မြစ်ကြီးနား
-
Nov- 2024 -19 Novemberသတင်း
မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း စစ်တပ်ဂိတ်မှာ သွားလာရေးကန့်သတ်ခံရတဲ့အတွက် ခရီးသည်များတစ်ညအိပ်နဲ့ သွားနေရ
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသည်တွေ တစ်ညအိပ်ခရီးသွားနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်း ပုံမှန်အားဖြင့် တစ်ရက်ခရီးသာရှိပေမယ့် ဩဂုတ်လကုန်ပိုင်းကစပြီး ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်နဲ့ ဖက်မာရွာ၊လုံရှာယန်ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဂိတ်က ဖြတ်သန်းခွင့်ကန့်သတ်လိုက်တာလို့ ကားသမားတစ်ဦး KNG ခုလိုပြောပါတယ်။ “လမ်းမှာတစ်ညအိပ်နေရတာက ကြာပြီလားဆိုတော့ ပြီးခဲ့တဲ့ ရှစ်လကုန်ပိုင်းလောက်ကတည်းက ဟုတ်တယ် ဆွမ်ပရာဘွမ်ကျော်ပြီး ဟိုဘက်မှာရှိိတဲ့ စစ်တပ်ဂိတ်တွေက ဘယ်ဂိတ်မှညနေခြောက်နာရီနောက်ပိုင်းမဖြတ်ခိုင်းဘူး။ အဲ့ကြောင့်လမ်းမှာတစ်ည အိပ်ရတာ ဂိတ်မပိတ်ခင်အမှီသွားရအောင်ကလည်းလမ်းခရီးကဝေးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေး”လို့ ပြောပါတယ်။ ခုလိုစစ်ကောင်စီတပ်ဂိတ်တွေမှာ ညခြောက်နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မပေးတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ ကုန်ကား၊ခရီးသည်ကားများ ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ကျန်းကျေးရွာတွေမှာ ညအိပ်ကြရတယ်လို့ သိရပါတယ်။ “စောစောထွက်တဲ့လူကတော့ဖုန်ကျန်းမှာအိပ်တယ် တချို့ဆွမ်ပရာဘွမ်မှာလည်းအိပ်တယ် ဖတ်မာတို့၊ လုံရှာယာန်တို့ကနီးပေမယ့် အဲ့မှာမအိပ်ရဲကြဘူး စစ်သားတွေရှိတယ်လေး”လို့ အခြားကားသမားတစ်ဦးကပြောပါတယ်။ ညဘက်ဖြတ်သန်းခွင့်ကန့်သတ်ထားတဲ့ဂိတ်တွေဟာ အထက်မှာဖော်ပြခဲ့တဲ့ မူလာရှီးဒီ၊ လုံရှာယာန်၊ ဖတ်မာ ဂိတ်သုံးဂိတ်အပြင် ပူတာအိုမြို့တွင်း သုတ္တန်ရပ်ကွက်နဲ့ မူလာရှီးဒီရပ်ကွက်ကြားထဲက ခလရ ၃၇ တပ်ဂိတ် စုစုပေါင်းလေးဂိတ်ရှိတယ်လို့သိရပါတယ်။ လမ်းပိုင်းကြန့်ကြာမှုကြောင့် ပူတာအိုမြို့ဒေသမှာ စားသောက်ကုန်နဲ့ လူသုံးကုန်စျေး ဆက်တက်နေဆဲဖြစ်တယ်လို့ ပူတာအိုမြိုအခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ပုံမှန်ဆိုရင်တောင်ကားဂိတ်တွေက တစ်ပတ်ကို သုံးကျော့လောက်ပဲရတယ် အသွားအပြန်နဲ့ဆိုရင်အခုက လမ်းမှာလည်းအိပ်ရတော့ တစ်ပတ်ကိုနှစ်ခေါက်လောက်ပဲရတယ်တဲ့ အဲ့ကြောင့်ပစ္စည်းအဝင်ကအရင်ကထက်းတော့နည်းတယ် အဲ့တာကိုအကြောင်းပြပြီးကုန်စုံဆိုင် တွေကစျေးတင်ပြီးရောင်းတာတွေရှိတယ်”လို့ ကောင်ကထောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဂိတ်တွေ ၅ ခုထက်မနည်းရှိပြီး အဲ့ဒီဂိတ်တွေမှာ အကောက်အခွန်အများအပြားပေးဆောင်ရတာကြောင့် ပူတာအိုဒေသမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့လည်း ပူတာအိုဒေသခံတွေပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် မေလမှာ ဆွမ်ပရာဘွမ်မြို့ကိုသိမ်းလိုက်တဲ့နောက် ပူတာအို–မြစ်ကြီးနားလမ်းကားလမ်းပိုင်းရဲ့၆၀ ရာခိုင်နှုန်းကို KIA နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားပြီး မြို့တွင်းနဲ့ကျန်တဲ့နေရာကို စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြစ်ကြီးနားမြို့ရဲ့အထက်ဘက် မိုင် ၂၁၈ မိုင်အကွာမှာရှိပြီး ပြီးခဲ့တဲ့ ဇူလိုင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပိုင်းဆိုးဆိုးရွားရွားပျက်စီးခဲ့ပေမယ့် ခုနောက်ပိုင်းပြန်လည်ပြုပြင်ပြီး ပုံမှန်တိုင်းသွားလာနေတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
15 Novemberသတင်း
မြစ်ကြီးနားမြို့မှာ ဆီပန့်ဆိုင်တစ်ချို့ စက်သုံးဆီအကန့်သတ်နဲ့သာရောင်းချ
ကချင်ပြည််နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်နေတဲ့အတွက် ဆီပန့်ဆိုင်ကြီးတစ်ချို့ အကန့်သတ်နဲ့သာရောင်းပေးနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ဝန်းကျင် ကံပိုင်တည်မြို့– ဆဒုံးလမ်းပိုင်းရှိ နယ်ခြားစောင့်တပ်ရဲ့ အမှတ် ၁၀၀၃ စင်ကြိုင်စခန်းကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်လာချိန် မြစ်ကြီးနား– ကန်ပိုင်တည်လမ်း စစ်ရေးအခြေနေကြောင့် လမ်းပိုင်းသွားလာခွင့် KIA က ပိတ်ထားတာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့ KIA ပူးပေါင်းတပ် စင်ကြိုင်စခန်းကိုသိမ်းလိုက်ပြီး မြစ်ကြီးနား– ကံပိုင်တည်လမ်းပိုင်း ပုံမှန်သွားလာခွင့်ရပေမယ့် ကံပိုင်တည်မြို့ကိုထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ကံပိုင်တည်ကနေ မြစ်ကြီးနားဘက်ဆင်းမယ့် စက်သုံးဆီကားတွေ ထွက်ခွင့်မပေးပဲ ပိတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး နိုဝင်ဘာလ ၂ ရက်နေ့စ ဆီလက်ကျန်နည်းနေတဲ့ ဆီပန့်ဆိုင်တစ်ချို့အကန့်သတ်နဲ့ရောင်းပေးနေတယ်လို့ ဆီဆိုင်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦး ပြောပါတယ်။ “ဆီစျေးက လောလောဆယ် တစ်လီတာ တစ်သောင်းဝန်းကျင်ရှိတယ် ဝယ်လို့တော့ရတယ်။ ဒါပေမယ့် တချို့ဆိုင်ကြီးတွေက တစ်နေကုန်မဖွင့်ကြတော့ဘူး ဥပမာ ဒီနေ့ ပေပါ ၂၀ ဘဲရောင်းမယ်ဆိုရင် အဲဒါကုန်ရင် ဆိုင်ပိတ်ထားပြီ”လို့ ဆီအရောင်းဆိုင်နဲ့ရင်းနှီးသူတစ်ဦး ပြောပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ကနေ ဆီလက်ကျန်နည်းလို့ အကန့်သတ်နဲ့ရောင်းနေတဲ့ ဆီပန့်ဆိုင်တွေဟာ တိုင်းကျော်၊ ရွှေလှိုင်း၊ ဆဲဗင်းဟွာကျန်း၊ရွှေမြေတို့ဖြစ်တယ်လို့ သိရပြီး တစ်နေ့တာရောင်းချမယ့် ဆီပမာဏကိုကန့်သတ်ထားတာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ ခုလို စက်သုံးဆီဆိုင်ကြီးတွေ အကန့်သတ်နဲ့ရောင်းချလာတဲ့အတွက် လမ်းဘေးပုလင်းချိန်မှာ တစ်လီတာကို ကျပ် ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) အထိ ပေးဝယ်နေရတယ်လို့ ရွှေစက်ရပ်ကွက်နေ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လမ်းဘေးဆိုင်တွေမှာတော့ မနေ့ကမေးတာ တစ်ပုလင်းကို ၁၂၀၀၀ တဲ့ဒါတောင်အပြည့်မပါဘူး ဆီပန့်တွေကလည်းပိတ်တဲ့ဆိုင်ပိတ်တယ်တချို့ဆိုင်လေး နေ့တဝက်လောက်ပဲ ဖွင့်တယ် ဒါတောင် 95 မရဘူး ဆိုင်တိုင်း 92 ကြီးတွေပဲ”လို့ ပြောပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ မြို့တွင်း စက်သုံးဆီစျေး 92 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) လမ်းဘေးပုလင်းချိန် တစ်လီတာ ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) နဲ့ ဒီဇယ် တစ်လီတာ ကျပ် ၉၅၀၀ (ကိုးထောင့်ငါးရာ) အထိရှိပြီး ၂ လအတွင်း စက်သုံးဆီစျေး တစ်ဆ တက်လာတာလို့ မြစ်ကြီးနားမြို့နေပြည်သူတွေက ပြောပါတယ်။ မြစ်ကြီးနားမြို့အပါ ကချင်တစ်ပြည်နယ်လုံးအတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို မန္တလေးဘက်ကနေလည်းတင်သွင်းသလို တရုတ်ပြည်ထဲကနေတစ်ဆင့် တင်သွင်းတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ကိုင်း– ကချင်အစပ် အင်းတော်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မန္တလေး – မြစ်ကြီးနားမိန်းလမ်းမကြီး ပိတ်သွားခဲ့ပြီး ဆီတင်ကားကြီးအဝင်မရှိတော့ပဲ ရပ်တန့်နေတာဖြစ်ပါတယ်။ အလားတူဘဲ တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကံပိုင်တည်ဂိတ်ကို စစ်တပ်ကထိန်းချုပ်ထားပြီး ဆီကားဝင်ခွင့်မပေးသလို လွယ်ဂျယ်ဂိတ်ကိုတော့ တရုတ်ဘက်ကပိတ်လိုက်တဲ့နောက် KIA ကလည်း တန်ပြန်ပိတ်ထားတာဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးစျေးတက်နေသလို တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း အဆမတန်စျေးတက်နေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
14 Novemberသတင်း
မြစ်ကြီးနား-ကန်ပိုက်တည်လမ်းပိုင်း အကန့်အသတ်ဖြင့်ပြန်ဖွင့်
ကချင်ပြည်နယ် မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်တွေရှိနေသေးတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ စစ်ရေးအခြေနေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာလ ၁၉ ရက်နေ့ထိ ပိတ်ထားတဲ့ မြစ်ကြီးနား–ကန်ပိုက်တည်လမ်းပိုင်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပြီလို့ ကံပိုက်တည်ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဘက်က ခရီးသည်သွားလာခွင့်၊ စက်သုံးဆီကားကြီးဖြတ်ခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့ မြစ်ကြီးနား– ကံပိုက်တည် ကားသမားတစ်ဦး KNG ကို ပြောပါတယ်။ “ကန်ပိုက်တည်ကပြန်ဖွင့်ပေမယ့် လူမရပါဘူးကွာ ကားပေါ်မှာ ကားသမားနဲ့စပယ်ယာပဲ လူနှစ်ယောက်ထက်ပိုမပါရဘူး ခရီးသည်ပါရင် ဗလမင်းထင်နဲ့ ဝိုင်းမော်ကနေလှည့်ပြန်ခိုင်းတယ်”လို့ အသက် ၃၀ ကျော်အရွယ် ကားသမားအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား–ဝိုင်းမော်ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်ဆေးမေးမြန်းနေပြီး ကံပိုက်တည်ဘက်တက်တဲ့ခရီးတင်ကားတွေ ခရီးသည်တင်ခွင့်ကန့်သတ်နေတာလို့ သိရပါတယ်။ ဒါ့အပြင် ကံပိုက်တည်မြို့မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကံပိုက်တည်ကနေထွက်ခွာမယ့် ခရီးသည်နဲ့စက်သုံးဆီတင်ကား၊ ကုန်ကားကြီးတွေကိုလည်းတားမြစ်ထားပြီး လူသုံးကုန်ပစ္စည်းတစ်ချို့ကို ကားအသေးနဲ့တင်ခွင့်ပြုနေတယ်လို့လည်း နောက်ထပ်ကားသမားတစ်ဦး ခုလိုဆက်ပြောပါတယ်။ “အခုက ဘယ်လိုကားတွေသွားလဲဆိုတော့ ကားသေးလေးတွေပါ Alphard တို့လိုကားတွေသွားတယ် ဆပ်ပြာမုန့်တို့၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ အချိုရှည်တို့လောက်ပဲတင်ခိုင်းတာ လူသုံးကုန်လောက်ပဲ ဒါတောင်ကားကြီးနဲ့မရဘူး”လို့ ပြောပါတယ်။ မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေးလိုက်တဲ့အတွက် မြစ်ကြီးနားမှာ တရုတ်ဘက်ကဝင်တဲ့ လူသုံးကုန်ပစ္စည်းအနည်းငယ်စျေးပြန်ကျလာတယ်လို့ မြစ်ကြီးနားဒေသခံတွေပြောပါတယ်။ သို့သော် စက်သုံးဆီကန့်သတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်) နဲ့၁၀၀၀၀ (တစ်သောင်း) ကြားမှာရှိနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကထိန်းချုပ်ထားဆဲဖြစ်တဲ့ ကန်ပိုက်တည်ဂိတ် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန့် နယ်ခြားစောင့်တပ်ဖွဲ့အများအပြား တပ်ထိုင်ထားတယ်လို့ သိရပါတယ်။ မြန်မာ–တရုတ်နယ်နိမိတ်ချင်းဆက်မှာရှိနေတဲ့ ကချင်အထူးဒေသ (၁) ရဲ့မြို့တော်ပန်ဝါမြို့ကို KIAနဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ရုတ်တရက်ပိတ်လိုက်ပေမယ့် ကန်ပိုက်တည်ဂိတ်တစ်ခုသာ ဖွင့်ပေးထားတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
5 Novemberသတင်း
မြစ်ကြီးနားမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိမြင့်တက်
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးမြင့်တက်လာတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့ ပန်ဝါမြို့ကိုသိမ်းလိုက်တဲ့နောက် တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် ဂိတ်အားလုံးပိတ်လိုက်တာကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး လက်ကျန်ရောင်းချနေတဲ့ ဆီပန့်ဆိုင်ကြီးတွေမှာ 92 တစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်)၊ 95 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးတက်နေတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆိုင်ကြီးတွေမှာထည့်ရင်တော့ တစ်လီတာ ၁၀၀၀၀ (တစ်သောင်း) ရှိတယ် အပြင် ပုလင်းချိန်ဆိုင်တွေမှာထည့်ရင်တော့ ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ရှိတယ် ဆီက အတက်ပဲရှိတာပါ လမ်းမှပြန်မဖွင့်သေးတာ”လို့ သူကပြောပါတယ်။ ကံပိုက်တည်နယ်စပ်ဂိတ်မပိတ်ခင် မြစ်ကြီးနားနာ 92တစ်လီတာ ကျပ် ၆၀၀၀ (ခြောက်ထောင်) ၊95 တစ်လီတာ ကျပ် ၆၅၀၀ ရှိရာကနေ ၂ ပတ်အတွင်း စျေးတစ်ဆမြင့်တက်သွားတာဖြစ်ပါတယ်။ လတ်တလော မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်နေတာကြောင့် မြို့ပြင်ဆီပန့်ဆိုင်တစ်ချို့စပိတ်လာသလို အချိန်ပိုင်းနဲ့ဖွင့်တဲ့ဆိုင်တွေလည်းများလာနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “မြို့ထဲမှာတော့မပိတ်ဘူးအားလုံးပုံမှန်ဖွင့်နေတာတွေ့တယ် နည်းနည်းမြို့ပြင်ကျတဲ့ရွှေစက်တို့လိုနေရာတွေမှာတော့ တဆိုင်တလေပိတ်ထားတယ် တွေ့ရသလောက် နှစ်ဆိုင်သုံးဆိုင်လောက်ရှိတယ်ပိတ်ထားတာ”လို့ ရွှေစက်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကံပိုင်တည်မှာ စစ်တပ်ဘက်က အရပ်သားပြည်သူတစ်ချို့လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာတွေလည်း ရှိနေတဲ့အပြင် မြို့ပတ်ပတ်လည် စစ်ရေးလှုပ်ရှားတာတွေတော့ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ အခုလို ကံပိုက်တည်လမ်းပိတ်နေတဲ့အတွက် စက်သုံးဆီနဲ့အလားတူ တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း စျေးဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာ– တရုတ်နယ်စပ်ဂိတ် ပန်ဝါ၊ဖိီမော်၊ကမ်းဖန့်၊လွယ်ဂျယ်၊လိုင်ဇာ၊ ကံပိုင်တည်ဂိတ်ရှိတဲ့ထဲ ကံပိုင်တည်နယ်စပ်ဂိတ်တစ်ခုသာလျှင် စစ်ကောင်စီကထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ကံပိုင်တည်–ဆဒုံး– ဝိုင်းမော်လမ်းပိုင်းကိုတော့ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By- Zaw Zaw
Read More » -
Oct- 2024 -29 Octoberသတင်း
မြစ်ကြီးနားမှာ Wifi တပ်ဆင်ထားတဲ့ဆိုင်ရှင်တစ်ချို့ ဖမ်းဆီးခံရတာရှိနေ
ကချင်ပြည်နယ်မှာ မြစ်ကြီးနားမှာ WIFI အင်တာနက်ဆိုင်တွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံစစ်ဆေးဖမ်းဆီးနေပြီး ဆိုင်ရှင်တစ်ချို့ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၂၇ မနေ့ မနက်ပိုင်း စစ်ကောင်စီဘက်က Wifi အင်တာနက်ဆိုင်တွေကို လိုက်လံဖမ်းဆီးနေပြီး မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ အင်တာနက်ဆိုင်၂ ခု ဝင်စီးခံရကာ ဆိုင်ရှင်တွေကို ဖမ်းဆီးသွားကြောင်း မြို့ခံတွေဆိုပါတယ်။ “မနေ့က စီတာပူရပ်ကွက်က ဆိုင်တွေကို ဝင်ရောက်စစ်ဆေးတဲ့အချိန် တခါတည်း WIFI စက်ပစ္စည်း တွေအားလုံးကိုသိမ်းပြီး ဆိုင်ရှင်ကိုလည်း တစ်ခါတည်းဖမ်းဆီးသွားတယ်။ ဆိုင်မှာသုံးနေတဲ့သူတွေကတော့ မပါဘူးလို့ပြောတယ်။ ဆိုင်ရှင်ကိုပဲဖမ်းသွားတယ်။ တပ်ကုန်းဘက်မှာတော့ ထွေအုပ်နဲ့တချို့လူတွေလည်းပါတဲ့အဖွဲ့ကို ဒဏ်ငွေတောင်းပြီး ပြန်လွတ်တာတွေလည်းရှိတယ်တဲ့”လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ စစ်ကောင်စီဘက်က အခုရက်ပိုင်း နေ့တိုင်းလိုလို မြစ်ကြီးနားမြို့တွင်း အင်တာနက်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး Star link တပ်ဆင်ထားတဲ့အင်တာနက်ဆိုင်တွေကို အဓိကဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ဘက်က WIFI အင်တာနက်ဆိုင်ဖွင့်တဲ့သူတချို့ကို ဖမ်းဆီးပြီး ဒဏ်ငွေနဲ့ပြန်လွတ်ပေးတာတွေရှိပေမဲ့ တချို့ကိုတော့ တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ ဆက်လက်သိရပါတယ်။ “သူတို့ဝင်ရောက်ပြီး စစ်ဆေးရာမှာတော့ ဘာ WIFIအင်တာနက်သုံးတာလဲဆိုတာ တွေပေါ့။ IP Star တို့၊ K-net တို့ ဆိုရင်တော့ ဘာမှမပြောဘူး။ IP Star က တစ်လ သိန်း ၅၀ လောက်ထည့်ရတယ်လေ။ K- net က တစ်လ ၁၀ သိန်းလောက်ဆောင်ရတယ်။ အဓိက သူတို့ဝင်စစ်ဆေးချိန်ကိုယ်သုံးနေတဲ့ WIFI စက်ပစ္စည်းပြရတယ်။ အဓိကတော့ ဘယ်ဟာကမှတရားဝင်မဟုတ်တာကြောင့် သူတို့ကတော့ ဖမ်းချင်ဖမ်းတယ်။ ဒဏ်ငွေရိုက်တာတွေလုပ်ချင်လုပ်မှာပေါ့”လို့ မြစ်ကြီးနားဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ မြစ်ကြီးနားမြို့တွင်း စစ်တပ်ဘက်က WIFI အင်တာနက်ဆိုင်တွေကို ခပ်စိတ်စိတ်လိုက်လံစစ်ဆေး ဖမ်းဆီးလာတာတွေကြောင့် မြို့တွင်း အင်တာနက်ဆိုင်တချို့ ပိတ်လိုက်တာတွေလည်းရှိတယ်လို့ ဆက်လက်သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ လဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တချို့တွေမှာ အင်တာနက်ဆိုင်တွေကို ရံဖန်ရံခါ ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေလုပ်လာပြီး ဒီရက်ပိုင်းမှာတော့ဆက်တိုက်ဖမ်းဆီးလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့လောက်ကစပြီး ကချင်တပြည်နယ်လုံးအတိုင်းအတာ ဖုန်းနဲ့အင်တာလိုင်းတွေပိတ်ခံလိုက်ရပြီးနောက် မြစ်ကြီးနားမြို့မှာတော့ ရပ်ကွက်တချို့ကစပြီး အင်တာနက်သုံး ၁ နာရီ ၂၅၀၀၀ ( ၂ သောင်းခွဲ)နဲ့ အင်တာနက်ဆိုင်အနည်းအကျဉ်းရှိလာရာမှ လက်ရှိမှာတော့ တစ်နာရီ ၅၀၀၀လောက်နဲ့ ရပ်ကွက်တိုင်းနီးပါး ဆိုင်တော်တော်များများရှိလာချိန် ခုလိုဖမ်းဆီးမှုစတင်လာတာဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်မှု အဆိုးဆုံးခံနေရတဲ့ တရုတ်ပြီးရင် မြန်မာနိုင်ငံဟာ ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၂ နှစ် ဆက်တိုက် ကျဆင်းနေတဲ့အကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးကဖော်ပြထားတဲ့အပြင် Freedom…
Read More » -
22 Octoberသတင်း
မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ
မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ ၅ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့် မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ တစ်ရက်ကျော် နာရီပေါင်း ၃၀ ဝန်းကျင်မောင်းနှင်ရပေမယ့် လက်ရှိ စစ်ရေးအခြေနေကြောင့် လမ်းခရီးကြန့်ကြာနေတာဖြစ်တယ်လို့ မန္တလေးကနေ မြစ်ကြီးနားပြန်လာတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်တော်တို့တက်လာတုန်းကတော့လမ်းမှာ သုံးညအိပ်ခဲ့ရတယ် လေးရက်ကြာတာပေါ့။ အရင်ဆိုရင်တစ်ညအိပ်နောက်မနက်ဆိုရောက်ပြီအခုက အိပ်တာကလည်းကြုံတဲ့နေရာအိမ်ရတာ။ မြို့တွေရွာတွေထဲအိပ်ရတာမဟုတ်ဘူးဗျ တောတောင်တွေထဲအိပ်ရတာအဆင်မပြေဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဇူလိုင်လကစပြီး စစ်ကိုင်းတိုင်းထဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာတိုက်ပွဲအခြေအနေအရ အိပ်ရတာဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ခရီးသည်တင်ကားမောင်းနှင်နေတဲ့ကားသမားတစ်ဦးကပြောပါတယ်။ “ညအိပ်ရတာကဒီစစ်ကိုင်းတိုင်းထဲမှာပဲညအိပ်ရတာ ဘယ်နေရာမှာညအိပ်ရမယ်လို့သတ်မှတ်မထားဘူး အဖွဲ့အစည်း(KIA၊KPDFနှင့်စစ်ကောင်စီတပ်) တွေကလမ်းပိတ်ထားတဲ့နေရာအိပ်ရတာပဲ။ သူတို့သွားခိုင်းမှသွားရတာသူတို့ကလည်းစစ်ရေးအရပိတ်ချင်တဲ့နေရာမှာပိတ်လိုက်တာပဲ”လို့အသက် ၃၀ ကျော်အရွယ်ကားသမားတစ်ဦးကပြောပါတယ်။ KIA၊KPDF တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မြစ်ကြီးနား–မန္တလေးလမ်းပိုင်းကို တိုက်ပွဲဖြစ်ပွားတဲ့အနေအခြေအပေါ်မူတည်ပြီး တစ်ချို့နေရာတွေမှာ နာရီပိုင်းနဲ့ပိတ်ထားတာမျိုးရှိသလို တချို့နေရာတွေကို တစ်ရက်(သို့မဟုတ်)တစ်ညအထိကြာပိတ်ထားတာမျိုးရှိတယ်လို့သိရပါတယ်။ အခုလိုမြစ်ကြီးနားမန္တလေးလမ်းပိုင်းမှာအရင်ကထက် သုံးရက်ခန့်ကြာအောင်သွားနေရတာကြောင့်အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “လမ်းမှာကြာမယ်တော့သိထားတယ်။ဒါပေမယ့် နှစ်ည သုံးညကြာမယ်လို့တော့မထင်ထားဘူးလေ လေယာဥ်ခများလို့ကားနဲ့သွားရတာ ဒါပေမယ့်ကုန်ကျစရိတ်တွေကလမ်းမှာစားရတာနဲ့ဆိုအတူတူလောက်ပဲကုန်မှာဗျ တောထဲမှာ ခြင်ကိုက် ဖြုတ်ကိုက်နဲ့ပိုတောင်ဒုက္ခရောက်သေးတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနား –မန္တလေးလမ်းပိုင်း မော်တော်ယာဥ်စီးခဟာ လူတစ်ဦးကို ကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကနေ ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) အထိရှိတယ်လို့ မြစ်ကြီးနားမြို့ High Class ကားဂိတ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အံစာတုံးလိုမျိုးကားသေးလေးတွေကတော့ တစ်သိန်းခွဲပါ နောက်ပြီးကျ မှန်ကားအကြီးတော့မဟုတ်ဘူးမှန်လုံကားအလတ်ပေါ့အဲ့တာကျတော့ နှစ်သိန်းဗျတစ်ယောက်ကိုလမ်းမှာ သုံးလေးရက်တော့ကြာနိုင်တယ်ဗျအာမခံလို့မရဘူးအခြေအနေပေါ်မူတည်တယ်”လို့ သူကပြောပါတယ်။ ခရီးသည်တင်ကားတွေနဲ့အလားတူ ကုန်တင်ကားတွေလည်းမန္တလေး– မြစ်ကြီးနားလမ်းပိုင်းမှာ အနည်းဆုံး ၈ရက်ကနေ ၁၃ရက်လောက်အထိကြန့်ကြာနေတာကြောင့် လက်ရှိကချင်ပြည်နယ်ထဲမှာ မန္တလေးဘက်က ကုန်စည်အဝင်နှေးတာကြောင့် ကုန်ပစ္စည်းအချို့ရှားပါးတာ၊ ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေဖြစ်နေတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်ထဲမှာတိုက်ပွဲတွေကြောင့်မန္တလေး–မြစ်ကြီးနားကုန်သွယ်ရေးလမ်းမကြီးကို အင်းတော်မြို့နယ်ထဲမှာသြဂုတ်လကတည်းကပိတ်ထားလိုက်တာဖြစ်ပြီး အင်းတော်မြို့နယ်ကိုပတ်တဲ့ဖြတ်လမ်းနဲ့ခက်ခက်ခဲခဲ သွားလာနေကြရကြောင်းကားသမားတွေဆီကနေသိရပါတယ်။ By – Zaw Zaw
Read More » -
21 Octoberသတင်း
ဆေးဝါးသယ်ယူဖို့ ခွင့်ပြုချက်ပါပေမဲ့ နှစ်ဖက်တပ်ဆီအခွန်ဆောင်နေရဆဲ
မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆေးဝါသယ်ယူဖို့ ခွင့်ပြုချက်ထောက်ခံစာပါပေမဲ့ နှစ်ဖက်လက်နက်ကိုင်တပ်တွေကို အခွန်ပေးဆောင်နေရဆဲဖြစ်တယ်လို့ မြစ်ကြီးနား–မန္တလေး ကားသမား တွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမကြီးက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် မြို့ရှောင်လမ်းကနေ ကားအသေးနဲ့ပဲ ပြေးဆွဲနေရတဲ့ ဒီလမ်းပိုင်းမှာ နှစ်ဖက်လက်နက်ကိုင်ဂိတ် ၁၀ ခုထက်မနည်းရှိပြီး ဆေးဝါးသယ်ယူခွင့် ထောက်ခံစာပါပေမဲ့ ပေးဆောင်ရတဲ့အခွန်ကများနေဆဲဖြစ်တယ်လို့ ကားသမားတစ်ယောက်က ပြောပါတယ်။ “အဆိုးဆုံးကတော့လူသုံးဆေးဝါးတွေပေါ့ဗျာ။ ကျနော်တို့မှာ လိုင်စင်တွေအကုန်ပါတယ်။ လိုင်စင်ဆိုတာ က မြစ်ကြီးနားမှာဖွင့်ထားတဲ့ ဆိုင်လိုင်စင်ရှိမယ်။ မန္တလေးကနေတင်ပေးပါတယ်ဆိုတဲ့ ထောက်ခံစာရှိမယ်။ ကချင်ပြည်နယ်က ခွင့်ပြုပါတယ်ဆိုတာလည်းပါတယ်။ အဲ့တာကို နှစ်ဖက်လုံးက မရဘူးလို့ပြောတာ”လို့ပြောပါတယ်။ အခွန်ဆောင်ရတဲ့ငွေကြေးပမာဏဟာ ပုံမှန်မရှိပေမဲ့ ကျပ် ၂ သိန်းကနေ ၃ သိန်းဝန်းကျင်အထိ ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ တစ်ဖက်မှာ ဆေးဝါးအပြင် ကားအပိုပစ္စည်းသယ်ယူရင်လည်း အခွန်ဆောင်နေရပြီး အခုလို နှစ်ဖက် လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတာများပြားတဲ့အတွက် ဆေးဝါးဈေးနှုန်းတွေက ပိုပြီးမြှင့်တက်လာ တာလို့ ကားသမားတွေကသုံးသပ်ကြပါတယ်။ “နှစ်ဖက်တပ်လုံးကဒီလိုလုပ်တော့ မြစ်ကြီးနားမှာဆေးဝါးတွေကဈေးတက်ကုန်တာ။ နောက်ထပ်ဆေးဝါး အပြင် ကန့်သတ်ချက်များတာက ကားအပိုပစ္စည်းတစ်ချို့ပေါ့။ ကားအပိုပစ္စည်းကတော့ ဘာလို့လည်းမသိ ဘူး သေချာလည်းနားမလည်ဘူး။”လို့ကသမားတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အရေးကြီးကုန်စည်လို့သတ်မှတ်ထားတဲ့ ဆေးဝါးတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီးတော့ ပို့ကုန်ရငွေပြနိုင်မှ တင်သွင်းခွင့်ပြုမယ်လို့ မူဝါဒချမှတ်ခဲ့ပါတယ်။ အဲ့ဒီလို အခြေနေတွေကြောင့် ဆေးဝါးပိုရှားပါးတာ၊ ဈေးမြှင့်တက်တာတွေဖြစ်လာနိုင်တယ်လို့ ဆေးဝါးလုပ်ငန်းရှင်တွေကသုံးသပ်ခဲ့ကြပြီး ပြည်တွင်းဆေးဝါးသယ်ယူရာမှာလည်း အခုလို နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံမှုတွေကြောင့် ဆေးဝါးဈေးနှုန်းပိုမိုမြှင့်တက် လာတာလို့ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းပိုင်းနေရာတစ်ချို့ဖြတ်သန်းသွားလာလို့ မရတဲ့ အခြေနေရှိနေတာဖြစ်ပါတယ်။ လက်ရှိတော့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီးတော့ အန်စာတုံးလို့ခေါ်တဲ့ ကားအသေးတွေ နဲ့ ခရီးသည်တစ်ချို့၊ကုန်ပစ္စည်းတစ်ချို့ကို သယ်ယူပြေးဆွဲနေတာ ပြီးခဲ့တဲ့စက်တင်ဘာလ ပထမအပတ်ကတည်းကဖြစ်ပါတယ်။ By – အမိုး
Read More » -
14 Octoberသတင်း
မြစ်ကြီးနား- မန္တလေးလမ်းပိုင်းပိတ်ထားတာ ၂ လဝန်းကျင်ကြာမြင့်လာပြီး ကုန်စျေးနှုန်းဆက်မြင့်တက်
မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်း စစ်ရေးအခြေနေကြောင့်ပိတ်ထားတာ ၂ လဝန်းကျင်ကြာမြင့်လာတဲ့အတွက် မြစ်ကြီးနားမြို့မှာ ကုန်စျေးနှုန်းဆက်မြင့်တက်နေဆဲပဲလို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ အင်းတော်မြို့နယ်အတွင်း ဩဂုတ်လ ၁၄ ရက်ကနေ KIA၊ PDF ပူးပေါင်းတပ်နဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကိုင်း–ကချင်အစပ် အင်းတော်မြို့နယ်ကားလမ်းပိုင်းပိတ်ထားရာကနေ…
Read More » -
3 Octoberသတင်း
မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေရဲ့အခွန်ကောက်ဂိတ်များလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကိုသွားတဲ့ လမ်းပိုင်းမှာနှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်တွေများလာတယ်လို့ ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ကာကွယ်ရေးတပ်တွေရဲ့ဂိတ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်ကပိုများတယ်လို့ ကားသမား တွေကပြောပါတယ်။ “ဂိတ်တွေကတော်တော်များတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ဂိတ်တွေရှိသလို သူတို့ဘာသာ ကောက်တဲ့ဂိတ်တွေလည်း အနည်းအကျဥ်းရှိတယ်။ ဂိတ်တွေကကောက်တာက လမ်းကြေးတင်ကို ၅ထောင် ၁သောင်း ကောက်တာပေါ့။ ဂိတ်ကြေးကမများပေမဲ့ ဂိတ်တွေက အများကြီးပေါ့လေ။ အဲ့တော့ အသွား တစ်ကြောင်းပဲကို ၂ သိန်းကျော်လောက်ကျတာပေါ့”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ဂိတ်တွေဖြစ်တဲ့ မန္တလေးမြို့အထွက် စစ်ကိုင်းတံတားဂိတ်မှာဆိုရင် အန်စာတုံးကား အသေးတစ်စီးကို ၂ သိန်းကျော်အထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဂိတ်တွေကတော့ ကားအသေးတစ်စီးကို ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် ကောက်ခံပြီး တင်ဆောင်လာတဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ အခွန်ထပ်ကောက်ခံတာလို့ သိရပါတယ်။ “ အခုလမ်းတွေကဂိတ်တွေကနေတောင်းလာကြတယ်။ KIA PDF ပဲဖြစ်ဖြစ် စစ်တပ်ဘက်ကပဲ ဖြစ်ဖြစ် ပေါ့။ အခွန်ရယ်လို့တစ်စီးကိုဘယ်လောက်သတ်မှတ်တာတော့မရှိသေးဘူး။ တင်လာတဲ့ပစ္စည်းပေါ် မူတည်ပြီး မင်းတို့ဘာတွေတင်လာတာလဲ အဲ့လိုမျိုးပေါ်မူတည်ပြီးပေးရတာ” လို့ပြောပါတယ်။ အခုလိုအခွန်ဂိတ်တွေများပြားလာတာ အခွန်ကောက်ခံတဲ့ငွေကြေးများပြားလာတာတွေကြောင့် မြစ်ကြီးနား မြို့ဒေသခံတွေပိုမိုခက်ခဲကြရပြီး လမ်းပိတ်ထားတဲ့ကာလမှာအခွန်ကောက်ခံတဲ့ဂိတ်များလာတာဟာ တက်လာတဲ့ကုန်ဈေးနှုန်းကိုမလျှော့ချနိုင်တော့ပဲ ဒေသခံတွေသာနစ်နာရတယ်လို့ ကားသမားတွေကပြောပါ တယ်။ “တကယ့်တကယ်ထိခိုက်တာကဒေသခံတွေပဲ သူတို့က လမ်းကြေး ၅၀၀၀ ဆိုရင် အဲ့အတွက် ကုန်သည်တွေ က အမြတ်ထပ်တင်၊ ကားသမားတွေကပါ ထပ်တင် ကြားထဲကနေပြည်သူတွေပဲ ကုန်ဈေးနှုန်း ဒဏ်ခံရတာ ပေါ့။ ကုန်ဈေးနှုန်းကမတက်ရင်လည်း သယ်ယူ စားရိတ်ကြောင့် ကုန်ဈေးနှုန်းတွေကတက်ကုန် ကြတာ” လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ လက်ရှိတော့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီးတော့ အန်စာတုံးလို့ခေါ်တဲ့ ကားအသေး တွေ နဲ့ ခရီးသည်တစ်ချို့၊ကုန်ပစ္စည်းတစ်ချို့ကို သယ်ယူပြေးဆွဲနေတာ ပြီးခဲ့တဲ့စက်တင်ဘာလ ပထမအပတ် ကတည်းကဖြစ်ပါတယ်။ By – အမိုး
Read More » -
1 Octoberသတင်း
ဖားကန့်- မြစ်ကြီးနားကားခတစ်ဆမြင့်တက်
ကချင်ပြည််နယ် ဖားကန့် – မြစ်ကြီးနားလမ်း ကားခတစ်ဆမြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ကျေးရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲစပြင်းထန်လာတဲ့အတွက် ဖားကန်မြို့ပေါ်နဲ့ အနီးဝန်းကျင်နေထိုင်တဲဲ့ပြည်သူတွေ မြစ်ကြီးနားဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် ကားခစျေးမြင့်တက်လာတာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်း ကနေ ဒီကနေ့အထိပဲအုံလိုက်ကျင်းလိုက်ကိုပြောင်းလာနေကြတာ ခရီးသည်ကများ ကားသမားတွေလည်းတိုက်ပွဲတွေကြားသွားလာရတာဆိုတော့ ကားသမားတိုင်းမသွားနိုင်ဘူးလေး အဲ့ကြောင့်ကားခပိုတောင်းရတာပေါ့ အခုလောလောဆယ် နှစ်သိန်းခွဲအထိရှိတယ်ဗျအမြင့်ဆုံးစျေး”လို့ အမည်မဖော်လိုတဲ့ကားသမားတစ်ဦးကပြောပါတယ်။ မြစ်ကြီးနား–ဖားကန့်ကြားမှာ ပုံမှန်အားဖြင့် ခရီးသည်တစ်ဦးကို ကားနောက်ခန်း ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း) ၊ ကားအရှေ့ခန်း ကျပ် ၁၅၀၀၀၀ ( တစ်သိန်း ငါးသောင်း)သာရှိပေမယ့် လက်ရှိ ခရီးသည်တစ်ဦးကို ကားအနောက်ခန်း ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) ကားအရှေ့ခေါင်းခန်းဆိုလျှင် ကျပ် ၂၅၀၀၀၀ ( နှစ်သိန်းငါးသောင်း) အထိရှိတယ်လို့ သိရပါတယ်။ ဖားကန့်ဘက်က မြစ်ကြီးနားဘက်ကို စစ်ရှောင်လာတဲ့ပြည်သူတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ဝင်ရောက်နေတာကြောင့် မြစ်ကြီးနားမြို့ပေါ် ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာလည်း လူပြည့်လျှံနေပြီလို့ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောပါတယ်။ “ဘယ်ဟိုတယ် ဘယ်တည်းခိုခန်းမှမလွတ်ဘူး ရှိသမျှဟိုတယ်တွေတည်း ခိုခန်းတွေအကုန်ဖားကန့်ဘက်က စစ်ရှောင်လာတဲ့လူနဲ့ပဲပြည့်နေတာ လူသိတဲ့တဲ့ဂျောင်ကျတဲ့တည်းခန်းတွေလောက်ပဲရှိတော့တယ်။ မြို့ထဲတော့အပြည့်ပဲ ဟိုတယ်ခ တည်းခိုခန်းခတွေတော့ စျေးမတက်ဘူးပုံမှန်ပဲ”လို့ ပြောပါတယ်။ လက်ရှိမြစ်ကြီးနားဘက်ကိုတိမ်း ရှောင်လာကြသူတွေဟာဖားကန့်မြို့ပေါ်ကပြည်သူတွေနဲ့ လုံးခင်း၊ဆိုင်းတောင်ဘက်၊ မရှီကထောင် စစ်ရှောင်တွေများတယ်လို့သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ်ကိုရောက်လာတဲ့ ဖားကန့်စစ်ဘေးရှောင်တွေထဲကအချို့ဟာ မြစ်ကြီးနားကနေတဆင့် မန္တလေး ၊ရန်ကုန်ဘက်ကိုထွက်ခွာသွားတဲ့များတာကြောင့်လက်ရှိ မြစ်ကြီးနား–မန္တလေး– လေယာဥ်လက်မှတ်တွေဝယ်ယူရခက်နေပြီး လက်မှတ်တစ်စောင်ကို ကျပ် ၁၀ သိန်းအထိပေါက်စျေးရှိတယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ စခန်းသိမ်းတိုက်ပွဲတွေ ဒီနှစ်ဆန်းပိုင်းကတည်းက ခပ်စိပ်စိပ်ဖြစ်လာနေပြီး လက်ရှိ ဆိုင်းတောင်၊ နန့်ယား၊တာမခံ၊ ဆယ်ဇင်း၊လမောင်ဗျူဟာကုန်း၊နန့်တိန်အပါအဝင် ရှေ့တန်းစခန်း ၉ ခုထက်မနည်းကို KIA၊KPDF ပူးပေါင်းတပ်တွေသိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဖားကန့်မြို့ဟာ ကမ္ဘာ့ကျောက်စိမ်းထွက်ရှိရာဒေသဖြစ်ပြီး ခေတ်အဆက်ဆက် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူများတဲ့အတွက် လူဦးရေထူထပ်တဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More »