မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံးမီးလောင်ပျက်စီး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ Myanmar Fire Services Department ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မေလ ၁ ရက် ဒီမနက် ၄း ၅၅ မိနစ်မှာ လယ်ကုန်းရပ်ကွက် နယ်မြေ ( ၁၁ )ကျားနှစ်ကောင်အနီးရှိ နေအိမ်တစ်လုံးမီးလောင်ကျွမ်းသွားတာလို့ သိရပါတယ်။
“အိမ်ကတော့ တစ်ထပ်ဗျ အပေါ်မှာကထပ်ခိုးနဲ့ ကျွန်တော်တို့ ရောက်ပြီး ၁၀ မိနစ်လောက်ဆို ငြိမ်းပြီဗျ။ အိမ်ကတော့ တော်တော်လေး ပြာကျသွားပြီ“လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကိုတော့ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကယ်ဆယ်ရေး အသင်းတွေကနေ စုပေါင်းပြီး နာရီဝက်အကြာမှာတော့ ငြိမ်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိချိန်ထိ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
KNG ရဲ့ စုံစမ်းသိရှိချက်အရ ပြီးခဲ့တဲ့ နှစ် ၂၀၂၄ ခုနှစ်မှာလည်း မီးလောင်ကျွမ်းမှု လေးကြိမ်ထိ ဖြစ်ပွားခဲ့ပြီး နေအိမ်တွေ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ နှစ် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ မီးလောင်မှုပေါင်း ၁၁၅၀ ဖြစ်ပွားခဲ့ပြီး လူ ၉၉ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာရရှိခဲ့သလို ကျပ်သန်း ၉၄၀၀ ကျော် ထိဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ခြင်ဆေးခွေမီး၊ အမွှေးတိုင်မီး၊ ဖယောင်းတိုင်မီး၊ ဆေးလိပ်မီးတို့မှ စတင်လောင်ကျွမ်းခြင်း၊ ဆီတိုင်ကီကို ဂဟေဆော်ခြင်း၊ အပူချိန်မြင့်မားနေချိန်တွင် စက်သုံးဆီပုံးများ လဲလှယ်ဖြည့်သွင်းခြင်း၊ ဖုန်းပါဝါဘန့် အားသွင်းခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ အပူလွန်ကဲခြင်းတို့မှ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။
By – Hope