲ့အတူ SNA တပ်ဖွဲ့ဝင်တွေဂိတ်ထိုင်ပြီး ငွေကြေးကောက်ခံနေတဲ့အပြင် ဂိတ်အနီးနေရာယူ စစ်ဆေးပေးတာတွေလုပ်နေတယ်လို့ ဟိုပင်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဟိုပင်မှာဆို ၄ နေရာတောင်ရှိတယ်၊ အဲ့ဒီဂိတ်တွေမှာ လူငှားပြီး စောင့်ခိုင်းတယ်၊ တစ်ရက်ကိုတစ်သောင်းရတယ်လို့…
Read More » -
12 Aprilသတင်း
မိုးညှင်း ကစ်သစ်လစ်သာသနာပြု ဘုန်းတော်ကြီးတစ်ပါးသေနတ်ခတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေ (၂)ရပ်ကွက် ကတ်သစ်လစ်ဘုရားကျောင်းမှာကတ်သစ်လစ်ဘုန်းတော်ကြီးတစ်ပါး ဝတ်ပြုကိုးကွယ်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာ စိန်ပတ်ထရစ်ဘုရားကျောင်းထဲအသင်းသားတွေနဲ့ဝတ်ပြုကိုးကွယ်နေတဲ့အချိန် အမည်မသိလူ ၂ ယောက်ဝင်လာပြီး သေနတ်ပစ်သွားတာဖြစ်တယ်လို့ မိုးညှင်းဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “၆ နာရီလောက်မှာ ဘုရားကျောင်းထဲ မစ္ဆာတရားပေးနေတဲ့အချိန် လူနှစ်ယောက်ဝင်လာပြီး ဝင်ပစ်သွားတာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ အခုမြစ်ကြီးနား ဆေးရုံဘက်ပို့လိုက်ပြီ။ သေနတ်ဒဏ်ရာက ၃ နေရာလောက်မှာ ထိသွားတယ်”လို့ပြောပါတယ်။ သေနတ်ပစ်ခတ်ခံရတဲ့ဘုန်းတော်ကြီးဆရာတော်ဟာ အသက် ၄၀ ကျော်အရွယ် ဖာသာရ်ပေါလ်ခွေရှင်းအောင်ဆိုသူဖြစ်ပြီး ပေါင်တစ်ဖက်၊ မေးစေ့နဲ့ လက်တစ်ဖက် ၃ နေရာမှာသေနတ်ဒဏ်ရာရရှိထားတယ်လို့ ပြောပါတယ်။ ဘုရားကျောင်းဝင်းထဲကိုရောက်လာပြီး သေနတ် ၅ ကြိမ်ထက်မနည်း ပစ်ခတ်သွားတဲ့ လူ ၂ ယောက်က မျက်နှာတစ်ခုလုံးအုပ်ထားပြီး ထွက်ပြေးသွားတာကြောင့် ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာကို မသိလိုက်ရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် အခုလို ဘုရားကျောင်းဝင်းအတွင်းအထိ လာရောက်ပစ်ခတ်သွားတဲ့ အဖွဲ့အစည်းတွေဟာ ကချင်လူမျိုးတွေကိုမလိုလားအပ်တဲ့ အဖွဲ့အစည်းတစ်ခုခုကသာ ဖြစ်တယ်လို့ မိုးညှင်းဒေသခံ အမျိုးသားက သုံးသပ်ပြောဆိုပါတယ်။ “ဒီအခြေအနေကို ကြည့်ရမယ်ဆိုရင် ကချင်လူမျိုးတွေကို မလိုလားအပ်တဲ့ သူတွေသာဖြစ်တယ်။ အခုဆိုရင် ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်လာတယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဘယ်အဖွဲ့အစည်းလဲဆိုတာ အားလုံးသိမှာပါ”လို့ပြောဆိုပါတယ်။ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပွားနေတဲ့အခြေအနေတစ်ခုမှာ ဘာသာရေးအသီးသီးက သင်းအုပ်၊ သင်းထောက်၊ ဘုန်တော်ကြီးတွေနဲ့ ရိုးရာလူကြီးတွေ အသက်အန္တရာယ်စိုးရိမ်ရနေရတဲ့ကာလဖြစ်နေပြီလို့ဆိုပါတယ်။…
Read More »